စကားစမြည် ဆိုချင်သည်

နိုင်လင်းထွန်း (ဆေး/မန်း)

ကျွန်တော်သည် လူငယ်တို့နှင့် စကားစမြည်ဆိုလေ့ရှိပါသည်။ စကားစမြည်ဟူသည် ဆုံးမ စကား၊ အမိန့်ပေးစကား၊ တောင်းပန်စကား မဟုတ်။ ရင်းနှီးစွာ ပြောဆိုသောစကား ဖြစ်ပါသည်။ ဤဆောင်းပါးတွင် လူငယ်တို့နှင့် စကားစမြည် ပြောဆိုပုံကို တွေ့ရပါလိမ့်မည်။

 

(၁) ထန်းပင်မြစ်

ထန်းပင်မြစ် ဟူသည် ထန်းစေ့ကို မြေတွင် မြှုပ်ထားရာမှ ပေါက်လာသော ထန်းပင်အစို့ဖြစ်ပါသည်။ ကျွန်တော်တို့က ထန်းပင်ပေါက် ဟုလည်း ခေါ်ကြသည်။ ကျွန်တော် ထန်းပင်မြစ် ကြိုက်ပါသည်။

ထန်းပင်မြစ်ကို ပြုတ်၍လည်း စားကြသည်။ မီးဖုတ်၍လည်း စားကြသည်။ မီးဖုတ်၍ စားမှ အရသာရှိပါသည်။ ရနံ့လေးလည်း သင်းပါသည်။ ပြုတ်စားလျှင်တော့ အရသာရှိမည့်ပုံ မပေါ်ပါ။ ကျွန်တော်မစားဖူးပါ။ စိတ်ကူးထဲ၌ပင် စားချင်စိတ် မရှိပါ။

ထန်းပင်မြစ်ကို မီးကျီးခဲ သို့မဟုတ် ပြာပူထဲမှာ ဖုတ်ရသည်။ ထန်းပင်မြစ်ကို မီးထဲ ဒီအတိုင်း ပစ်ထားလို့ မရပါ။ ထန်းပင်မြစ်ဘဝမှာ ထင်းချောင်းဘဝ ရောက်သွားပါလိမ့်မည်။ ထန်းပင်မြစ်ဘဝမှ မီးသွေးခဲဘဝ ပြောင်းသွားပါလိမ့်မည်။ ထန်းပင်မြစ်၏ ခေါင်းကို မီးအပူပေးဖို့ အဓိကဖြစ်သည်။ တစ်ဖက်သတ် လောင်ကျွမ်းမသွားအောင် ထန်းပင်မြစ်ကို လှည့်ကာ လှည့်ကာပေးရပါသည်။ ကြက်ဥပြုတ်သလို ရေထဲထည့် မီးအပူပေးပြီး ပစ်ထားခဲ့လို့ ရတာမျိုး မဟုတ်ပါ။

ကျက်ပြီဆိုတော့ မည်းနက်လောင်ကျွမ်းတူးခြစ်နေသော အခွံမည်းတွေကို တုတ်ချောင်းလိုအရာမျိုးနှင့် ခြစ်ဖယ်ပစ်ရမည်။ ထန်းပင်အမြစ်အသား ဝါညိုညိုလေးပေါ်လာပါမည်။ အငွေ့လေးတလူလူနှင့်။ ထန်းပင်မြစ်ကလည်း ပူပူလေးမှ စားလို့ ကောင်းတာဗျ။

အဲသည် ထန်းပင်မြစ်ကလေးကို ဦးခေါင်းအောက်စိုက်ပြီး ဇောက်ထိုးကလေးထောင်လိုက်။ အဖျားပိုင်းက နှစ်ခြမ်းဆုံရာ အရာကလေးကို လက်နဲ့ဆွဲခွာလိုက်။ ပြီးတော့ လက်နဲ့အလိုက်သင့် အားလေးသုံးပြီး အသာဖြဲဟလိုက်။ ရှောရှော ရှောရှောနဲ့ ထန်းပင်မြစ်က နှစ်ခြမ်းကွဲသွားတော့တာပါပဲ။ အလယ်မှာ အူတိုင်ချောင်းလေးက ကျောက်တိုင်လို ထိုးထိုးထောင်ထောင်ကျန်နေခဲ့တော့သည်။ အငွေ့တထောင်းထောင်းနှင့်။

