စကားစမြည်ဆိုချင်သည်

နိုင်လင်းထွန်း (ဆေး/မန်း)

ကျွန်တော်သည် လူငယ်တို့နှင့် စကားစမြည် ဆိုလေ့ရှိပါသည်။ စကားစမြည်ဟူသော ဆုံးမစကား၊ အမိန့်ပေးစကား၊ တောင်းပန်စကား မဟုတ်။ ရင်းနှီးစွာ ပြောဆိုသောစကားဖြစ်ပါသည်။ ဤဆောင်းပါးတွင် လူငယ်တို့နှင့် စကားစမြည်ပြောဆိုပုံကို တွေ့ရပါလိမ့်မည်။

(၁)လက်ဖက်သုပ်

ကျွန်တော်က လက်ဖက် သိပ်ကြိုက်သည်။ မြန်မာမှန်ရင် လက်ဖက်ကြိုက်ကြတာချည်းပါပဲ။

“လက်ဖက်ရှားလို့ ရေနွေးကြမ်းခတ်သောက်ပြီး ကျန်တဲ့ လက်ဖက်ခြောက်ဖက် အပျော့တွေ သုပ်စားခဲ့ကြရတာပါတော်”

အဒေါ်တို့ကပြောတော့ အံသ◌ြလို့မဆုံးတော့ပါ။ ကျွန်တော်က လက်ဖက်ကို အရသာ သာမက အနံ့ကိုပါ ကြိုက်ပါသည်။ လက်ဖက်ဆိုင်နားရောက်ရင်ကို ရနံ့နှစ်သက်လွန်းလို့ လေကို အားရပါးရ ရှိုက်ကာ ရှိုက်ကာ ရှူနေတတ်ပါသည်။ လက်ဖက်သုပ် ဆိုရင်တော့ ဘယ်လို သုပ်သုပ် ကြိုက်တာပါပဲ။ နတ်တင်တဲ့ လက်ဖက်လည်း ကြိုက်ပါသည်။ လက်ဖက်ရွက်နုကို ဆီအိနေအောင်ဆမ်း၊ ဆားလေးပုံထားလည်း စားလို့ကောင်းတာပါပဲ။ ငယ်ငယ်တုန်းက အမေက နတ်ကို လက်ဖက်တင်သည်။ ရှင်ကြီးတင်တာဟု သုံးပါသည်။

“ငါ့သား လက်ဖက်တင်ထားတာ ကောက်လိုက်ဦး။”ဆို ကျွန်တော်က အပေါ်ထပ် ပြေးတက်သွား၍ နတ်စင်ရှေ့သွားကာ…

“အကျအနများ ကောက်ပါတယ်ဘုရား။”ဟု ရွတ်၍ ကောက်ပါသည်။ ပြီးတော့ လက်ဖက်ကို တစ်ပန်းကန်လုံးရဲ့ တစ်ဝက်နီးနီးကို ယူစားပစ်လိုက်တာပါပဲ။ ကျွန်တော် သိပ်ကြိုက်တာ။ ထိုလက်ဖက်မျိုးကိုပဲ အမေက ကြက်သွန်(ဖြူ)ကြော်ထည့်ကာ တမြုံမြုံ အရသာခံ၍ စားတတ်ပါသည်။ သွားမပါတဲ့ ဘကြီးကလည်း သွားဖုံးနှင့် တမြုံ့မြုံ့စားပါသည်။

“ကြက်သွန်ကြော်က ရွှေထက်ရှားသေး။” ဟု အမေက ပြောပါသည်။ ဟုတ်ပလိမ့်မည်။ ကျွန်တော်တို့ ငယ်စဥ်က (တော်တော်ငယ်ပါသေးသည်။) အိမ်မှာ ရွှေထည်ပစ္စည်းတွေ တော်တော်များများ အားရစရာ ကောင်းအောင် မြင်ခဲ့ဖူးသည်။ ကြက်သွန်ကြော်ကိုကား သိပ်မတွေ့ခဲ့ရပါ။

လက်ဖက်ကို ချင်း၊ စောင်းလျားသီးနှင့် ရောနှပ်ထားသော လက်ဖက်တစ်မျိုးကို အမေက “အညာလက်ဖက်”ဟု ခေါ်ပါသည်။ အများကတော့ “ချင်းလက်ဖက်”တဲ့။ ထိုလက်ဖက်ကိုပဲ အကြော်ဆန်၊ နှမ်းလှော်။ မြေပဲဆန်ကြော်၊ အုန်းသီးဆန်ကြော်တို့ထည့်ပြီး ဆီတရွဲရွဲနှင့် သုပ်လိုက်တော့ (အရမ်း…အရမ်းကို ကောင်းတာပါပဲ။) ဖြစ်၍ သွားတော့သည်။ မြေပဲဆန်က အဆန်အောင်အောင် နီညိုရောင် ပြည့်ပြည့်တင်းတင်း လက်တစ်ဆစ်စာ နီးနီးကြီးတာ ဗျ။ အုန်းသီးဆန်ကိုလည်း ပါးပါးလှီး ကြော်ထားပြီးထည့်တော့ မွှေးသေး၊ ချိုသေး၊ စားလို့ ဝါးလို့ ကောင်းသေးပေါ့ဗျာ။

အိမ်မှာ သစ်ပင်ခုတ်၊ အိမ်သာကျင်းတူး၊ ဝင်းထရံကာတော့ အလုပ်သမားတွေ ဆင်းကြသည်။ ထိုအလုပ်သမားတွေကို အမေတို့က လက်ဖက်သုပ်၊ ရေနွေးကြမ်းနှင့် ဧည့်ခံကြသည်။ ကျွန်တော့်လက်ချက်ပဲ မိတာပါဗျာ။ တစ်အုပ်လုံး (ကြွေရည်စိမ် သံအုပ်) ကျွန်တော့်လက်ချက်နဲ့ ပြောင်တာပါပဲ။ အလုပ်သမားတွေကတော့ ပြုံး၍သာ နေခဲ့ကြပါသည်။

ချင်းလက်ဖက်ထဲကို ငှက်ပျောဖူး ထည့်နှပ်သော လက်ဖက်မျိုးကို ဘုရားပွဲရှိမှ စားရပါသည်။ ဘုရားကို ဆွမ်းတော်ကြီးကပ်သွားလျှင် လက်ဆောင်ပြန်ရတာမျိုးပါ။ ငှက်ပျောဖူးလေးတွေက နီရဲရဲ၊ အရသာက ထူးထူးခြားခြား၊ ဘုရားပွဲမရှိလျှင် ထိုလက်ဖက်မျိုး မစားရပါ။ ကျွန်တော်ြဖင့် ထိုလက်ဖက်မျိုးကို မစားရတာကို အနှစ်သုံးဆယ်လောက် ရှိပါပြီ။

