စကားစမြည် ဆိုချင်သည်

နိုင်လင်းထွန်း (ဆေး/မန်း)

ကျွန်တော်သည် လူငယ်တို့နှင့် စကားစမြည်ဆိုလေ့ရှိပါသည်။ စကားစမြည်ဟူသည် ဆုံးမစကား၊ အမိန့်ပေးစကား၊ တောင်းပန်စကားမဟုတ်။ ရင်းနှီးစွာပြောဆိုသော စကားဖြစ်ပါသည်။ ဤဆောင်းပါးတွင် လူငယ်တို့နှင့် စကားစမြည် ဆိုပုံကို တွေ့ရပါလိမ့်မည်။

၁။ ပုန်းညက်ပန်း

သီတင်းကျွတ်သည်နှင့် ကျွန်တော်သည် ပုန်းညက်ပန်းရနံ့ကို တမ်းတမ်းတတ တောင့်တမိတတ်ပါသည်။ မုလေး၊ ပုန်းညက် စသော ပန်းတို့ကို ဝါဆိုလတွင် ဖူးပွင့်သော ပန်းဟု ဆိုကြရာ ကျွန်တော်သည် ပုန်းညက်ပန်း ရနံ့ကို ဝါဆိုဦးကတည်းက မျှော်လင့် စောင့်စားမိဖို့ ကောင်းသည်။ သို့သော် ကျွန်တော်သည် ဝါဆိုဦး၌ ပန်းရနံ့ကို သတိမရမိ။ ဝါကျွတ်ချိန်သို့ ရောက်ခါမှသာ လွမ်းဆွတ်တ.သ ရှာဖွေမိပါတော့သည်။

ပုန်းညက်ကို ဝါဆိုလ၏ ရာသီပန်းဟု ခေါ်ဆိုကြသော်လည်း ကျွန်တော်တို့ရွာမှာတော့ တစ်မိုးတွင်းလုံး ပွင့်ပါသည်။ ဝါကျွတ်ချိန် ရေတွေကျသွားသော ကာလ၌ အိမ်မှာရှိသော ပုန်းညက်ပင်တွေပင်လုံးကျွတ်ပွင့် ကြပါတော့သည်။ ဟော … မန္တလေးမှာ ကျတော့ နတ်တော်ပြာသိုအထိ ပွင့်ကောင်းဆဲပါပဲ။

ပုန်းညက် ဟူသည် အနံ့မွှေးသော အဖြူရောင်ပန်း အခိုင်လိုက်ပွင့်သည့် ပင်စောက်တစ်မျိုး ဖြစ်ပါသည်။ ပါဠိစကား “ပုန္နဂ”က လာတာတဲ့။

ပုန်းညက်ပင်သည် ရှင်လွယ်၊ ကြီးလွယ်၊ ဖူးပွင့်သီးလွယ်သော အပင်ဖြစ်သည်။ ကျွန်တော်တို့ ရွာက အိမ်မှာ ပုန်းညက်ပင် သုံးပင်ရှိသည်။ ဘကြီးစိုက်သည့် အပင်က အကြီးကြီး။ အမေစိုက်သည့် အပင်က အပင်လတ်။ နောက်စိုက်ပျိုးသူ အငြင်းပွားနေသော အပင်လေးက ရေတွင်းကုန်းနားမှာ။ အားလုံး ဖူးပွင့်သီးနေကြပါပြီ။ ခြံဝင်းထဲမှာ ပုန်းညက်ပင်ပေါက် ကလေးတွေကတော့ ပျိုးခင်းသဖွယ်ကို ဖြစ်လို့။

ကျွန်တော့်ဘကြီးနှင့် အမေက သစ်ပင်တွေကို ချစ်သည်။ အစ်မနှင့် ကျွန်တော်က ထိုအမွေကို ဆက်ခံရရှသည်။ ကျွန်တော့် ဦးကြီးကလည်း ပုန်းညက်ပင်ကို ချစ်တာပါပဲ။ မြင်းမူနယ်မှာနေသော ဦးကြီးက အိမ်ကိုလာလည်ရင်း ရေတွင်းကုန်းနားက ပုန်းညက်ပင်ပေါက်လေးကို သတိထားမိသွားသည်။ ခြံရှင်းနေသော အလုပ်သမားတွေကို ပုန်းညက်ပင်လေးချန်ထားဖို့ ပြောခဲ့သည်။ ထိုအမှုမဲ့ အမှတ်မဲ့ အပင်ကလေးသည် နောင်သုံးလေးနှစ်နေတော့ ဖူးပွင့် လာပါတော့သည်။ ထိုအခါ ငါ့ သစ်ပင်၊ သူ့သစ်ပင်၊ ကျွန်တော်စိုက်တာ၊ ကျွန်မရေလောင်းတာ စသည့်ဖြင့် ပိုင်ရှင် အငြင်းပွားကြတော့သည်။

“ဦးကြီး လက်ဆောင်ဘုံပင်ပေါ့

ဟု အမေက အဆုံးအဖြတ်ပေးပါသည်။

ကျွန်တော်တို့သည် ငယ်ငယ်လေးနှင့် ပွင့်သည့် ပုန်းညက်ပင်ကလေးအတွက် ဝမ်းသာ အားရ ရွှင်မြူးလျက် ရှိကြပါတော့သည်။

ပုန်းညက်ပန်း ရနံ့က သင်းပျံ့ပျံ့လေး မွှေးပါသည်။ ကျွန်တော်က ပုန်းညက်ကိုင်း၏ ထိပ်ဆုံးအရွက်တစ်ရွက်ကို ဆတ်ခနဲ့ ဆွဲခြွေလိုက်သည်။ ထိုအခါ ကျန်တစ်ရွက်က ရိုးတံမှာ ကပ်၍ ကျန်ခဲ့သည်။ ရိုးတံကို မန်ကျည်းစေ့လောက် ချိုးလိုက်သည်။ ရိုးတံထိပ်က နီနီရဲရဲ ရှည်ရှည်လေး။ ကြည့်ပါ ဦး … တကယ့် ငှက်ကလေးကျလို့။ ပင်ဂွင်းလေးနဲ့ တူသလိုလို။