ထန်းပင်မြစ်ခြမ်းကို လက်တစ်ဆစ်သာသာလေးတွေ ချိုးရသည်။ အမျှင်လေးတွေ ဖယ်ရတာလည်း လွယ်ပါသည်။ ချိုးရင်းအမျှင်သင်၊ အမျှင်သင်ပြီး ချိုး၊ ချိုးခြင်းသင်ခြင်း အမှုကို အပြန်အလှန် ပြုသွားရပါသည်။ အောက်ပိုင်း တစ်မိုက်စာလောက်တော့ လွှင့်ပစ်လိုက်ပါတော့ဗျာ။ သံယောဇဥ် အမျှင်တန်း မနေပါနဲ့တော့။

ထန်းပင်မြစ်လေးတွေက ဆီနဲ့ ဆားနဲ့ စားမှ ကောင်းတာဗျ။ ရေနွေးကြမ်းလေးနဲ့ပေါ့။ ထန်းပင်မြစ်ကို ထုထောင်းပြီးလည်း စားကြပါသေးသည်။ အဲဒါပိုကောင်းတာပေါ့ဗျာ။ ထန်းပင်မြစ်မှာ ဗီတာမင်ဘီ-၁ ၊ ဘီ-၂၊ အဆီနဲ့ ပရိုတင်းဓာတ် ပါဝင်ပါသတဲ့။

ကျွန်တော်ကတော့ ထန်းပင်မြစ်လည်း လူကြီးတွေ ကျွေးသလောက်ပဲ စားတာပါပဲ။ မကြိုက်ဘူးလည်း မဟုတ်။ ကြိုက်လှသည်လည်း မဟုတ်ပါ။ ကျွန်တော့်ညီကတော့ မူလတန်းကတည်းက ထန်းပင်မြစ်ကို ကိုယ်တိုင် ဖုတ်စားလာသူ ဖြစ်သည်။ ကောင်းကောင်း ဖုတ်တတ်တယ်ဗျ။ ပြီးတော့ အခွံချွတ်၊ ခွဲ၊ ချိုး၊ သင်ပြီး ဆီနဲ့ ဆားနဲ့ ကျကျနန စားတတ်သည်။

မန္တလေးမှာလည်း ထန်းပင်မြစ် ရပါသည်။ မန္တလေးမှာတော့ အစည်းလိုက်ဝယ်ပြီး အိမ်မှာ မီးဖုတ်စားသူ သိပ်မရှိဘူးဟု ထင်ပါသည်။ လမ်းထောင့်တိုင်းမှာလိုလို ဈေးသည်လေးတွေက ထန်းပင်မြစ်ဖုတ် ရောင်းကြသည်။ ယပ်တောင်တဖျပ်ဖျပ်၊ မီးပွားတလွင့်လွင့်၊ မီးပေါက်သံ တချွတ်ချွတ်နဲ့ပါ။ ထန်းပင်မြစ် မီးဖုတ်ရနံ့လေးက လေပြည်ထဲမှာ လွင့်ပျံရစ်ဝဲလို့။ မန္တလေး၏ နှင်းရည်လူးသော ဆောင်းဦးရနံ့။

ထန်းစေ့များကို ဝါခေါင်၊ တော်သလင်းလတွင် စိုက်ပျိုးကြပြီး တန်ဆောင်မုန်း၊ နတ်တော်လတွင် တူးဖော်ရပါသည်။ ထန်းစေ့ကို စိုစွတ်သော သဲမြေတွင် စိုက်ကြပါသည်။ ထန်းစေ့ တစ်ကျင်းမှာ ထန်းစေ့ လှည်းသုံးစီးတိုက် စိုက်နိုင်ပါသည်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ဆောင်းမနက်ခင်းဆို မီးဖိုအနီးမှာ စုဝေးထိုင်ကြပြီး မီးလှုံကြသည်။ ထန်းပင်မြစ်ဖုတ် စားကြသည်။ စကားစမြည် ပြောကြသည်။ ဆွေးနွေးကြ၊ ဆုံးမကြ၊ သွန်သင်ကြပါသည်။ အခုတော့ ထိုသို့ ဆုံဆည်းဖို့ မလွယ်ကြတော့ပါ။ ကလေးတွေက မိုးမသောက်ခင်က ကျူရှင်သို့ ရောက်နေကြပါပြီ။