၁၉၇၈ ခုနှစ်၊ ကျွန်တော့်အမ လူရည်ချွန် ရပြီး အင်းလေးလူရည်ချွန်စခန်းက ပြန်လာတော့ အစ်မနှင့်အတူ လက်ဖက်သုပ်ပုံတစ်မျိုး ပါလာပါသည်။ “ရန်ကုန်သုပ်”တဲ့။ လက်ဖက်ကို ခရမ်းချဥ်သီး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ်၊ ပုစွန်ခြောက်၊ အကြော်ဆန်တွေနဲ့ ရောသမမွှေ သုပ်တာပါဗျာ။ ကြက်သွန်ဖြူလေးလည်းပါမှ။ အချိုမှုန့်၊ ငံပြာရည်၊ ပဲမှုန့်အကျက်ပါသည်။ သံပရာရည်လေးညှစ်လို့။ ကြက်သွန်နီတော့ ကျွန်တော်မထည့်ပါ။ ကျွန်တော် ရန်ကုန်သုပ်လေးလည်း ကြိုက်တာပဲ။ ယခုထိ သုပ်စားတုန်း။ ကျွန်တော်သုပ်သော လက်ဖက်သုပ်ကို အားလုံးက ကြိုက်ကြသည်။ သားကြီးက အကြိုက်ဆုံး။

ရန်ကုန်သုပ်ဟုသာ ပြောရသည်။ ရန်ကုန်မှာတော့ ထိုလက်ဖက်သုပ်မျိုး မစားရပါ။ လက်ဖက် အကြော်ဆန် သီးသန့် လက်ဖက်တစ်မျိုးပဲ စားရပါသည်။ အလှူမင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့ လက်ဖက်မျိုးပါ။ ဆူးလေလမ်းမပေါ်က လက်ဖက်သုပ်ဆိုင်တွေကို အခုသတိရ၊ အခုပြေးကာ စားလိုက်ချင်ပါသည်။ ဆူးလေဘုရားကြီး၊ မီးသတ်၊ ကုန်းကျော်တံတား၊ ကြိတ်ကြိတ်တိုး အိမ်ပြန်ဘတ်စကား စောင့်သူများ၊ ခိုတွေ ခိုတွေ ခိုတွေ၊ လှုပ်ရှားမှုအတိပြီးတဲ့ ဝန်းကျင်မှာ အေးအေးလူလူ အသုပ်စား အသုပ်စား၊ ရေနွေးကြမ်း ပေါ့ပျက်ပျက်ကို တဖူးဖူး မှုတ်သောက်ချင်တဲ့ အညာသား တစ်ယောက်ကို အခုတော့ မိုးမျှော် အဆောက်အုံကြီးတွေက မထေမဲ့မြင် လုပ်စပြုလေပြီ။

လက်ဖက်ကို ထောင်းပြီး သုပ်တော့လည်း ကောင်းတာပါပဲ။ လက်ဖက်ရွက်ကို ရေဆေး၊ အရိုးဖယ်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပုစွန်ခြောက်နဲ့ထောင်း၊ ဆီစိမ်နှပ်ထား၊ စားချင်မှ အဆာပလာထည့်။ Ready Made, Fast Food ဖြစ်သွားရော။ ကောင်းတာပါပဲ။

အခုတစ်လော ကျွန်တော်တို့ အရသာတွေ့နေတာက ရန်ကုန် (၁၉)လမ်း တွန်းလှည်း လက်ဖက်သုပ်တွေ၊ လက်ဖက်နှပ်ကတော့ ရှူးရှဲချဥ်စပ်နှပ်ပါပဲ။ ထူးခြားတာက အကြော်ဆန်နှင့်မစားကြပါ။ မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်၊ ငါးလေးကြော်၊ ဆိတ်သားခြောက်မွကြောနဲ့ စားရတာ။ ခရမ်းချဥ်သီးက အစိမ်း၊ ရှောက်သီးစိပ်၊ ငရုတ်သီးစိမ်း။

ကျွန်တော်တို့ မောင်နှမတစ်တွေ ရန်ကုန်ရောက်ရင် လူစုခွဲ၍ ကိုယ်အားသန်ရာ၊ သွားလိုရာ သွားကြသည်။ ညအိပ်ချိန်မှ ပြန်ဆုံတော့တာပဲ။ ပြန်လာတော့ လူတိုင်းလက်ထဲမှာ (၁၉)လမ်း လက်ဖက်ဖော့ဘူးလေးတွေ ကိုယ်စီကိုင်လို့။ တိုင်ပင်ထားကြသလိုပါပဲ။

လက်ဖက်ကြောင့် အစာအိမ်အူလမ်းကြောင်းမှ သံဓါတ်စုပ်ယူမှု အားနည်းပြီး သွေးအားနည်းရောဂါ ရတတ်ပါသည်။ သို့သော် ကျွန်တော့် သားငယ်မှလွဲ၍ တစ်မျိုးလုံး လက်ဖက်ကြိုက်ကြသည်။

“မြန်မာဆိုတော့ မြန်မာလက်ဖက်ကို ကြိုက်တာပေါ့” ဆိုရပါတော့မည်။

 

(၂) အောက်စပို့ဒ်၌ ခြေ ဆတ်ခေါက်လိုက်ခြင်း။

ပဲပုပ်ကို ကျွန်တော်တို့က ပဲငါးပိဟု ခေါ်ကြသည်၊ ပဲပုပ်အစိုကို စားလေ့မရှိ။ အကြောတက်လို့တဲ့။ ပဲပုပ်နှင့် မျှစ်ချဥ်ကို ကျွန်တော့်တို့ အညာမှာ အဆိပ်လောက်နီးနီး ထိတ်လန့်ကြောက်ရွံ့ကြသည်။

“မျှစ်ချဥ်ချက်ရင် ပဲပုပ်ထောင်းလေးနဲ့မှ လိုက်တာ။”

ဇနီးသည်က ပြောတော့ တမင်တကာ ရွဲ့စောင်း ကတ်ဖဲ့ ပြောနေသယောင် ထင်ရသည်။ သို့သော် သူတို့ ထိုသို့ တွဲဖက်စားလာတာ တစ်သက်လုံးပါပဲ။ သူတို့အဖို့ မျှစ်ချဥ် နှင့် ပဲပုပ်ထောင်းကမှ လိုက်တာလည်း အမှန်ပါပဲ။ အညာသားတွေအဖို့ သေမင်းတမန်နီးနီး ကြောက်ကြတာလည်း အမှန်ပါပဲ။

ပဲပုပ်ကို အစိုအစား၊ အခြောက်လှန်း၍ စားကြသည်။ ပဲပုပ်ခြောက်က စက်ဝိုင်းပုံ ပြားချပ်ချပ်လေးရယ်။ နို့ဆီဘူးပေါ် အဝတ်ပါးခင်း၊ ပဲပုပ်စိုကို လက်နဲ့ပြား ဝိုင်းဝိုင်းပြားပြားလေးရမှ နေလှန်း။ အမေတို့ရွာ အလ္လကပ္ပ ပဲပုပ်ပြားကမှ ကောင်းတာ။ ကြော်စား‌တော့ ကောင်းသည်။ မီးကင်စားတော့ ပျော့ပျော့ရဲရဲလေး ပိုလို့တောင် ကောင်းသေး။ ပဲပုပ်ကင်ပေါ် တင်နေတဲ့ ပြာဖြူဖြူလေးတွေကိုပါ စားပစ်လိုက်တာပါပဲ။

ထိုသို့ ပဲပုပ်ကို တစ်ပြားနှစ်ပြား၊ တစ်ခုနှစ်ခု လုပ်သည့် One Slice ကို “အခုလေးတွေ” ဟု ပြောကြသည်။ ပဲပုပ်ပြားလေးတွေကို အခုလေးတွေလို့ ပြောကြတာပါ။ အချို့က အခုလေးတွေဆို နားမလည်ပါ။