ကျွန်တော်တို့ မက်မောတာက ပုန်းညက်သီး။ ပုန်းညက်သီးက ဂေါ်လီလုံး အသေးစားလောက်ရှိသည်။ ပုန်းညက်သီး ကို ရေမှုတ်လုပ်ကြသည်။ ပုန်းညက်သီးကို တမံတင်းမှာ သွေးကြသည်။ အတွင်းက အဆန်တွေ ကလော် (ကော်) ခြစ်ထုတ်၊ ပုန်းညက်ခွက်လေး ရပါပြီ။ ထိပ်နှစ်ဖက် အပေါက်လေးတွေဖောက်။ ဝါးတုတ် ကလေး တွေတပ်။ ကကယ့် အုန်းရေမှုတ်ကလေး အတိုင်းပါပဲ။

ရနံ့ငယ်ဖြာ

ညှာတံကငုံဖူး

ပုန်းညက်ကယ်ခိုင်ပင်မင်း

သင်းပျံ့ပျံ့ကြူး။

(ဖိုးသူတော်ဦးမင်း)

ဝါဆို၊ ဝါခေါင် နှစ်လတွင် ထိမ်၊ မအူ၊ လက်ထုတ်၊ ဆပ်သွား၊ မုလေး၊ ပုန်းညက်စသော ပန်းတို့သည် ပွင့်ကုန်၏ ဟု ဉတုဘောဇန သင်္ဂဟကျမ်း၌ ပါရှိပါသည်။

ဒီပင်္ကရာ မြတ်စွာဘုရားရှင်သည် သုမေဓာရှင်ရသေ့တို့ ခရီးလမ်း ညှိဖို့ရာ အရပ်သို့ ကြွလာတော်မူ သောအခါ လူတို့က ပန်းအမျိုးမျိုးဖြင့် ကြဲမြှောက်ပူဇော်ကြလေသည်။ ထိုပန်းတို့တွင် ပုန်းညက်ပန်းပါဝင်သည်ဟု ဆရာကြီး မင်းသုဝဏ်က ရေးပါသည်။ ပုန္နဂ … ပုန်းညက်ပွင့်။

ပုန်းညက်ပင်သည် သရဖီပင်၊ သစ်ပြောက်ပင်၊ ပန်းစကားပင်တို့နှင့် ဆွေမျိုးတော်သည်ဟု ဆိုကြပါသည်။ ပုန်းညက်နှင့် သရဖီပင်၊ ပန်းပွင့်တို့မှာ အတော်ပင် တူကြပါသည်။

ပုန်းညက်ဖူး၊ ပုန်ညက်ပွင့်တို့သည် သရဖီနှင့် အတော်တူသည်။ ပန်းဖူးတို့သည် ဗုံတီးသည့် တုတ်တံ Drum Stick နှင့် တူကြသည်။ ကျွန်တော်တို့ တိုက်ပုံအင်္ကျီက ပုစဉ်းခေါင်းကြယ်သီးလုံးနဲ့ ပိုတူပါသည်။ ပုန်းညက်ဖူးက ပိုကြီးသည်။ ပြီးတော့ ဆွတ်ဆွတ်ဖြူ၊ သရဖီဖူးက နည်းနည်းသေးသည်။ အရောင်က အဖြူသက်သက်မဟုတ်။ စိမ်းဝါရောင်လေး စွက်ချင်သည်။

ပွင့်ဖက်၊ ပွင့်ချပ်၊ ဝတ်ဆံချင်းလည်း တူပါသည်။ သို့သော် ပုန်းညက်ပန်းက ကျေးတောသူ အလှလို ရိုင်းကြမ်းချင်သည်။ သရဖီက နန်းတွင်းသူလို သိမ်သိမ်မွေ့မွေ့ရှိသည်။ ပုန်းညက်ပွင့်၏ အလယ်တွင် အနီရောင် အသီးလေးကို မြင်ရလေ့ရှိပါသည်။

သရဖီပန်းက ပင်စည်၊ သစ်ကိုင်းမှ တိုက်ရိုက်ထွက်သည်။ ပုန်းညက်က အခိုင်လိုက် ပွင့်ပါသည်။ သရဖီက တစ်နေကုန် ပွင့်လန်းပါသည်။ သရဖီက တပေါင်း၊ တန်းခူးမှာပဲ ပွင့်သည်။ ပုန်းညက်က ဝါဆိုဉီးကနေ ဆောင်းလယ် ထိ ပွင့်ပါသည်။

သရဖီပန်းရနံ့က ပြေပြေပျော့ပျော့ နုနုလေး။ ပုန်းညက်ပန်းရနံ့က ပို၍ သိသာထင်ရှားမွှေးမြပါသည်။ သစ်ရွက်သစ်ခက် ရနံ့စိမ်းပါသည်ဟုပင် ဆိုနိုင်ပါသည်။ သို့သော် ရိုင်းစိုင်းကြမ်းရှခြင်း အလျင်းမရှိပါ။

… ပုန်းညက်ပင်အောက်မှာ ထိုင်က ပန်းကလေးတွေ မင်းကိုပန်ပေး။ … ပုန်းညက်တို့ ရောက်ရှိကြောင်းတွေ ကြေညာက …

ပုန်းညက်ပန်း အကြောင်းကတော့ ခေတ်အဆက်ဆက် ရေးဖွဲ့သီကုံး နေကြဆဲပါပဲ။

“ဝါဆို ကရကဋ်မှန် ပြုဗ္ဗာသန်

မြိုင်ယံ ပုန်းညက်သင်း”

ဝါဆိုလရဲ့ ရာသီက ကရကဋ်။ နက္ခတ်တာရာက ပြုဗ္ဗာသန်တဲ့။ ရာသီပန်းကတော့ ပုန်းညက်ပန်းပါ။

ပုန်းညက်ပင်သည် အပူပိုင်း ရာသီဉတု စွတ်စိုသော ပင်လယ်ကမ်းခြေ ဒေသမျိုး၌ ဖြစ်ထွန်းပါသည်။ သဘာဝ အလျောက် ပေါက်သလို၊ စိုက်ပျိုး၍လည်း ရပါသည်။

ပုန်းညက်ပင်၏ အရွက်၊ အခေါက်၊ အခေါက်၊ အစေ့ တို့ကို ဆေးဝါးအဖြစ် အသုံးပြုကြပါသည်။ ပုန်းညက်ပင်ရဲ့ သစ်သားကို ပရိဘောဂလုပ်ဖို့ အသုံးပြုကြပါသတဲ့။ ပုန်းညက်သီးက ထုတ်လုပ်ရရှိတဲ့ အဆီကို ဘိုင်အိုဒီဇယ် လောင်စာဆီ ထုတ်လုပ်နိုင်ပါသတဲ့။