ထန်းပင်မြစ်၏ အလယ်အူတိုင်လေးကို သင်ကာ ယပ်တောင်ထိုးကြသည်။ များသောအားဖြင့် သမင်ရုပ်ကလေးတွေ ထိုးကြပါသည်။ လက်မှုရေးရာလည်း လေ့လာကြသေးတာပေါ့ဗျာ။

ထန်းပင်မြစ်တွင် ရုက္ခစိုးထန်းပင်မြစ်သည် နာမည်ကြီးသည်။ ရုက္ခစိုးရွာက ထွက်တာပေါ့ဗျာ။ အခု စဥ်စားကြည့်တော့ ရုက္ခစိုးရွာက ဘယ်နားမှန်း မသိတော့ပါ။

မန္တလေးမှာတော့ ဆောင်းရာသီရောက်လျှင် ထန်းပင်မြစ်ဖုတ်သည်တို့သည် လမ်းထောင့်တိုင်းမှာ လိုလို အလျှိုလျှို ပေါ်လာကြပါသည်။ ကျွန်တော် ထန်းပင်မြစ် သိပ်မစားဖြစ်ပါ။ သို့သော် ထန်းပင်မြစ် မီးဖုတ်သော ရနံ့ကိုမူ နှစ်ခြိုက်ပါသည်။ နှင်းရည်လူးသော ဆောင်ဦးရနံ့။

 

(၂) တက္ကသိုလ်ကျောင်းသူကြီး

Fergie’s Fledgling ဟူသော အသုံးတစ်ခုရှိသည်။ ဖာဂူဆန်ရဲ့ အပျံသင် ငှက်ကလေးများပေါ့။ The Class of 92 ဆိုတာလည်း ရှိသည်။ ဖာဂူဆန်ရဲ့ တပည့်ကျော် (၆)ယောက်အကြောင်းပါပဲ။ ဒေးဗစ်ဘက်ခမ်း၊ နစ်ကီဘတ်၊ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်နဲ့ နဗီးညီနောင်တို့ပါ။

Dr. Naing’s Fledglings သို့မဟုတ် The Class of 2000 မှ တကယ့်ကလေး (၆)ဦး မနှစ်က (၁၀)တန်းဖြေကြသည်။ (၃)ဦး အောင်ပါသည်။ သက္ကရာဇ် နှစ်ထောင်ပြည့်သည့် နှစ်သည် ကျွန်တော်တို့ အဖို့ ဆွေမျိုးတိုးသော နှစ်ဖြစ်လေသည်။ တူ၊ တူမ (၅)ယောက် မွေးသည်။ အိမ်နီးချင်းက တစ်ယောက်(ကိုကြီးတာ)။ စုစုပေါင်း Dr.နိုင် ၏ ငှက်ကလေး (၆)ကောင်ပါ။ ကျရှုံးသူ ကိုကြီးတာက ပခုက္ကူဘက်သွား၍ ပညာထပ်မံသင်ပါသည်။ သိုင်းလောက က ပျောက်သွားသည့် အညတရ သိုင်းသမားလိုပါပဲ။ ဘယ်အချိန် ဘွားကနဲ ပြန်ပေါ်လာမလဲ စောင့်ကြည့်ကြပါစို့။ ဟိုးနေ့ကတော့ ချမ်းလို့တဲ့။ အနွေးထည်နှင့် စောင် မှာပါသည်။ ချောင်းကလေး တဟွတ်ဟွတ်နှင့်။

ကျရှုံးသူ နောက်တစ်ယောက် ဖြစ်သော ဝမ်းကွဲညီရဲ့သမီးဆီကတော့ ဘာသတင်းမှ မကြားရပါ။ အစ်ကို့သမီးကတော့ မနှစ်က ဘော်ဒါမှာပဲ တက်နေပါသည်။ တိုးတက်မှု၊ ဆုတ်ယုတ်မှု မသိရပါ။ ဒါက ကျရှုံးသူ (၃)ယောက်ရဲ့ အခြေအနေ ဖြစ်ပါသည်။