ဟော… “ငါးပိချက်” ဆိုတာကျတော့ အဓိပ္ပါယ်တစ်မျိုး ဆောင်ပြန်ရော။ အထူးသဖြင့် မန္တလေးမှာ ငါးပိချက်ဆိုတာ ငါးပိကို ချက်ထားတာထက် အခြားအနက်ရှိပါသေးသည်။ အနှစ်နဲ့ချက်ထားရင် ငါးပိချက်ပဲတဲ့။ ဥပမာ… နွားနို့ ငါးပိချက်၊ ဘယ်နွားနို့ကို ငါးပိအစစ်နဲ့ ချက်မှာလဲ။ နွားနို့ကို အနှစ်နဲ့ချက်တာ နွားနို့ငါးပိချက်ပါပဲ။

ညောင်းညာကိုက်ခဲနေတာကျတော့ မန္တလေးမှာ “ညောင်းဆွေကြီး၊ ညောင်းပျစ်ကြီး”… တဲ့။ လက်နှိပ်ဓါတ်မီးကြတော့ မန္တလေး အရှေ့ခြမ်းက လူတွေက ဒုတ်မီး(တုတ်မီး)တဲ့။ ကျွန်တော်တို့ရွာမှာလဲ ဒုတ်မီး (တုတ်မီး)လို့ ခေါ်တာပါပဲ။ လျှပ်စစ်မီးနဲ့ ပြန်အားသွင်းလို့ရတဲ့ ဘက်ထရီမီးကိုတော့ မန္တလေးမှာ မီးခြောက်(မီးကျောက်)တဲ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ထိုပစ္စည်း ရွာမှာမရှိသဖြင့် ဘယ်လိုခေါ်သည် မသိပါ။ အိမ်မြှောင်ကို ရွာမှာရော မန္တ‌လေးမှာပါ “ပိန်ညောင်”ဟုခေါ်သည်။ သံရေပုံးကို ရွာမှာ “သံချောင်” ဟုခေါ်ပါသည်။ ချောင် ဟူသော အခေါ်အဝေါ်၊ အဓိပ္ပါယ် အခြားမြို့ရွာတွေမှာ ရှိတာ သေချာသည်။ ဆရာကြီး မောင်သောက ၏ ဆောင်းပါးများမှာ တွေ့ဖူးပါသည်။ ရွှေဘိုနယ်မှာ ဟင်းရည်ပူ၊ ရေနွေးပူ လျှာကိုလောင်တော့ “လျှာအကွင်း ကျွတ်တယ်”ဟု ရွာမှာ သုံးကြပါသည်။ နေထိုင်မကောင်း၍ မထနိုင်ဘဲ အိပ်ရာထဲမှာ လဲနေပြီဆိုလျှင် “ဒလပုံ” ဟု သုံးကြသည်။ ပုံကျသွားသည်။ ခွေကျသွားသည်။ သဘောပါပဲ။ ရွာမှာရော မန္တလေးမျာပါ ကြုံဖူးသည်။

“ကျွန်မတို့ မိဘတွေဖြင့် လုပ်လိုက်တာ ဒူးတွေကို ဆတ်ခေါက်လိုက်လို့”ဟု မိဘတွေက ပြောတော့ ကျွန်တော်က ကြားဖူးသည်။ နားလည်သည်။ မသယ်နိုင်လောက်အောင် တရွတ်ဆွဲသွားတာမျိုးပါ။ နွားတွေဆိုရင်တော့ “တုတ်ဆွဲတာမျိုး”ပါပဲ။ ကျွန်တော်က ဆတ်ခေါက်လိုက်ကို သိပါသည်။ ရွာမှာ ကတည်းက သိသည် ထင်တာပါပဲ။ အစ်မကို ဖုန်းဆက်မေး‌တော့ ကျွန်တော် ထင်သလို မဟုတ်။ အစ်မက မသိဘူးတဲ့။ မသိတာလား၊ မေ့တာလား။ အစ်မက သိပ်မမေ့တတ်ပါ။

“ဘာကြီးမှန်းလဲမသိဘူး ဆတ်ခေါက်လိုက်”တဲ့ဟု ဇနီးသည်က ပြောတော့ စဥ်းစားရခက်လှသည်။ ကျွန်တော့် ဒူးတွေက သိပ်မကောင်းတော့ လမ်းသွားတိုင်း ထော့၍နေသည်။ ထော့တိုင်း ထော့တိုင်း ဆတ်ခေါက်လိုက်ကို သတိရနေတတ်ပါသည်။ သတိထားကာ ရှာပါသည်။ အလွယ်တကူ မတွေ့ပါ။ တွေ့မယ့် တွေ့တော့ ဆတ်ခေါက်လိုက်ကို ဆောင်းပါးတစ်ပုဒ်တွင် တွေ့ရသည်။

“အောက်စဖို့ဒ်ကို ကောင်းကောင်းမသိတော့ လမ်းရှာရခက်တယ်။ တစ်ခါတလေ အရှေ့ပိုင်းမှာ ရှိတဲ့ လမ်းကြားလေးကို အနောက်ပိုင်းမှာ ရှိတယ်ထင်လို့ လိုက်ရှာ၊ ခြေကို (ဆတ်ခေါက်လိုက်)လို့ မတွေ့ရဘူး။”

တွေ့မယ်တွေ့တော့ ဆရာကြီး မင်းသုဝဏ်၏ ဆောင်းပါးမှာ တွေ့ရသည်။  ၁၉၃၉ ခုနှစ်က ရေးသားခဲ့သော အောက်စဖို့ဒ်တက္ကသိုလ် ဆောင်းပါး၌ တွေ့ရပါလေပြီ။ နှယ်နှယ်ရရ ဆတ်ခေါက်လိုက်ခြင်း မဟုတ်ပါတကား။ မျက်စိဖွင့် နားစွင်း၍ ရှာခဲ့ရသော ဆတ်ခေါက်လိုက်ခြင်းကို အမျိုးသားစာဆိုကြီး၏ စာပေလက်ရာများ၌ တွေ့ရှိရလေပြီ။ ဂုဏ်တင့်သော အဆင့်မြင့်သော အာဂ ဆတ်ခေါက်လိုက်ခြင်းပါတကား။

မြန်မာနိုင်ငံအနှံ့ ရှာပုံတော် ဖွင့်ခဲ့ရသော ဆတ်ခေါက်လိုက်ခြင်းကို အောက်စဖို့ဒ်မြို့၏ လမ်းကြားကလေးများ၌ ရှာဖွေ၍ တွေ့ရှိရလေပြီ။

 

(၃) မှိုဦးနက်

(ကျွန်တော်က မှိုဦးနက်ကို မည်သို့ စာလုံးပေါင်းရမည် မသိပါ။ အနက်ရောင်ဥ ဟု အဓိပ္ပါယ်ရသော မှိုဥနက် ဟု ရေးရန်သတိရသည်။ သို့သော် ထိုမှိုမျိုးက ဥနှင့် မတူပါ။ ထီးစုတ်ဖွင့်ထားသည် နှင့် တူပါသည်။ ထိပ်ဖျားတွင် အမည်းရောင် မြင်မိသဖြင့် မှိုဦးနက် ဟု ရေးပါမည်။)