ပုန်းညက်ကို အင်္ဂလိပ်လို Alexandrianlaurel ဟု ခေါ်ကြသည်။ သိပ္ပံအမည်မှာ Calophyllum inophyllum ဖြစ်ပါသည်။

သရဖီပန်းရနံ့က

ပြေပြေပျော့ပျော့ နုနုလေး။

ပုန်းညက်ပန်းရနံက

ပို၍ သိသာထင်ရှား

မွှေးမြပါသည်။

သစ်ရွက်သစ်စက်

ရနံ့စိမ်းပါသည်ဟုပင်

ဆိုနိုင်ပါသည်။

သို့သော်

ရိုင်းစိုင်းကြမ်းရှခြင်း

အလျင်းမရှိပါ။

ငယ်ငယ်တုန်းကတော့ ပုန်းညက်ပန်းရနံ့ကို အထူးတလည် သတိမထားမိ။ အသက်ကြီးလာတော့ ပုန်းညက်ပင် ပုန်းညက်ပန်းတို့ကို သတိထားကြည့်တတ်လာသည်။ မိုးဦးဝင်သည်နှင့် ပုန်းညက်ပင်တို့ကို လမ်းသွားရင်း ရှာကြည့်နေတတ်ပါသည်။ သီတင်းကျွတ်သည်နှင့် ပုန်းညက်ပန်းရနံ့ကို တမ်းတမ်းတတ ရှာဖွေပါတော့သည်။

မနက်ကတော့ ရွာထိပ်သစ်စက်ကနေ ပုန်းညက်ပန်းတွေ ရခဲ့သည်။ ပုန်းညက်သီး တစ်ခိုင်ပါရခဲ့သည်။ ပုန်းညက်ပန်းတွေကို ဘုရားတင်ပါသည်။ ပုန်းညက်တစ်ခိုင်ကို စာရေးစားပွဲပေါ်မှာ တင်ရင်း စာဖတ်၊ စာရေးပြုလုပ် ပါသည်။

ရိုင်းကြမ်းသော ဆပ်ပြာနံ့၊ မှိုသတ်ဆေး ဆပ်ပြာမွှေးရနံ့၊ ခေါင်းလျှော်ရည်၊ ရေမွှေးနံ့တွေကို ငြီးငွေ့နေခဲ့တာ ကြာပါပြီ။ ဒီနေ့ကျွန်တော်အဖို့ ထုံသင်းတဲ့ ပုန်းညက်ရနံ့လေးကို ရှူရှိုက်ခွင့်ရပါပြီ။ လွမ်းရင်းနှင့်မဲ့ အလွမ်းပြေသလို ခံစားရပါသည်။ ကြည်နူးမှုကို ပေးနိုင်တဲ့ ပုန်းညက်ပန်းရနံ့လေးပါ။

ရေလျှံတဲ့ ဝါဆိုမှာ

ပုန်းညက်ညိုမာလာမင်းက

သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး)

(၂) ကြွေးဟောင်းကြွေးသစ်

“ဖေဖေ မနက်ဖြန် သား ကျောင်းတက်ရ ကောင်းမလား။ အိမ်မှာပဲ တစ်နေကုန် စာဖတ်နေရ ကောင်းမလား။”

သားကြီးက မေးပါသည်။ သားကြီးက ၉တန်းပါ။ သူကျောင်းမတက်ဘဲ အိမ်မှာနေပြီး စာကျပ်နေချင်၍ ပြောမှန်း ကျွန်တော်သိပါသည်။

ဒီရက်ပိုင်းအတွင်းမှာ သူတို့ စာမေးပွဲ တစ်ခု ဖြေဖို့ရှိပါသည်။ လူရွေးပွဲ တစ်ခုပါ။ တစ်ကျောင်းလုံးမှာ ဆယ်ယောက်လောက် ဝင်ပြိုက်ကြမည်။ အခြားကျောင်းသား ရာပေါင်းများစွာက ပုံမှန် သင်တန်းများ တက်နေကြ ရမည်ဖြစ်သည်။ ကျွန်တော် ချက်ကောင်းကို ကိုင်ကာ မေးလိုက်ပါသည်။

“မင်းက မေးခွန်းသိလို့လား”

ဘာမေးမှာမှန်း သိလို ကျောင်းလစ်ပြီး စာကျက်တာဆို တော်သေးတာပေါ့။ အခုတော့ ဘာကျက်လို့ ဘာကျက်ရမှာမှန်း မသိဘဲနှင့် ကျန် Lecture သင်ခန်းစာ ၆ချိန်လောက် အလကားလွတ် ရတော့မှာလား။ မတန်ပါဘူးဗျာ။

“သူငယ်ချင်းတွေလည်း ပျက်ကြတာပဲ”

ဟုတ်တယ်ဗျ။ ကျောင်းမှာ စာမေးပွဲရှိရင် ကျူရှင်မတက်ကြတော့ဘူး။ ကျူရှင်က တစ်နှစ် သိန်းဆယ်ချီပေးရတာ။ တစ်ပတ်မှ စာသင်ချိန်က လေးချိန်ထဲရယ်။ ဒါလည်း ပျက်တာပဲ။ ဒီကျောင်းမှာ စာမေးပွဲရှိရင် ဟိုကျောင်းပျက်။ ဟိုကျောင်းမှာ စာမေးပွဲစစ်တော့ ဒီကျောင်းမသွားတော့။ သံသရာကိုလည်လို့။

ကျွန်တော်ငယ်ငယ်ကလည်း Test တွေ Tutorial တွေရှိရင် ပျက်ကြတာပါပဲ။ ရောဂါဗေဒ စာမေးပွဲရှိရင် အဏုဇီဝချိန် မတက်တော့။ အဏုဇီဝဘာသာရပ် ဖြေရတော့မယ်ဆို ဆေးဝါးချိန် လစ်ပြီး စာကျက်သည်။ ဆေးဝါး ဗေဒ ဘာသာရပ် Test ရှိတော့ ရောဂါဗေဒ စာသင်ခန်းဘက် ခြေဦးမလှည့်တော့။