အတူနေခဲ့တဲ့ တူမက (၃)ဘာသာ ပါသည်။ (၄၈၄)မှတ်။ တစ်ဘာသာ ပျှမ်းမျှ (၈၀)တောင် ကျော်ပါသေးသည်။ အင်္ဂလိပ်စာနှင့်ပတ်သတ်တာ တက်မည်ဟု ပြောပါသည်။ အခုထိ ဂဏန်းမတည်သေး။

(၄၇၃) ပဲ ရသည့် တူတော်မောင်က ကံကောင်းသည်။ Dental တက်ခွင့်ရသည်။ Dental ဆိုတာ ကျွန်တော်တို့ လင်မယားရဲ့ ပဝတ္တိမြေလေ။ မွေးဖွားပြီးနောက် ရွေ့ပြောင်းကြီးပြင်းရာ အရပ်ဟု ဆိုလိုပါသည်။

ဒါတောင် ဝင်ခွင့်ကျခါနီးကျတော့ အမှတ်က မဝင်တော့ဘူးလိုလို ဖြစ်သွားပြီး စိတ်ပူသွားရပါသေးသည်။ သို့သော် ဝင်ပါသည်။ လူအေးလေး သွားဆရာဝန်ကြီး ဖြစ်ပါတော့မည်။

အားလုံးသေချာတော့ အစ်မ၏ သမီးက ထဖောက်ပြန်သည်။ (၅)ဘာသာ (၅၂၀)ရသူက ဆေးတက္ကသိုလ် ဝင်ပါ့မလား… တဲ့။ ကြာကြာမပူလိုက်ရပါ။ မျက်နှာစာအုပ်ပေါ်မှာ ဝင်ခွင့်ကို တွေ့ရပါတော့သည်။ ပလူကို ပျံလို့။

(ကျွန်မသားလေး ဆေး/မန်း ဝင်ခွင့်ရပြီ။)

(သားလေးက ဆိုးပေးမယ့် UMM တော့ ဝင်ပါသေးတယ်။ ခွိခွိခွိ)

(စမီး ဆေးကျောင်းတက်ပါမယ်ရှင့်။)

ဆိုတာမျိုးတွေပေါ့ဗျာ။ မုဒိတာစိတ်နှင့် ဖတ်ရတာပေါ့ဗျာ။

ဇီးကွက်ကြီးဟာ မင်းမဖြစ်ကတည်းက မျက်လုံးပြူးကြီးနဲ့။ … ဟု အမေက ပြောလေ့ရှိပါသည်။ ကျွန်တော့်တူမက နဂိုကတည်းက ရင်တုန်၊ ပျို့အန်၊ အစားပျက်တတ်သည်။ ဆေးကျောင်း မည်သို့ တက်မည် မသိပါ။

ရှေ့သို့သာသွား … သောကြာကြယ်အလားဟု မင်္ဂလာရှိရှိအားပေးပါသည်။ ဆေးကျောင်းသားဆိုတာ ဖျာလိပ်ခေါင်းထဲဝင်တဲ့သူဟု တင်စားကြသည်။ နောင်ပြန်မလှည့်ကြေး။ သို့သော် တစ်မျိုးလုံး ဆရာဝန်တွေချည်းမို့ သူ့ခမြာ ကွင်းမစိမ်းရှာပါ။

(သမီးဖြင့် တက်သာတက်ရမှာ…) ဟု တူမက ပြောရိုးပြောစဥ်စကားကို ဆိုပါသည်။ သို့သော် ဒုတိယနှစ်မှ သင်ရမည့် ခန္ဓာဗေဒဘာသာရပ် ကျူရှင်ကြိုတက်နေတာတောင် လေးငါးလရှိပါပြီ။

 

(၃) ကထိက

“ကထိကကြီးရဲ့ စာသင်ချိန်ကျမှ ဒုက္ခပါပဲ။” ဟူသော ကြော်ငြာစာသားတွင် သူပြောသည့် ကထိက ဟူသည် Lecturer ကို ဘာသာပြန်ထားသည့် စကားဟု ကျွန်တော်တွေးမိပါသည်။ Lecturer တွင် အဓိပ္ပါယ် အနည်းဆုံး နှစ်မျိုးရှိသည်။ တက္ကသိုလ် ဆရာ ဆရာမ ကထိက အဆင့်သည် အဓိပ္ပါယ်တစ်မျိုးဖြစ်သည်။ နောက်တစ်မျိုးမှာ Lecture ပေးသူ၊ စာသင်သူဟုလည်း အဓိပ္ပါယ် ရပါသည်။