ဆရာကြီး ဦးကျော်တင့် နေမကောင်း၊ မုံရွာဆေးရုံမှာ တင်ထားရသည်ဟု Facebook က လက်တို့ပြော၍ သိရပါသည်။ တပည့်တပန်းတွေက အလှူငွေကောက်ကြတာ တွေ့ရပါသည်။ မကြာမီ ဆရာကြီး ကွယ်လွန်သွားသဖြင့် လိုအပ်သည်များ ဆက်လက် လုပ်ဆောင်ကြကာ ဆရာကြီးကို နောက်ဆုံး ဂါရဝပြုကြပါသည်။ ကျွန်တော်တော့ အဝေးကနေပဲ ကန်တော့လိုက်ရပါသည်။

ကျွန်တော့်ညီကတော့ ရွာကို ရောက်နေသဖြင့် ဆရာကြီးကို ကိုယ်ထိလက်ရောက် ကိုယ်တိုင် ကိုယ်ကျ ကန်တော့ခွင့်ရခဲ့ပါသည်။ ဆေးရုံကို ရောက်သည်။ နောက်ပိုင်း လိုအပ်တာများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆရာကြီး အသက်(၉၀)ကျော်ပြီတဲ့။ နောက်ရက်များမကြာမီ ကျွန်တော်တို့ မောင်နှမလေးယောက် ဆရာကြီးအကြောင်း သတိရရာ ပြောကြပါသည်။ အားလုံး ဆရာကြီး၏ တပည့်တွေဖြစ်ကြသည်။ အလယ်တန်းမှာရော အထက်တန်းမှာပါ သင်ခဲ့ရသည်။ ဆရာကြီးက အင်္ဂလိပ်စာနှင့် သမိုင်းသင်ပါသည်။

“ဆရာကြီးက ဘုန်းကြီးလည်းဝတ်ဖူးတယ်။ ဒါကြောင့် မြန်မာရော၊ ပါဠိရော တော်တာ။” အစ်မက ပြောပါသည်။ အစ်ကိုက “အသံထွက် သိပ်ကောင်းတာ၊ လူပုံကသာ အညာသား လူရိုးကြီး၊ အင်္ဂလိပ် အသံထွက်ကို စနစ်တကျ ထွက်တတ်တယ်။” ဟု ပြောပါသည်။ “ကျွန်တော်ဘာပြောပြော သည်းခံတာ မှတ်မိတယ်။” ဟု ကျွန်တော်ကပြောတော့ ညီငယ်က  “ငယ်ငယ်တုန်းက မပြည်စုံဘူး။ ကြီးတော့ ဆင်းရဲတယ်။ ပင်စင်ယူပြီးတော့ မွဲတယ်။” ဟု ပြောတတ်ကြောင်း ပြောပြပါသည်။

ဆရာကြီးဦးကျော်တင့်က အသက်(၉၀)ကျော်မှ ဆုံးသည်။ နှစ်ပေါင်း (၃၀)လောက် မွဲသွားခဲ့တာပဲ။

“မင်းတို့ မှိုဦးနက် ဇာတ်လမ်း သိလား။”

အစ်မက မေးသည်။ ကျွန်တော့်ရင်ထဲကို ထိခိုက်လှသည့် မေးခွန်း၊ ဦးခေါင်းထဲမှာ မီးတောင် ပေါက်ကွဲစေသည့် စကား။

“ဆရာက မှိုဦးနက် လုံးဝမစားဘူး။ မြင်ကို မမြင်ချင်တာ။” ညီငယ်က ပြောသည်။

“တို့တုန်းက သိပ်ကြိုက်တာဟဲ့။ စာသင်တာတောင်…”

အစ်မနှင့် အစ်ကိုက စကားပြောတာချင်း တစ်ထပ်တည်း ဖြစ်သွား၍ ပြောလက်စရပ်ကာ ရယ်ကြသည်။

“စာသင်တာတောင် မှိုဦးနက်က ပါတယ်။”

အင်္ဂလိပ်စာ Grammar သင်တာတောင် မှိုဦးနက်က မလွတ်ပါ။

မှိုဦးနက် is the best mushroom in the world.

မှိုဦးနက် is better than any other mushroom in the world.

No other mushroom in the world is as good as မှိုဦးနက် ဆိုတာမျိုးပါ။

ဆရာကြီးက မှိုဦးနက်ဆိုသော စကားလုံးကို မကြားချင်တော့တာပါ။ Allergic ဖြစ်နေတာ။ တကယ့်ကို Hypersensitive ဖြစ်နေတာမျိုးပဲ။

“ဒါဆို ကိုလင်းတို့ အတန်းလောက်မှာ ပြောင်းလဲသွားတာပဲ။ ကိုလင်းတို့ သိလား။”

သည်မေးခွန်းကို သုံးလေးခါမက ဖြေဖူးပါသည်။ ရွာမှာ မိတ်ဆွေအချို့က မေး၍ ဖြေရသည်။ ဆရာကြီးဆုံးမှ ဖြေရတာကို နှစ်ခါရှိပြီ။ ကျွန်တော် သိမှန်း သိ၍ မေးကြတာဖြစ်သည်။ ကျွန်တော် မဖြေချင်ပါ။

“မှိုဦးနက် သိပ်ကြိုက်တဲ့ ဆရာက ဘာကြောင့် မှိုဦးနက်ကို မမြင်ချင် မကြားချင်အောင် ဖြစ်သွားရတာလဲ။”

လွန်ခဲ့သော နှစ်ပေါင်း (၄၀)ခန့် ကာလကို သတိရမိပါသည်။ ဆရာကြီးဦးကျော်တင့်က ကျွန်တော်တို့ အတန်းကို စာသင်နေပါသည်။ ဆရာကြီးက စာသင်ရင်း တံခါးပေါက်ကို လှမ်းကြည့်သည်။ အခန်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်လာတာက ဇော်မြင့်။ လက်ထဲမှာ တစ်စုံတစ်ရာကို ပွေ့လို့။

“ဟေ့ကောင် မင်း ဘယ်သွားနေတာလဲ။”

ဆရာကြီးက ပုံမှန်အားဖြင့် စိတ်ရှည်ပါသည်။

“အပေါ့သွားရင်း နဘူးချုံဘေးမှာ မှိုဦးနက်တွေ တွေ့လို့ ခူးနေတာ။”

ဆရာကြီးက မှိုဦးနက်ကို မြင်တော့ စိတ်ပြောင်းသွားသည်။ မှိုဦးနက် သိပ်ကြိုက်သည်။ မှိုဦးနက်က ရှားသည်။ ဈေးကြီးသည်။

“မုန့်ဈေးတန်းမှာ ဆရာ့ဇနီးရှိတယ်။ သွား ရောင်းပါလား။ ငါးကျပ်တစ်ဆယ်တော့ ရမှာပဲ။

ဇော်မြင့် မျက်နှာတည်သွားသည်။

“ဒါ ဆရာကြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားတာပဲ။ ဆရာကြီးက ဓနရှင်ကြီးပဲ။ ကျွန်တော်တို့ ဆင်းရဲသားတွေကို ကုပ်သွေးစုပ်ဖို့ ကြိုးစားတာ။ ဒီမှိုကို ဈေးမှာ ချရောင်းရင် နှစ်ဆယ် အစိတ်တော့ အသာလေးရယ်။”