ကြွေးဟောင်း မဆပ်နိုင်ခင်မှာ ကြွေးသစ်ထပ်တင်တော့တာပါပဲ။

ယနေ့ခေတ် ဆေးတက္ကသိုလ် အချို့မှာ ပိုတောင်ဆိုးသေး။ ကျွန်တော့်စာသင်ချိန် တစ်ခုမှာ ကျောင်းသား ၆ယောက်ပဲရှိသည်။ စုစုပေါင်း တစ်ရာ နီးနီးရှိတာ။ ကျန်ကျောင်းသား‌တွေ ဘယ်ရောက်နေတယ်ထင်လဲ။ ဘယ်မှ မရောက်ပါ။ အခန်းထဲ မဝင်တာပဲရှိသည်။ အခန်းရှေ့ဝရန်တာမှာ၊ ပန်းခြံမှာ၊ ခန်းမကြီးနားမှာ၊ သရက်ပင်ရိပ်မှာ၊ စားသောက်ဆိုင်မှာ၊ ကျန်ကျောင်းသား ၉၀လောက် ကျောင်းစာသင်ခန်း အပြင်ဘက်မှာ ရှိကြသည်။ တက္ကသိုလ် အပြင်ဘက် မထွက်ကြပါ။ Lecture ပဲ မတက်ကြတာပါ။

သူတို့ဘာလုပ်နေကြလဲ။ စာအုပ်ကိုယ်စီနဲ့ပါ။ စာတွေ အော်ကျက်နေကြတာ၊ အံ့ဩဖို့ ကောင်းလှသည်။ ဝမ်းတော့ မနည်းမိပါ။

အခြားဘာသာရပ် စာမေးပွဲရှိလို့တဲ့။ စာတွေအော်ပြီး သံပြိုင်ရွတ်ဆို ကျက်မှတ်နေလိုက်ကြတာ။ အချို့များ အသံကိုပြာလို့။ ကုန်းကုန်းပြီး အော်နေကြတာ။

ကျွန်တော် Lecture ပြီးရင် အဲဒီဘာသာရပ်က Test ဖြေရမှာမို့တဲ။ ကျွန်တော် Lecture သူတို့ လွတ်သွားကြပြီ။ တစ်ဘဝလုံးအတွက် အရေးကြီးတဲ့ စာတွေကို ကျွန်တော် ကြိုးစားပြီး သင်နေတာ။ စာမေးပွဲလည်း ထည့်မေးဦးမှာ။ သူတို့ လွတ်သွားကြပြီ။

အခုနောက်ပိုင်းတော့ ဘာသာရပ်ပေါင်းစုံ Test တွေစုပြီး စစ်ကြရသည်။ Test week စနစ်သုံး လာရသည်။ ဒါလည်း ဘာသာရပ်အားလုံး အဆင်ပြေမယ့်အချိန်က သိပ်မရှိလှပါ။

လှေနံနှစ်ဖက်နင်းတော့ လှော်ရင်းနစ်သည်ဟု ကြားဖူးသည်။ ဘကြီးလည်းမတွေ့ ထီးတင်ပွဲလည်း မမီတာတွေ ကြုံဖူးပါသည်။

ပြန့်ထဘီတွေ ဝတ်တဲ့ ရှေးခေတ်ကပေါ့။ သားအမိနှစ်ယောက် မြို့ထဲသွားတော့ လေပြင်းဝှေ့တာနဲ့ သမီးရဲ့ လုံချည်လေထဲ လွင့်ပါသွားရော။ အဲ့ဒါအမေက သူ့လုံချည်ကို ချွတ်ပြီး သမီးကို ဝတ်ပေးဖို့ ကြိုးစားသတဲ့။ လူပုံအလယ်မှာ အလွယ်တကူ ဝတ်ပေးလို့မရဘူးတဲ့။ (Failed to cover two sides)

သူတို့ လုပ်ရင်ကို ဆင်ခြင်ကြရပါမည်။

“နှစ်ဘက်စလုံး မလုံမလဲ ဖြစ်ရတာမျိုး မဖြစ်စေနဲ့။” ဟု ကျွန်တော်ပြောပါသည်။

သားကြီးပြုံးလေသည်။

(၃) ကြက်ဉဇာတ်လမ်း

ကြက်ဉဆိုတာ ကြက်မကြီးက ဉတဲ့ဉ။ ဘဲဉဆိုတာ ဘဲမကြီးက ဉတဲ့ဉ။ ရှင်းပါသည်။ ဆက်စပ်စဉ်းစားတက်လျှင် ငုံးဉဆိုတာ ငုံးမကြီးက ဉတဲ့ ဉဖြစ်ကြောင်းမြင်နိုင်ပါလိမ့်မည်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက စာမေးပွဲရှိသည့်နေ့ဆို ဘယ်တော့မှ ကြက်ဉ၊ ဘဲဉ မစားဘူး။ ဘဲဉ မကွဲမှာစိုးလို့။ သုညရမှာစိုးလို့။ ဗယာကြော်ပဲ စားပါသည်။ သတ်ပုံတွေ ပြောမနေပါနဲ့တော့။ မယာကြော်ဆိုတော့ ရာကျော်ပေါ့။ အတိတ်ကောင်း နိမိတ်ကောင်းပြီပေါ့။

ပြောမယ့်သာ ပြောရတာပေါ့ဗျာ။ ဘဲဉကြက်ဉ စားလို့လည်း ဘယ်တုန်းကမှ သုညမရခဲ့ဖူးပါ။ ကိုယ့်အဆင့်က သုညအဆင့်မှ မဟုတ်ဘဲ။ ဗယာကြော် အခုတစ်ရာကျော်စားလည်း ဘယ်တုန်းကမှ အမှတ်တရာ မကျော်ခဲ့ပါ။ အမှတ်ပြည့်ကိုက တစ်ရာတည်းကို။

“ကြက်ဉ၊ ဘဲဉ” ဆိုတာ မန္တလေးမှာ အဓိပ္ပါယ်တစ်မျိုး ရပါသည်။ မကစားတတ်သော်လည်း အပျော်သဘော ဝင်ကစားခွင့် ပြုထားသူ (ကလေး) ဖြစ်ပါသည်။ သူ့ကို အပြစ်ပေးလို့မရ။ သူမှာလည်း ခွေးရူးမဖြစ်။ ကျွန်တော်တို့ အညာမှာတော့ ထိုကလေးမျိုးကို ခွေးဝင်စားဟု ခေါ်ပါသည်။ မန္တလေးမှာတော့ ကြက်ဉ၊ ဘဲဉတဲ့။