ဘယ်သူက ကထိကကြီးရဲ့ အရှိန်အဝါကို ကြောက်နေမှာလဲ။ သူ့အထက်မှာ အဆင့်ဆင့်ရှိသေးသည်။ ဆေးလောကမှာ (ကျွန်တော်တို့ဆီမှာ) အသက် (၄၀)ဝန်းကျင်ဆို ပါမောက္ခတွေ ဖြစ်ကြပြီ။ ဟိုးတုန်းက နှစ်ဆယ်ကျော်နဲ့ ဖြစ်လာလည်း ရှိတာပေါ့ဗျာ။

လက်တွေ့ဘဝကို အခြေခံပြီး အမှန်အတိုင်းရေးရရင် ကထိကအဆင့်ကို ဘယ်သူမှ ကြောက်ရွံ့အားနာနေမှာ မဟုတ်ပါ။ စာပေပညာ သင်ကြားပေးသူကို ကြောက်တာသာ ဖြစ်ပါမည်။ ထိုပုဂ္ဂိုလ်သည် ပါမောက္ခ ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် နာမည်ကျော်လည်း ဖြစ်နေနိုင်ပါသည်။ လေးစားထိုက်သူမို့ ကြောက်ရွံ့အားနာတာ ဖြစ်ပါမည်။

ကထိကဟူသည် စာပေပို့ချသူ ဖြစ်သည်။ ပါဠိစကား ကထိက မှ လာပါသည်။ ဓမ္မကထိက ဟူသော စကားမှာ အထူးထင်ရှားသည်။ တရား ဟောပြောသူပေါ့။

ဟိုးတုန်းကတော့ ကထိက ဖြစ်ဖို့ အတော်စောင့်ရသည်။ ဘွဲ့ကို အထူးစဥ်စားသည်။ သင်တန်းတွေ ထည့်တွက်သည်။ နှစ်ဘွဲ့လောက် ရရုံနှင့်တော့ ကထိကပင်မဖြစ်တာမျိုးတွေ ကြုံခဲ့ရဖူးသည်။ အခုတော့ ဖြစ်ပါပြီ။ ကထိက ပေးတာ အတန်ကြာပါပြီ။

မကြာခင်ကတော့ ကထိက၏ တာဝန်ဝတ္တရားများဟူသော စာတစ်စောင်ဖတ်လိုက်ရသည်။ အတော်များတာပဲ။ ကထိကရာထူးသည် အလယ်တန်း ကစားသမားနေရာနှင့် တူသည်။ နေရာတိုင်းမှာ ပါနေရတော့တာပဲ။ ကထိကရာထူးသည် ငယ်ငယ်တုန်းက ကစားခဲ့သော ဇာခြင်ထောင်နှင့်တူသည်။

ဇာခြင်ထောင်ကြီး ဘယ်လောက်ကြီး

ဟော ဒီလောက်လောက်ကြီး။

ဇာခြင်ထောင်လေး ဘယ်လောက်သေး

ဟော ဒီလောက်လောက်သေး။

သူ ကြီးချင် ချက်ချင်းကြီး၊ သေးချင်ရင် ရုတ်တရက် ပြန်သေးသွားတတ်တာမျိုးပါ။ အဘိဓာန် ဖွင့်ဆိုချက် စာပေပို့ချသူ ဆိုတာလေးကတော့ နှစ်သက်စရာပါ။

ကျွန်တော် ဆေးပညာနှီးနွယ် တက္ကသိုလ် တစ်ခုကို ပြောင်းတော့ မိတ်ဆွေ အရိုးဆရာဝန်ကြီးက “ကိုနိုင်လင်းထွန်း AP ဖြစ်ပြီလား”ဟု မေးသည်။ “တွဲဖက်ပါမောက္ခ ဖြစ်ပြီလား”ဟု မေးခြင်းဖြစ်သည်။

“Lateral ဆရာရယ်” ဟု ကျွန်တော် ပြောတော့ သူကရယ်လေသည်။ “ဘေးတိုက် ပြောင်းရွှေ့တာပါ။”ဟု အဓိပ္ပါယ်ဖြင့် ပြောသည်။