ဘယ်သူမှ မျှော်လင့်မထားသော တုန့်ပြန်မှု။ ကျွန်တော်တို့က (၇)တန်း ရောက်ပြီ။ ထိုခေတ် ထိုအခါက ထိုစကားမျိုးကို ဇာတ်ပွဲတွေမှာ ကြားရလေ့ရှိသည်။ ဆရာကြီးမျက်နှာ သွေးမရှိတော့။ ဇော်မြင့်ကို ကြိမ်လုံးနှင့် သုံးလေးကြိမ် ဆက်ရိုက်သည်။

“မင်း… … ထွက်သွား”

ဇော်မြင့်က ထွက်သွားပါသည်။ မှိုဦးနက် တွေကို ပွေ့လျက်ပါ။ သူ့စာအုပ်တွေ၊ လွယ်အိတ်တွေ ကျွန်တော်တို့ပဲ အိမ်လိုက်ပို့ခဲ့ရပါသည်။

ထိုနေ့က ဆရာကြီး စိတ်မကြည်၊ အိမ်ရောက်တော့ နှုံးခွေနေသည်။ ထို့ကြောင့် ရေချိုးတာတောင် ရေတွင်းမှာ မချိုး။ ချင်းတွင်းမြစ်ရေ အေးအေးမှာ ဆင်းစိမ်သည်။ ပြီးတော့မှ မိတ်ဆွေအချို့နဲ့အတူ ဖျော်ရည်အပြင်းလေး နည်းနည်းသောက်သည်။ နေသာထိုင်သာရှိမှ အိမ်ပြန်လာသည်။

“ထမင်းဆာတယ်၊ ဘာဟင်းလဲဟေ့။”

“တော့်အကြိုက် မှိုဦးနက်ပါတော်”

“ကောင်းတယ်၊ ကောင်းတယ်။”

ထမင်းစားကောင်းကောင်းနှင့် သုံးပန်းကန်လောက်ကြိတ်ပစ်လိုက်သည်။ ဗိုက်ကို ကားရော။

“ဈေးထဲမှာ မှိုဦးနက်ပေါ်လာပြီလားဟ၊ ဈေးကြီးမှာပေါ့။”

“မဝယ်နိုင်ပါဘူးတော်၊ ကျောင်းသား မိဘတစ်ယောက် လာပေးလို့ စားရတာပါ။”

“ဘယ်သူတဲ့လဲ ဟ”

“ခပ်ကပ်ကပ် ကောင်လေးလေ၊ ဇော်ြမင့်ဆိုလား။ သူ့အဖေ လာပေးသွားတာ။”

ဆရာဦးကျော်တင့် ငိုင်ကျသွားသည်။ ဘာမှ ဆက်မပြောနိုင်။

ကျွန်တော် လွယ်အိတ်တွေ သွားပို့တော့ ဇော်ြမင့်ကို သူ့အဖေရိုက်နေတာ တွေ့ခဲ့ရသည်။ သူ့အဖေက အရက်သမားဆိုပေမယ့် ဆရာကို လေးစားတတ်သူ။

“ကောင်လေး အတော်နာသတဲ့။”

ဆရာဦးကျော်တင့် စိတ်မကောင်း။ မှားပြီ။ သူရိုက်မိတာ မှားပြီ။ ဇော်မြင့် ကျောင်းနောက်ကျတာ မှန်သော်လည်း ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှ။ ပြီးတော့ သူက ဆုံးမဖို့ သက်သက်ရိုက်တာနဲ့မတူ။ အရှက်နှင့် ဒေါသကြောင့် လက်ဆ ပြင်းသွားခဲ့သည်။ ဒါ ငြင်းမရ။ ကလေးက ပြန်ပြောတာ ရိုင်းသော်လည်း ကလေးပြောတာ အမှန်တရားပါပဲ။ သူ ကျောင်းသား လက်ထဲက ပစ္စည်းကို ဈေးချောင်ချောင် နှင့် ရယူလိုစိတ်ပေါ်ခဲ့တာ ဘယ်လိုမှ မငြင်းနိုင်။

နောက်နေ့ သူ ဇော်ြမင့်ကို မျှော်သည်။ သူတောင်းပန်ရဦးမည်။ ခွင့်လွှတ်ပါ မောင်ဇော်ြမင့်။ မင်းကိုလည်း ဆရာ ခွင့်လွှတ်ပါတယ်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ တစ်ပတ်၊ နှစ်ပတ်။ ဇော်ြမင့် ပေါ်မလာတော့။ အိမ်ကိုသွားကြည့်တော့လည်း ဘယ်သူမှ မရှိ။ အိမ်ကို ဒီအတိုင်းပဲ ပစ်ထားသည်။ အိမ်က တံခါးပင်မရှိ။ အိမ်နီးနားချင်း မေးတော့ ရွာပြောင်းသွားသလိုလို။ မြို့တက်သွားသလိုလို။

နောက်တစ်လခန့်အကြာ နေ့လယ်ခင်းကြီး စာသင်နေတော့ ကျောင်းရှေ့မှ ဖြတ်သွားသော ဝမ်းနည်းနေသည့် လူတန်းကြီးကို မြင်ရသည်။ ကြေးစည်သံ၊ ငိုကြွေးသံ။ တပည့်တွေကပါ ဝိုင်း၍ တဟီးဟီး ငိုကြွေးသဖြင့် ဆရာဦးကျော်တင့် လန့်သွားသည်။

“ဟ….. ဘာဖြစ်လို့လဲဟ။”

“အဲဒါ ဇော်ြမင့်ရယ်။ မနေ့ညကမှ မုံရွာ ဆေးရုံက ပြန်ခေါ်လာတာ။”

“ဘယ်လိုဖြစ်တာလဲဟ။”

“ဟိုနေ့ညကတည်းက ဖျားတာ မသက်သာဘူး။ တိုက်ဖွိုက်လိုလို၊ အသားဝါလိုလိုပဲ။” တပည့်တွေက ယဥ်ကျေးလိုက်ကြတာ။ ဟိုနေ့ကတဲ့။ ဆရာကြီး ရိုက်လိုက်တဲ့နေ့ကဟု မပြော။ အပြစ်တင်ဖို့ ဝေးလို့။ ရိုင်းနေတာ ငါပါလား။ ဆရာက ရိုင်းနေတာပါလား။ ကျော်တင့်၊ နင် ငတ်ကြီးကျချင်လို့ မျိုချင်ဆို့ချင်လို့ ကလေးတစ်ယောက် ဘဝ ရေတိမ်နစ်ပြီ။ အဲဒါ နင့်အပြစ်။

ဦးကျော်တင့်က အနားမှာ ရှိသမျှ ပစ္စည်းတွေနှင့် သူ့ကိုယ်သူ ထုရိုက်နေသဖြင့် ကျွန်တော်တို့ ဆရာကြီးကို ဝိုင်းဖက်ထားကြရသည်။

“ဘာမှမဆိုင်ပါဘူး။ ဆရာရယ်။ သူ့ဘာသာသူ တိုက်ဖွိုက်ဖြစ်တာ ထမင်းသွားစားလို့ ဖြစ်ရတာပါ။”