ကျွန်တော်တို့ ငယ်ငယ်က ကြက်ဉပြုတ်သိပ်မကြိုက်။ စားရတာလည်း အရသာရှိသည်မထင်ပါ။ စားရတော့လည်း တစ်စိတ်။ တစ်လုံး၏ လေးပုံတစ်ပုံပါ။ ပိုက်ဆံတတ်နိုင်လည်း ပိုမကျွေးကြပါ။ ဝမ်းပုပ်မှာ စိုးလို့တဲ့။ သန်ထမှာ စိုးလို့တဲ့။

အမေက ကျွန်တော်တို့ကို ကြက်ဉကြော်ကျွေးလေ့မရှိပါ။ ကြက်ဉချည်းသက်သက် ကြော်သော ကြက်ဉကြော်ကို မစားခဲ့ရပါ။ အဖေကတော့ ကြက်ဉကို မကျက်တစ်ကျက်ကြော်မှ ကြိုက်ပါသည်။ ထိုအခါ အမေက

“ဟပ်ဘွိုင်းလား” ဟု မေးပါသည်။

အဖေက “ဟပ်ဘိုင်း Half-boiled မဟုတ်ဘူး။ ဟပ်ဖရိုင်း Half-fried လို့ ခေါ်ရတယ်” ဟု ပြောပါသည်။

အမေက Half-fried ကြော်ပေးပါသည်။ သို့သော် ပါးစပ်ကမူ တစ်သက်လုံး Half-boiled ဟုပဲ ခေါင်းမာစွာ သုံးစွဲသွားပါသည်။ စာမတတ်တာလည်း မဟုတ်ဘဲနှင့်။

တချို့က ကြက်ဉ အစိမ်း သောက်မှ အားရှိသတဲ့။ အားပိုပြီး မရှိပါဘူးဗျာ။ ကာရန်မသင့်ရင် ရောဂါတောင် ကူးနိုင်သေး။ တချို့ကျတော့ မကျက်တကျက် ပြုတ်စားကြတာ။ ကြက်ဉ အကာလေး ကြက်ရုံပြုတ်တော့ “ကာကျက်” လို့တောင် စကားလုံး အသစ်ပေါ်လာပါတော့သည်။

အမေက ဗိုလ်စားပဲသီးနှင့် ကြက်ဉတော့ ကြော်တတ်သမျှ။ ဗိုလ်စားပဲသီးကို လက်တစ်ဆစ်ခန့် Rhombus ပုံ စွေစွေလေးတွေလှီး။ ကြက်ဉနှင့် ကြော်ပါသည်။ ဘယ်သူမှ အမေ့လောက် ကောင်းအောင် မကြော်နိုင်ပါဘူးဗျာ။ အကျက်လွန်ရင် ပဲသီးက ညှိုးနွမ်းသွားပြီး။ အကျက်လိုတော့ ပဲသီးစိမ်းနံ့ကြီး နံပါသည်။ အမေ့ ဗိုလ်စားပဲသီး ကြက်ဉကြော်က ပိတောက်ပန်း နဲ့တောင် တူသေး။ ပဲသီး စိမ်းစိမ်းလေးတွေက ပိတောက်ရွက်။ ကြက်ဉဖြူဝါလိပ် လုံးလုံးလေးတွေက ပိတောက်ပွင့်လေးတွေ။ ဆီရောင်လေးကလည်း ဝင်းနေမှ။

အမေက ကြက်ဉကို ကြက်သွန်နီနှင့် မွှေကြော်တတ်ပါသည်။ အကြော်လိုသေးသေးလေးတွေ ကြော်ပေးတာ။ ကြက်ဉက ဝါညိုညိုချော်ရောင်ပေါက်လို့။ ကြက်သွန်နီ ခပ်ထူထူက အိရုံ၊ အနံ့ပြယ်ရုံ။ စားလို့တော့ သိပ်ကောင်းတာပဲ။ ထမင်းပူပူ ဆီဆမ်း ဆားဖြူးပြီး ကြက်ဉမွှေကြော်နဲ့ စားလိုက်ရရင် သုံးလေးပန်းကန်တော့ အသာလေးပဲ။

အစ်မကတော့ ကြက်ဉ “ပြုတ်ကြော်ချက်” ချက်တတ်သည်။ ကြက်ဉကို ပြုတ်၊ အရေခွံတင်းရုံကြော်၊ ပြီးတော့ ခရမ်းချဉ်သီးနှစ်နဲ့ ချက်တာ။ မန်ကျည်းနှစ်နဲ့လည်း ကောင်းတာပဲ။ သို့သော် ကျွန်တော်က ခရမ်းချဉ်သီး ပိုကြိုက်တာ။ မန်ကျည်းနှစ်က ခံတွင်းချဉ်တယ်ဗျာ။

ဆေးတက္ကသိုလ်အဆောင်မှာတော့ ကြက်ဉတစ်ခြမ်းပဲ စားခဲ့ရတာ။ မယုံမရှိပါနှင့် ငယ်စဉ်က ကြက်ဉ၏ လေးပုံ တစ်ပုံပဲ စားရသည်။ ဆေးကျောင်းသားဖြစ်တော့ တစ်ဝက်စားရပါပြီ။ တိုးတက်လာတာပေါ့ဗျာ။

စားသောက်ဆိုင် ငယ်ငယ်လေးတွေမှာတော့ ကြက်ဉအစုံကို ဆီရွှဲရွှဲနှင့် မွှေကြော်ပေးပါသည်။ စားသောက်ဆိုင်ကြီးတွေက ကြက်ဉအစုံကြော်ကြီးလည်း စားချင်တာပဲ။ ကြိုက်တာပဲ။ ကောင်းတယ်ဗျ။

ယမကာလောကမှာတော့ ကြက်စပါဆိုတာ ထင်ရှားပါသည်။ ကြက်ဉအစိမ်းကို စပါကလင်ထဲ ဖောက်ထည့် မွှေပြီး သောက်ကြတာ။ အားရှိတယ်။ မအန်ဘူး။ ကျန်းမာရေးနဲ့ ညီတယ်တဲ့။ အလကားပါဗျာ။ ဘာမှအကျိုးမရှိပါဘူး။