AP, Lateral ဆိုတာတွေက ဓာတ်မှန်ရိုက် ရာတွင် သုံးသော အသုံးလည်း ဖြစ်ပါသည်။

သို့သော် တက္ကသိုလ်ဆရာ အဆင့်တွင် သီချင်းဖွဲ့သီး၍ ဂုဏ်ပြုခံရသော ရာထူးမှာ ကထိက ရာထူးသာ ရှိလေသည်။ စာတော်တဲ့သူတဲ့။

ချီးကျူးတဲ့သူက အခြားသူ ဟုတ်ရိုးလား။ (ဦး)ကိုင်ဇာကြီးဗျ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကတည်းက ချီးကျူးခဲ့တာပါ။ အချစ်ရဲ့ ကိုယ်ရံတော် သီချင်းမှာလေ။ နားထောင်ကြည့်ပါဦး။

(မ)… လိုက်လို့မရတဲ့စာတွေ

လာပြပေးဖို့ မမေ့နဲ့နော်။

(ကျား)… ချစ်သူအတွက်ဆို ကထိကလိုပဲ တော်။ … ဆိုပဲ။

 

(၄) ပန်းပြားပင်

မိုးသက်လေပြင်းကျလျက်ရှိသည်။ အောက်ပြည်အောက်ရွာ၏ မိုးကား လေပြင်းနှင့်အတူ မုန်တိုင်းဆင်လျက်ရှိသည်။ သစ်ပင်ကြီးများကား လေပြင်းဒဏ်ကို မခံနိုင်။ ကျိုးပြတ်ပြိုလဲကာ မြေပြင်တွင် ပြားပြားဝပ်၍ သွားကြလေသည်။

သို့သော် ပန်းပြားပင် မြက်ငယ်တို့ကား လေပြင်းဝှေ့တိုင်း မိုးသီးမိုးပေါက်တို့၏ တေးဂီတသံကြားဝယ် မြူးတူးကခုန်ကာ ယိမ်းနွဲ့လျက်ရှိကြသည်။

ပန်းပြားပင် ဟူသည် လေတိုက်ရာ ယိမ်းနွဲ့သော မြက်ရှည်တစ်မျိုး ဖြစ်ပါသည်။ / ဗဗျားပင် / ဟု အသံထွက်ရလေသည်။

ထိုကျိုးပဲ့သွားသော သစ်ပင်များ၊ ယိမ်းနွဲ့ရှင်သန်ဆဲ ပန်းပြားပင်များကို ကြည့်၍ သံဝေဂယူနေသူမှာ အမှတ်ကြီး ရာဇသင်္ကြန် ဖြစ်ပါသည်။

ရာဇသင်္ကြန်အမတ်ကြီးသည် ပုဂံပြည် ဥဇနာမင်းကြီး၏ အမတ်ကြီး ဖြစ်ပါသည်။ ဥဇနာမင်းကြီးတွင် ပန်းပွတ်သည်မျိုးဖြစ်သော မိဖုရားမှ ဖွားမြင်သည့် သားတော် နရသီဟပတေ့နှင့် အခြားမိဖုရားမှ ဖွားမြင်သည့် သားတော် သီဟသူဆိုပြီး သားတော်နှစ်ဦးရှိသည်။ သီဟသူက သားတော်ကြီး။ ထီးနန်းရထိုက်သူ။

သို့သော် အမတ်ကြီးရာဇသင်္ကြန်နှင့် သီဟသူမှာ ရန်ငြိုးရှိသည်။ အမတ်ကြီး၏ အင်္ကျီလက်ကို သီဟသူက ကွမ်းသွေးနှင့် ထွေးဖူးသည်။ ထိုရန်ငြိုးကြောင့် အမတ်ကြီးရာဇသင်္ကြန်က နရသီဟပတေ့ကို နန်းရအောင် ကူညီခဲ့သည်။

သို့သော် နရသီဟပတေ့မင်းက အမတ်ကြီးကို ကောင်းကောင်း မမြှောက်စား။ ထို့ကြောင့် အမတ်ကြီးက တစ်နေ့တွင် ဘုရင်ကို စောင်းချိတ်စော်ကား၍ အခစားဝင်သည်။ သူ၏ Performance က ပန်းကပ်အကျိုးအပဲ့နှင့်ဝင်၍ ခစားခြင်း။ “ပန်းပွတ်သည် သားမြေးတွေ ကောင်းစားနေကြလို့ ပန်းပွတ်မည့်သူ မရှိလို့ပါဘုရား။”ဟု လျှောက်တင်သည်။ ဘုရင်ကလည်း ခေသူမဟုတ်။