ကျောင်းအုပ် ဆရာကြီးက ဝင်ပြောသည်။

“ရိုက်လို့သာ အခုလိုဖြစ်ရမယ်ဆို ကျွန်တော့်တပည့်တွေ တစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး။ ကျွန်တော်ြဖင့် နေ့တိုင်း ကျွဲရိုက်၊ နွာရိုက် ရိုက်တာ။

အရိုက်ကြမ်းသော ဆရာကြီးက ဝင်ပြောမှ ဆရာကြီးဦးကျော်တင့် ရပ်တော့သည်။

“ကျန်တဲ့ ကလေးတွေကိုသာ ပိုပြီး ထူးချွန်အောင် သင်ကြားပေးပါ ဆရာရယ်။ ကျန်တာတွေ မတွေးပါနဲ့တော့။”

ကျွန်တော်တို့ အဖေက ပြောသည်။ အဖေက မိဘ၊ ဆရာအသင်းမှာ တာဝန်ရှိသူတစ်ဦး။

“ကျွန်တော့်တစ်သက် မှိုဦးနက် မစားတော့ဘူးဗျာ။” ဟု ဆရာက ပြောသည်။

တပည့်ပစ္စည်းကို မတော်လောဘစိတ်နဲ့ ရယူဖို့ တစ်ကြိမ်တစ်ခါ အတွေးဝင်ဖူးတာနဲ့ တစ်သက်လုံး အရှက်ရနေခဲ့တဲ့ ဆရာတစ်ဦးရှိခဲ့ဖူးပါသည်။ အဲဒါ ဆရာကြီး ဦးကျော်တင့်ပါပဲ။

“ကိုနိုင်လင်းထွန်းကော မှိုဦးနက် စားဖူးလား။”

“မင်းတို့ မေးခွန်းက အဓိပ္ပါယ် နှစ်ခွနဲ့။”

“ရိုးရိုးမေးတာပါဗျာ။”

“ရွာမှာ တစ်ခါ၊ နှစ်ခါလား စားဖူးပါတယ်။”

“ဆန်းဆန်းမေးရင်ကောဗျာ။”

“ဆရာလုပ်သက် အနှစ်နှစ်ဆယ်မှာ မှိုဦးနက် တစ်ခါမှ မစားဖူးပါ။”ဟု ရဲရဲဝံ့ဝံ့ ဖြေရဲပါသည်။ ထပ်၍ ပြောပါဦးမည်။ ကျွန်တော် မှိုဦးနက် မစားဖူးပါ။

 

(၃) ကျွန်တော်သာ ဆရာဝန် မဖြစ်ခဲ့ရင်

ကျွန်တော်သည် မန္တလေးမြို့နှင့် မိုင်နှစ်ဆယ် ခန့်ဝေးသည့် ဆေးပညာနှင့် နှီးနွယ်သော တက္ကသိုလ် တစ်ခုတွင် သုံးနှစ်ခန့် တာဝန်ထမ်းဆောင်ဖူးပါသည်။ ထိုတက္ကသိုလ်ကို ကျွန်တော်က “တောင်ခါးပန်း တက္ကသိုလ်”ဟု အမည် ပေးထားခဲ့ပါသည်။ တစ်ခါ တစ်ခါ “ဂန္ဓမာမြေ”ဟု တင်စားပါသည်။

ကျောင်းဖွင့်ရက်များဆို မနက်(၈)နာရီခန့် ကားမောင်း၍ ကျောင်းကိုသွားပါသည်။ ပြန်ချိန် ကတော့ မမှန်ပါ။ ကျွန်တော် ထိုကျောင်းမှာ ပျော်ပါသည်။ အားလုံးကလည်း ကျွန်တော့်ကို ဦးစားပေး (ပစားပေး) ဆက်ဆံကြပါသည်။ သို့သော် အသွားမိုင်နှစ်ဆယ်၊ အပြန်မိုင်နှစ်ဆယ် ခရီးကို ကားမောင်းပြီး ကျောင်းတက်ရသောအခါ ကျွန်တော် ငြီးငွေ့လာပါသည်။

ထိုအခါ လမ်းဘေးတွင် လွတ်လပ်စွာ လှုပ်ရှား သွားလာ နေကြသူများကို ကြည့်ကာ ကျွန်တော် အားကျလာပါသည်။ ထို့ကြောင့် အောက်ပါစာစုကလေးသည် ရင်ထဲမှာ တဖြည်းဖြည်းချင်း စုစည်းဖြစ်တည်လာပါတော့သည်။

 

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင်

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင် ဓါတ်ဘူး၊ ဓါတ်ဆန်လဲသူ ဖြစ်လိုက်ချင်။

ဓါတ်ဘူးခွံတွေ၊ ဓါတ်ဆန်တွေ

စက်ဘီး လက်ကိုင်မှာချိတ်၊

စက်ဘီး နောက်ခုံပေါ်တင်၊

မောင်ဗမာ ယောင်္ကျားစီး စက်ဘီးအိုကြီး

ယိုင်ထိုး၊ ယိုင်ထိုး စီးလို့

ရွာရိုးကိုးပေါက် လှည့်လိုက်ချင်။

 

သစ်ရိပ်ဝါးရိပ်က လက်တောက်ခုံမှာ

ကျွန်တော် ခဏ ဝင်ငေးဦးမှာ

တောက်လိုက်တဲ့ ဒိုးက

နံရံလေးဖက်ကို ဒေါက်ခနဲ ဒေါက်ခနဲ

ထိမှန်၊ ပြန်ထွက် အပြင်ထွက် အပြင်းပြေးသွားကာ

ဇယ်တွေကို တွင်းတွေထဲ တွန်းချတဲ့အခါ

“ဟာ…”လို့

ရွာသားတွေနဲ့အတူ

အာမေဍိတ်သံပြု ချီးမြှောက်လိုက်ဦးမှာ။

 

ကုက္ကိုရိပ်က ဆံသဆိုင်

လေတဟူးဟူး ဖြူးဖြူး၊ လင်းလင်းကျင်းကျင်း

ချိတ်ထားတဲ့ မှန်ဟောင်း၊ လေမှာလွင့်လွင့်

၁၉ ရာစု အနှောင်းပိုင်းကတည်းက

မလည်တော့တဲ့ ဆုံလည်ကုလားထိုင်မှာထိုင်

တစ်တည်တည်းသော ညစ်ထေးထေး

ဝတ်ဖြူစင်ကြယ်ကိုရုံ

နှုတ်ခမ်းမွေးကို ကတ်ကြေးဟောင်းနဲ့

ကိုယ်တိုင် တိဦးမှာ။

 

ထန်းခလက်တဲ နိမ့်ဝပ်ထဲက

ကတ္တီပါစိမ်းခင်းထားတဲ့ စားပွဲဟာ ကျူခုံဆိုပဲ

Billiards လား၊ Snooker လား

ကျွန်တော် ဘယ်သိမှာလဲ။

ကျူတံ (Cue)ကို ပြောင်းပြန်ကိုင်တဲ့အခါ

ရွာသားတွေက ရယ်ကြဦးမှာ။

မရယ်နဲ့ ကိုယ့်လူတို့

ကိုယ်က ရှမ်းခေါက်ဆွဲစားတဲ့အခါ

တူကို ဇောက်ထိုး ကိုင်တတ်တာ။

တစ်ခါတစ်ခါ တူတစ်စုံဟာ

အမြီးပြန် ခေါင်းပြန်တောင် ဖြစ်လိုက်သေး။

မရယ်နဲ့လို့ ပြောတဲ့အခါ

ပိုပြီး တအုံးအုံး ရယ်ကြဦးမှာ။

ကျွန်တော်သာ ဆရာဝန် မဖြစ်ခဲ့ရင်

ဓါတ်ဘူး၊ ဓါတ်ဆန်လဲသူ ဖြစ်လိုက်ချင်။

ရွှေရောင်ဝင်းတဲ့ ဂန္ဓာခင်းတွေ

ဒီဟာ “ကြွေ”၊ ဒီဟာ “ပွိုင့်”၊ ဒီဟာ “အိုဆာကာ”