ကြီးလာတော့လည်း နေ့တိုင်း ကြက်ဉပဲ စားနေရပါသည်။ သွားတွေက မကောင်း၍ပါ။ ကြက်ဉကြော်၊ မွှေကြော်၊ အစုံကြော်၊ ကြက်ဉပြီး ကြက်ဉပါပဲ။

“ဒီတစ်ခါ ဆန်းသွားအောင် ငုံးဉကြော်စားပါလား။” စားပွဲထိုးက အကြုံပြုသည်။

“ဘယ်လိုကြော်မှာလဲ။”

“ငုံးဉ ငါးလုံး ကြော်မယ်။ ငုံးဉငါးလုံးက ကြက်ဉတစ်လုံးနဲ့ ဈေးတူပါပဲ”

“ငုံးဉ ငါးလုံးပြည့်ကြောင်း ဘယ်လိုသက်သေထူမလဲ။”

“ဆရာစောင့်ကြည့်ပေါ့။”

တကယ်ကြော်လာတော့ Half-fried ပုံစံပါပဲ။ အဖြူတွေကရောသွားပြီ။ အဝါငါးခုက သီးသန့်။ ရောမသွားဘူး။ ငုံဉ ငါးဉဆိုတာ အသေချာဆုံး သက်သေပါပဲ။

ရောဂါဗေဒ ဘာသာရပ်တွင် အသားစအချို့ကို ကြည့်လျှင် Giant cell ခေါ် ဆဲလ်ဘီလူးကြီးများကို တွေ့ရတတ်ပါသည်။ Cell အလုံး ၂၀လောက် စုပေါင်းပြီး ဖြစ်လာတဲ့ Cell ကြီးပေါ့။ Cytoplasm တွေကို ပေါင်းသွားသည်။ Nucleus တွေက သီးခြားစီ ကျန်ရစ်ဆဲ။ Giant cell ကြီးက စားပွဲထိုးရဲ့ ငုံးဉကြော်နှင့် တူလေသည်။

ကျွန်တော် Giant cell အကြောင်းသင်တိုင်း ငုံးဉကြော်ပုံနှင့် မပျက်မကွက် ဉပမာပေးတတ်ပါသည်။ တပည့်တွေက သဘောကျကြပါသည်။ အသက်ကြီး၊ ရာထူးကြီးသည့်တိုင် ပြန်တွေ့လျှင် မှတ်မှတ်ရရ ပြောကြဆဲ။

သူတို့က ကျွန်တော်၏ ငုံးဉကြော် Model ဉပမာကို နှစ်သက်ကြ၍ ကျွန်တော်ဝမ်းသာရပါသည်။ ကျွန်တော် စာထဲမှာ မကြာခဏ ထည့်ရေးပါသည်။ စာသင်တိုင်း ထည့်ပြောပါသည်။ မနေ့က အစ်မကို ပြန်ပြောတော့ အစ်မက ရယ်နေပါသည်။ ပြီးမှ

“မင်းက တို့ရွာက ခေါက်ဆွဲကြော်ဆိုင်ကိုမှ မကြုံဖူးပဲ။” ဟု ပြုံး၍ ပြောပါသည်။

“ဘယ်လိုကြော်လို့လဲ”

“ဟော … ကြက်ဉ တစ်လုံးကို မီးအေးအေးနဲ့ နှစ်လုံးဖြစ်အောင်ကြော်တာ။ အကာကို နှစ်ခုရအောင်ခွဲကြော်။ ပြီးတော့ အဝါနှစ်ကို နှစ်ခြမ်းခွဲပြီး အဖြူပေါ်ခွဲတင်”

“ကြက်ဉတစ်လုံးက ကြက်ဉကြော် နှစ်ခုရအောင် ကြော်တာပေါ့။”

“အစစ်ပေါ့”

ဟု အစ်မက ပြောပါသည်။ ကြက်ဉ ဇာတ်လမ်းတွေကတော့ တစ်ရက်ထက် တစ်ရက် တိုးပွားဆန်းပြား နေဆဲပါပဲ။ ဒီအကြောင်းကို Cell Division ဆဲလ်ကွဲခြင်းအကြောင်းမှာ ထည့်ပြောရကောင်းမလားဟု ဆရာစိတ်နှင့် ပြေး၍ မြင်လိုက်ပါသေးသည်။ ကြက်ဉဇာတ်လမ်းတွေပါ။

(၄) ပလတ်စတစ် ကုလားထိုင်

ကျွန်တော်တို့ဆီမှာ ပလတ်စတစ် ကုလားထိုင်တွေပေါ်တာ အနှစ်နှစ်ဆယ်လောက်ရှိပြီ ထင်ပါရဲ့။ ကျွန်တော် ပထမဆုံး ပိုင်ဆိုင်ခွင့်ရသော ကုလားထိုင်လေးသည် အနီရောင် ပက်လက်ကုလားထိုင်လေး ဖြစ်သည်။ ဉီးပဉ္ဇင်း တစ်ပါးက စွန့်တာဗျ။

ဘုရားပွဲက အပြန်မှာ ဦးပဉ္ဇင်းလေးက သူမဲပေါက်လာတဲ့ ကုလားထိုင်လေးကို ပေးခဲ့သည်။ ကျွန်တော်က အမေထိုင်ဖို့ ကန်တော့လိုက်သည်။ အမေက မထိုင်ပါ။ သို့သော် သူ့အိပ်ခန်းထဲမှာ ထားသည်။ အစားအသောက်၊ မုန့်၊ စာအုပ် စသည်တို့ တင်သည်။ အမေမရှိတော့ အစ်ကိုအိမ်မှာ ကျန်ခဲ့သည်။ အခု အစ်မအိမ်မှာ၊၊ ကျွန်တော်တို့ အလည်သွားရင် အိပ်တဲ့ အခန်းထဲမှာ ထိုထိုင်ခုံလေး ရှိသည်။ အမျိုးအစားကောင်း၍ ဖြစ်မည်။ ယခုထိ အကောင်းပကတိရှိဆဲ။