“ဘုရားပြီး ငြမ်းဖျက်ရိုး” ဥပမာပြ၍ ရာဇသင်္ကြန်ကို အမတ်စည်းစိမ်မှ နုတ်ကာ ဒလသို့ နှင်လေသည်။

သည်တော့မှ အမတ်ကြီးက သံဝေဂ ရလေသည်။ ထားပါတော့။

“လူဆိုတာ… ယုံကြည်ရာတစ်ခုအတွက်… အသက်ကိုတောင် စတေးကြတာပဲ။” ဟု ဆိုကြသည်။ ကျွန်တော်လည်း မိမိအဆို၊ မိမိအမြင်၊ မိမိခံယူချက်အတွက် မားမားမတ်မတ် ရပ်တည်တာကို ဦးညွှတ်ပါသည်။ သို့သော်… မိမိက မှားနေရင်ကော။ မိမိက လွဲနေရင်ကော။ မိမိက တိမ်းစောင်းနေရင်ကော။

ကိုယ်က လမ်းမှားနေရင်တော့ ပြုပြင်ဖို့၊ အလျှော့ပေးဖို့၊ လမ်းကြောင်းမှန်ဘက် ကူးပြောင်းလျှောက်လှမ်းဖို့ ဝန်မလေးသင့်ဘူးဗျ။ ကိုယ့်အယူမှား ရင် ချက်ချင်းစွန့်ကြရမှာပဲ။ အယူမှန် လမ်းမှန်ရောက်အောင် အားထုတ်ကြရမှာပါပဲ။ Change, Change, Change.

(၃၈)ဖြာ မင်္ဂလာထဲမှာ “သောဝစဿတာ”ဆိုတာပါသည်။ ဆုံးမစကားကို နားထောင်ခြင်းဟာလည်း မင်္ဂလာတစ်ပါးပါပဲ။ Flexible ဖြစ်တာ ကောင်းသည်။ Rigid ဖြစ်လွန်းတာ မကောင်းပါ။

ကျွန်တော်လား… ။ ကျွန်တော်ဟာ ဘယ်တုန်းကမှ ပြောဆို ဆုံးမလို့ ကောင်းတဲ့သူ မဟုတ်ပါ။ ကျားကျား မီးယပ်ထဲမှာပါပါသည်။ အကြင်ဆရာတို့က လိမ္မာစေကြောင်း၊ ကောင်းပါစေလို၊ နှုတ်မြွတ်ဆိုလည်း ကျွန်တော်က မခံဘူးဗျ။ မပြုပြင်ဘူးဗျ။ ကျေးဇူးလည်း မတင်ဘူးဗျ။ ကိုယ်လုပ်ချင်ရာ လုပ်နေတဲ့ ငမိုက်သားပါပဲ။

အကျိုးဆက်ကတော့ လိုသလောက် ခရီးမပေါက်၊ မှန်းသလောက် ခရီးမတွင်၊ လမ်းခုလတ်မှာ ကန့်လန့်ကြီး တင်နေတော့တာပါပဲ။ ဘယ်နေရာမှာ မဆိုပါ။

မှန်နေရင်တော့ ဟုတ်တာပေါ့ဗျာ။ မှားနေရင်တော့ ဇွတ်ပေပြီး တောင့်ခံမနေသင့်ပါဘူး။

“ဝါးပင်တို့၊ ပန်းပြားပင် တို့ဟာ လေမှာ ယိမ်းနွဲ့နေစဥ် အတောင့်တင်းဆုံး သစ်ပင်ဟာ လွယ်လွယ်နဲ့ ကျိုးပဲ့တတ်တာ သတိပြုပါ။”

 

Bruce Lee (ဘရု(စ်)လီ)

ခင်ဗျားတို့ကော ယိမ်းနွဲ့လွယ်ရဲ့လား။

ကျွန်တော်တော့ဖြင့် အခုထိကို နေရာတိုင်းမှာ ကိုးရိုးကားယား၊ ထော်လော်ကန့်လန့်၊ ထိုးထိုးထောင်ထောင်။      ။

 

နိုင်လင်းထွန်း (ဆေး/မန်း)