ဟိုဟာ “ရိုးတံရှည်”၊ ဟိုဟာ “ရိုးတံတို”

ပန်းခူးသူတို့နှင့်အတူ

ပန်းရနံ့ ကြမ်းကြမ်းကို ရှူဦးမှာ။

ပန်းတွေက မွှေးတယ်။

ပန်းခူးသူလေးတွေက ပိုတောင်မွှေးထင်ရဲ့။

 

အကြော်ဆိုင်က မီးခိုးတလူလူ

ဘူးသီးကြော်၊ ဘယာကြော်၊ တို့ဟူးကြော်

အားလုံးအေးစက်။

ရေနွေးကျကျပြင်းပြင်း

အင်ဂျင်ဝိုင် အဟောင်းရောင်က အေးစက်

အကြော်သည်ကြီး မျက်နှာကလည်း အေးစက်

အေးစက်မှုအတိပြီးတဲ့ ဝန်းကျင်မှာ

သူ့အပူ ကိုယ့်အပူမဖြစ်ခင်

နောက်တစ်ရွာ ကူးဦးမှာ။

 

ဆံပင်ကို ကိုင်းတောရောင်ဆိုးထားတဲ့ မိန်းကလေး

ရှပ်အင်္ကျီအနီကွက်မှာ ဂဏန်းသုံးလုံး ပါရဲ့

မျက်နှာမှာ ရောင်စုံခြယ်လို့

ပင်လယ်စာ ရပြီတဲ့။

ပင်လယ်စာကလည်း ရောင်စုံပဲ။

ဂက်(စ်) မီးဖိုနဲ့

ကလေးတွေ ဝိုင်းအုံလို့ သွားရည်တများများ၊

ကာလသားတွေ ဝိုင်းအုံလို့ သွားရည် တများများ။

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင်

ဓါတ်ဘူး၊ ဓါတ်ဆန်လဲဿူ ဖြစ်လိုက်ချင်။

Propane Gas ကို မီးခြစ်ထဲ ထည့်သူက

အညာဆန်ဆန်

ဂက်ထေထေ၊ ဂက်ထေထေ လို့အော်တယ်။(ဂက်စ်ထည့်တယ်)

ရေခဲချောင်း၊ ရေခဲမုန့်သည်က ဂန္တဝင်ဟန်မပျက်

ခေါင်းလောင်းသံ တညံညံပေးတယ်။

ထီးဆောင်လေ့မရှိ၊ ထီးဆောင်းလေ့မရှိတဲ့ အညာမှာ

ထီးပြင်တဲ့ ဘကြီးဟာ

သူ့လုပ်ငန်း စွဲမြဲမှုအတွက်

Loyalty ဆုကြေးကို ဒေါ်လာနဲ့ ရနေတဲ့ ဒီဇိုင်းနဲ့။

 

ဘာပဲဖြစ်ဖြစ်

ပွဲလမ်းသဘင် စားကြော ဝါးကြောရှိရင်

ကျွန်တော်တို့ ဆုံကြပြီ။

စတုဒိသာ နိဗ္ဗာန်ဈေး ပိုက်ဆံမပေးရရင်

အဲဒီနေရာဟာ ကျွန်တော်တို့

Gypsy Reunion ကျင်းပရာ Venue ပဲ။

သူတို့ပဲ ကျွန်တော့်ကို

“ဓါတ်ဘူးဒေ ပြင်ဒေ

ဓါတ်ဆန်ဒေ လဲဒေ” လို့

အော်တတ်အောင် သင်ပေးခဲ့တာ။

နေ့ခင်း (၂)နာရီ Tea-break နားချိန် ရောက်တော့

ဘကြီးထုံးရဲ့ ကဖေးမှာ

“ငါးတစ်လုံးအပိုင် ဘကြီးရဲ့”

ဒီတစ်ပတ် ခုနှစ်ဂဏန်း မြူးမတဲ့ ဘကြီးရဲ့”

အိပ်မက်ဂဏန်း၊ နက္ခတ်၊ ပါဝါ၊ Calendar ကျ

ဘာညာ ဘာညာ ဂဏန်းအကြောင်းပြောရင်

ဘကြီးထုံးက လက်ဖက်ရည်ဖိုးဂဏန်းကို

မေ့ထားပေးတယ်။

အုန်း သကြား ကို ဂျုံလုံးထဲ ဌာပနာထားတဲ့

ပေါက်စီကြော် စားသွားဦးလေကွာတဲ့။

 

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင်

ဓါတ်ဘူး၊ ဓါတ်ဆန်လဲသူ ဖြစ်လိုက်ချင်။

လိုင်းကားတွေ၊ လူစီးကားတွေ၊ တွဲကားတွေ

ဝှီးကနဲ၊ ဝှီးကနဲ၊ ဝှီးကနဲ

လေထိုး ကျွတ်ဖာဆိုင်တွေ

ဟောတစ်ဆိုင်၊ ဟောတစ်ဆိုင်၊

ဓါတ်ဆီပန့်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်၊

စားသောက်ဆိုင်တွေ ကျွန်တော်ဝင်မစား၊

ကား Show Room တွေ ကျွန်တော်ဝင်မကြည့်။

တိုးဂိတ် ဘီးခွန် ကျွန်တော့်ကို မတားပါ။

 

ဆီးပင်တွေသီးရင် အဲဒါ ဆောင်းဦးပေါက်ပေါ့။

သရက်တွေပေါတော့ နွေရာသီ။

ကွန်ကရစ် ပစ္စည်းနဲ့ ဝါးကပ်တွေက

ရာသီးမရွေး ပေါ်တဲ့ သီးနှံတွေပါ။

ကလေးတွေနဲ့ ကျောင်းတက်ကျောင်းဆင်း ဆုံတဲ့အခါ

စာကြိုးစားကြ ငါ့တူများလို့ ပြောဦးမှာ။

Knowledge Society တည်ဆောက်ရာ

ကလေးတို့က တိုင်းပြည်ရဲ့ အနာဂတ်ပါ

ဘာဘာညာညာ ဘာဘာညာ။

 

ဆရာမ အသစ်လေးတွေ

125 ဆိုင်ကယ်အသစ်လေးတွေနဲ့

အဖြူအစိမ်း ပြည့်တင်းတင်းပေါ်

ရှပ်အင်္ကျီလက်ရှည် ချပ်ချပ်ရပ်ရပ်ဝတ်

ပါးပြင်မှာ သနပ်ခါး တင်းတင်း

သနပ်ခါးပန်းရနံ့ တသင်းသင်း

ရှေ့ခြင်းထဲမှာ ထမင်းချိုင့်ခြင်း၊ ရေဘူး၊ မဂ္ဂဇင်း

နောက်ကယ်ရီယာခုံပေါ်မှာ

လေ့ကျင့်ခန်းစာအုပ်တွေ ကြိုးနဲ့ချည်။

ကျွန်တော် စက်ဘီးဘရိတ်ကို စုံအုပ်

မြေပြင်ပေါ် ခုံဆင်း

ဦးထုပ်ကို ချွတ်

“မင်္ဂလာပါ ဆရာမ”လို့ နှုတ်ဆက်ဦးမှာ။

 