ပလတ်စတစ် ထိုင်ခုံလေးတွေက လှသည်။ ရောင်စုံသည်။ တောက်ပသည်။ ဒီဇိုင်းပုံစံစုံသည်။ မက်မောစရာ ကောင်းပါသည်။

အခုတော့ ရွာတွေမှာတောင် ဗီနိုင်းဆိုင်းဘုတ်နှင့် ပလတ်စတစ်ခုံတွေ ရောက်ရှိနေရာယူနေကြပါပြီ။ ကျေးလက်အရသာ သိပ်မကျန်တော့ပါ။ ကျေးလက် ပန်းချီကျော်တို့၏ လက်ရေးဒီဇိုင်းတွေ မမြင်ရတော့။ ကြိမ်ခုံ၊ ဝါးကုလားထိုင်၊ ထန်းပလပ်ကုလားထိုင်၊ သစ်သားမြင်းခုံ၊ ခွေးခြေ၊ ထိုင်ခုံတန်းလျား မမြင်ရတော့။ ပလတ်စတစ်ခုံ နီတီတီ ပြာတာတာ စိမ်းတိမ်းတိမ်း တို့ကိုသာ မြင်တွေ့ရပါတော့သည်။ ကျေးလက်အငွေ့အသက် လွင့်ပြယ်စ ပြုလေပြီ။

ပလတ်စတစ်ထိုင်ခုံက လှပသည်။ ဒီဇိုင်းစုံသည်။ ပေါ့ပါးသည်။ ထို့ပြင် ထပ်ထား၍လည်း ရသဖြင့် သိမ်းဆည်းရတာ လွယ်ပါသည်။ ဒါက ပလတ်စတစ်ထိုင်ခုံရဲ့ အားသာချက်တွေပါ။

အခုတော့ ပလတ်စတစ်ခုံတွေမှာတောင် ခံစားချက်က တွဲကပ်ပူးဝင်နေပါပြီ။ ဟော … သစ်ရိပ် ဝါးရိပ် ကောင်းကောင်းမှာ ပလတ်စတစ် ပက်လက်ကုလားထိုင်တွေ ဝိုင်းလိုက် ချထားရင် အဲ့ဒါ စားသောက်ဆိုင်ဟု တန်းသိသည်။ အကြော်ဆိုင်လား၊ အသုပ်ဆိုင်လား၊ တီးဆိုင်လား။ တံတွေးတောင် ယောင်ယမ်း မျိုချမိပါသည်။

လမ်းဘေးမှာ မတ်တပ်(ကျောမတ်) ကုလားထိုင်အသစ်တွေ တန်းစီချထားပြီဆို ရင်ထဲ ထိတ်သွားပါသည်။ ဝမ်းနည်းစရာ တစ်ခုခု ရှိနေတဲ့ သဘောများလား၊၊ ထိုင်ခုံအဟောင်းဆိုရင်‌တော့ ခံစားချက်မရှိပါ။

ကျွန်တော်ပလတ်စတစ်ထိုင်ခုံ ပေါင်းစုံထိုင်ကြည့်ဖူးသည်။ တစ်မျိုးစီ ကောင်းတာပဲ။ အချို့က ခြေထောက် သက်သာသည်။ အချို့က ခါးနာသက်သာသည်။ အချို့က အတော်ဇိမ်ကျသည်။ အချို့ခုံတွေကျ ထိုင်ပြီးရင် ပြန်တောင်မထချင်ပါ။

ကျွန်တော်ခုံတွေ ခဏခဏ ဝယ်ပါသည်။ ဆေးခန်းမှာ သုံးပါသည်။ ခုံကျိုးရင်တော့ လွှင့်သာ ပစ်လိုက်ပါ။ မနှမြောပါနှင့် ။ ဟိုဟိုဒီဒီညပ်တတ်သည်။ မူကြိုကလေး အရွယ်နှင့် ပက်လက်ကုလားထိုင် မသင့်ပါ။ ရှေ့နားလေး တက်ထိုင်ကုလားထိုင် မသင့်ပါ။ ရှေ့နားလေး တကထိုင်လိုက်တာနဲ့ ကုလားထိုင်က မှောက်သွားတတ်သည်။ ကလေးက လေးဖက်ထောက်ကုန်းကုန်းကြီး။ ထိုင်ခုံက အပေါ်မှာ မှောက်ခုံကြီး မိုးကာလို့။ ကလေးလည်း အလိုလို နေရင် လိပ်လိုလို ဘာလိုလို ဖြစ်သွားပါတော့သည်။

ပလတ်စတစ်ကုလားထိုင်က ဝယ်ပြီးရင် နေ့စဉ် ဖုန်းသုတ် သန့်ရှင်းပေးနေရသည်။ ဖုန်တင်လွယ်သည်။ အဝတ်ဟောင်းနှင့် နာနာပွတ်ပေးရသည်။ တစ်ပတ်တစ်ခါလောက် ဆပ်ပြာနှင့် ရေဆေးပေးမှ အကောင်းအတိုင်း ရှိသည်။ ဖုန်တင်သွားလျှင် ညစ်သွားသည်။ ဖုန်စွဲသွားလျှင်တော့ အမည်းကွက်တွေပါ ထင်ကုန်တော့သည်။

ထိုင်ခုံလက်တင်တဲ့ နေရာမှာ ခြစ်ရာ စင်းရာတွေ ထင်တတ်သည်။ ဘာမှ မတတ်နိုင်ပါ။ လက်ရှည်အင်္ကျီရဲ့ ကြယ်သီးနဲ့ ခြစ်တဲ့အရာတွေ ထင်တာပါပဲ။

ထိုင်ခုံကျိုးပဲ့သွားရင် ပြင်၍မရ။ ပြင်ရလည်း မကောင်း။ ကောင်းလည်း မလှတော့ပါ။ သစ်သားဆိုရင်တော့ ပြင်လို့ရတာပေါ့။ အစားထိုးလို့ ရတာပေါ့။ သံရိုက်၊ကျားကန်လို့ ရတာပေါ့။ ပလတ်စတစ်ထိုင်ခုံကျိုးရင်တော့ သံယောဇဉ် တွယ်မနေပါနဲ့တော့။ အဟောင်းဆိုင်သာ ပိဿာချိန်နဲ့ ရောင်းလိုက်ပါတော့။