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင်

ဓါတ်ဘူး၊ ဓါတ်ဆန်လဲသူ ဖြစ်လိုက်ချင်။

တစ်နေ့ ဝင်ငွေ ဘယ်လောက်ရှိရှိ

တစ်နေ့ တစ်နေ့ ခရီးဘယ်လောက် ပေါက်ပေါက်

နေပူမိုးရွာ အပူအအေးမရှောင် သွားဦးမှာ။

သိပ်ချမ်းတဲ့အခါ

တွေ့ရာ မီးဖိုမှာ ကပ်ပြီးလှုံမယ်။

မိုးသည်းတဲ့အခါ

အကြော်တဲပျက်မှာ မိုးခိုမယ်။

သိပ်ပူအိုက်တော့

ဆည်မြောင်းတွေထဲဆင်း ရေကူးမှာပေါ့။

ဆပ်ပြာ…..

ဆပ်ပြာဆိုတာ ညစ်ပတ်သူတွေ တိုက်ရတာ။

(၂၁)ရာစု အစောပိုင်းကတည်းက

ဆပ်ပြာ မတိုက်ခဲ့တာ

ဆယ်စုနှစ် နှစ်ခု ချီ၍ ကြာ။

 

နေ့စဥ် လှုပ်ရှား သွားလာနေရတာ

ကျွန်တော့်တို့ အလုပ်တွေ မဟုတ်လား။

လှုပ်ရှားရှင်သန်ခြင်းဟာ အဓိပ္ပါယ်ရှိသော

အသက်ရှင်နေထိုင်ခြင်း မဟုတ်လား။

အသက်ရှင်နေသရွေ့ အသက်ရှင်ဖို့ အသက်ရှင်နေသူတွေ

သွားလာကြရဦးမှာ။

လွတ်လွတ်လပ်လပ် ရွာရိုးကိုးပေါက်

သွားခွင့်ရနေတယ်ဆိုတာ

နည်းတဲ့ ကုသိုလ်ကံ မဟုတ်ဘူး။

 

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင်

ဓါတ်ဘူး၊ ဓါတ်ဆန်လဲသူ ဖြစ်လိုက်ချင်။

Vacuum Flask ကို Sir.James Dewar က

တီထွင်ခဲ့တာ ကျွန်တော် သိဖို့မလို။

သီပေါမင်း ပါတော်မူပြီး (၇)နှစ်အကြာ

Scotland မှာ တီထွင်ခဲ့တာ သိဖို့မလို။

Conduction, Convection, Radiation,

အပူဖြာကူးခြင်း သိဖို့မလို။

ကျွန်တော့်အလုပ်က ဓါတ်ဘူး ဓါတ်ဆန်လဲသူ

ကျွန်တော့်အလုပ်က

ခေါ်ရင်သွားမယ်၊ ဝယ်ရင်ရောင်းမယ်၊ ခိုင်းရင်လဲမယ်။

ကောင်းမကောင်းတော့ အာမ မခံ။

မူလ ပစ္စည်းရောင်းသူကလည်း

Warranty မပေးပါ။

 

ကျွန်တော် ဝေဖန်သံတွေ ဂရုမစိုက်တတ်ဘူး။

သူပြင်တာ မကောင်းဘူးဆိုလည်း စိတ်မဆိုးဘူး။

သူ့ဓါတ်ဆန်တွေ တာရှည်မခံဘူးဆိုလည်း မငြင်းဘူး။

ဒီလူ လူညာကြီးလို့ စွပ်စွဲလာရင်လည်း

ဗိုလ်အောင်ဒင်လို တဟားဟား ရယ်နေဦးမှာ။

Social Media တွေကနေ

Cyber Bullying လုပ်လာလည်း

Ignore လုပ်ထားလိုက်မှာ။

 

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင်

ဓါတ်ဘူး၊ ဓါတ်ဆန်လဲသူ ဖြစ်လိုက်ချင်။

အနာဂတ် ရည်မှန်းချက်အနေနဲ့

ကျွန်တော်ဟာ

နေပူမိုးရွာ မရွေး၊ ဥတုသုံးပါးမရွေး

ရွာရိုးကိုးပေါက်သွားပြီး

ဓါတ်ဘူး ဓါတ်ဆန် လဲခြင်းအမှု ပြုဦးမှာ၊

နေ့စဥ်လှုပ်ရှား ရှင်သန်နေခြင်းဟာ

ဘဝကို အဓိပ္ပါယ် ပြည့်စွာ ဖြတ်သန်းခြင်း မဟုတ်လား။

 

ဓါတ်ဘူး ဓါတ်ဆန်အလဲမှားလို့

အသက်အန္တရာယ် ထိခိုက်တာ မကြားဖူးပါ။

ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတာ မကြားဖူးပါ။

စိတ်ဒဏ်ရာ ကြီးကြီးမားမားရတာ မကြားဖူးပါ။

စီးပွါးပျက်ကပ် ကြုံရတာ မကြားဖူးပါ။

 

နောက်ဆုံးတော့

“ပစ္စည်းဆိုတာ တန်ဖိုးကြီးကြောင်း

ပျက်စီးတတ်ကြောင်း

ပျက်စီးလို့ ပြင်ရရင် ပြန်ကောင်းဖို့ မသေချာကြောင်း

ထို့ကြောင့် ရိုသေစွာ ကိုင်တွယ်ဖို့ လိုကြောင်း။”

Knowledge တစ်ခု၊ Concept တစ်ခု

ရွာသားတွေရဲ့ရင်ထဲ

စိမ့်ဝင် စွဲကပ် ခိုင်မာ သွားမယ်ဆိုရင်

ကျွန်တော်ဟာ

ကျွန်တော့ အလုပ်အကိုင်အတွက်

တစ်သက်တာ

ကျွန်တော် ခေါင်းမော့ရင်ကော့ နေလိုက်မှာ။

 

ကျွန်တော်သာ ဆရာဝန်မဖြစ်ခဲ့ရင်

ဓါတ်ဘူး ဓါတ်ဆန်လဲသူ ဖြစ်လိုက်ချင်။

စသည်ဖြင့် စသည်ဖြင့် စသည်ဖြင့် ထွေရာလေးပါး စိတ်ကူးမိတော့တာပါပဲ။

သို့သော်… အခုတော့ ကျွန်တော် ဆေးခန်း ဖွင့်ဆဲပါ။ စာသင်ဆဲပါ။ စာရေးဆဲပါ။ တစ်ခါ တစ်ခါတော့လည်း ပျင်းတာပေါ့။ ပျင်းတဲ့အခါကျ ဟိုတွေး ဒီတွေး။ ဟိုငေး ဒီငေး။ ဟိုရေး ဒီရေးပေါ့။ ကျွန်တော်သာ ဆရာဝန် မဖြစ်ခဲ့ရင်…။ ။

နိုင်လင်းထွန်း (ဆေး/မန်း)