အခမ်းအနားတွေမှာတော့ ပလတ်စတစ်ခုံကလည်း အဆင့်အတန်းပြ ပစ္စည်းတစ်မျိုးပါပဲ။ သာမန် အဆင့်ဆို ပလတ်စတစ်ထိုင်ခုံ၊ အလယ်အလတ်ဆို ကြိမ်ခင်းသစ်သားခုံ။ အထက်အဆင့်ဆို ကျွန်းခုံကြီးတွေမှာ ကတ္တီပါဖုံး ဆိုဖာခုံတွေနှင့်။ ကိုယ်နှင့်သင့်လျော်ရာ နေရာကပဲ ခစားကြပေတော့။ တာဝန်ရှိသူက ရှေ့တတ်ဆိုရင် တော့ တစ်ဆင့်ရှေ့တိုးပေါ့။ ပုံမှန်အားဖြင့်တော့ ပလတ်စတစ်ခုံဟာ တတိယအဆင့်အတွက်ပါပဲ။ အားမငယ်ပါနှင့်။ နောက်မှာ ခုံတန်းရှည်တွေ ရှိပါသေးသည်။ အောက်ဆုံးအဆင့် နောက်ဆုံးအဆင့်ပါပဲ။ (ဇိမ်အကျဆုံး၊ အလွတ်လပ် ဆုံးလည်း ဖြစ်နေတတ်ပါသည်။)

သာမန်လူတွေက ထိုင်ခုံမက်တာ၊ ထိုင်ခုံလုတာ မကြိုက်ကြဘူး။ ဒါကြောင့် ထိုင်ခုံဆိုရင် လုဖို့ ဝေးလို့၊ ထိုင်တောင် မထိုင်ချင်ကြတော့ပါ။ တကယ်တော့ ထိုင်ခုံရှိရင် ထိုင်မှ ယဉ်ကျေးပါသည်။ ခုံကောင်း မကောင်း ကြည့်ပြီး ထိုင်လိုက်ပါ။

“ထိုင်ပါဦး”

“ရတယ်၊ ရပါတယ်၊ နေပါစေ”

အမျိုးမျိုးငြင်းတတ်ကြပါသည်။ ငြင်းမိကြသည်။ သက်ရောက်မှု နှစ်မျိုးရှိသည်။

(၁) မင်းခုံကို ငါမထိုင်ချင်ဘူး။ မင်းခုံက ငါ့ အဆင့်နဲ့ မလျော်ညီဘူး။ အောက်တန်းကျ အဆင့်နိမ့်နေတယ်။

(၂) ငါ့မှာ ထိုင်စောင့်ချိန်မရှိဘူး။ (မင်းတို့ လုပ်နေတာ ငါက ထိုင်စောင့်ရမှာလား။)

ဘယ်သက်ရောက်မှုမှ မကောင်းပါ။ အိမ်ရှင်စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။

မိုးတိုးမတ်တတ်ကြီး မကောင်းပါဘူး။ ခဏ ဖြစ်ဖြစ် ထိုင်လိုက်ပါ။ ထိုင်လိုက်တာက ဣရိယာပုတ်နှင့် ညီပါသည်။ ကိုယ်နဲ့အိမ်ရင် အတူတကွ ရှိကြောင်း ဖော်ပြတာပါပဲ။ အိမ်ရှင်ရဲ့ လက်ရှိအလုပ်၊ လုပ်လက်စ အလုပ်ကို လေးစားကြောင်း ဖော်ပြရာလည်း ရောက်ပါသည်။ ထိုင်ခုံရှိလျှင် ထိုင်လိုက်ပါ။

နေ့ခင်းကတော့ မိတ္တူဆိုင် တစ်ဆိုင်ကို ရောက်တယ်ဗျ။ စာမူကို မိတ္တူသွားကူးတာ၊ အခန်းက ကျဉ်းလေးမှာ အလုပ်လုပ်နေသူ ဆယ်ယောက်လောက်ရှိတယ်။ အချို့စာရိုက်၊ အချို့ပုံဆွဲ၊ အချို့ပုံနှိပ်ထုတ်၊ သုံးလေးယောက်က မိတ္တူစက်သုံးလေးလုံးနှင့်ပြိုင်တူကူး၊ အချို့ စာအုပ်ချုပ်၊ အချို့ ပလက်စတစ်လောင်း၊ အချို့လိပ်စာ ကတ်ဖြတ်၊ အချို့ ဗီနိုင်းဖြန့်ကြ၊ ဆယ်ပေပတ်လည် အခန်းလေးထဲမှာ ပြွတ်သိပ်လို့။ မီးစက်ကြီးကလည်း တဝုန်းဝုန်းနိုးလို့။ ဟောဗျာ … ထမင်းအိုးကြိးကတစ်ဗွက်ဗွက် ပွက်လို့။

ဆိုင်ရှေ့မှာ ပလတ်စတစ် ထိုင်ခုံတစ်လုံးပဲ လွတ်တော့သည်။ ကျောမှီကကျိုးလို့။ ထိုင်ခုံပေါ်မှာ ကျောပိုးအိတ်တစ်လုံး။

ကျွန်တော်လည်း မတ်တတ်ပဲ စောင့်နေရပါသည်။ စာမူမိတ္တူကူးတာ ကြာတယ်ဗျ။ ကျွန်တော့်လက်ရေးနဲ့ စာမျက်နာ ၃၀ကနေ ၅၀ နီးနီးတောင်ရှိတာ။ အရေးထဲ မိတ္တူကူးတဲ့ ကောင်လေးက ကျွန်တော်စာကို ဖတ်သဗျ။ မဂ္ဂဇင်းထဲတော့ ရှာဖတ်မယ် မထင်ပါဘူး။ လက်ရေးစာမူတော့ ဖတ်သဗျ။ မိတ္တူကူးရင်း ဖတ်နေတာပဲ။ တစ်ခါတစ်ခါ တွေးလို့ ငေးလို့။ တစ်ခါတစ်ခါ ပြုံးပြုံးကြီး။

ခဏနေတော့ အသက်နှစ်ဆယ်လောက်ကောင်လေးတစ်ယောက် အပြင် ထွက်လာသည်။ ကျောပိုးအိတ်ကိုဖွင့်၊ စာအုပ်ထုတ်ကြည့်၊ ပြန်ပြီး ဇစ်ပိတ်။ ခဏနေတော့ ကျောပိုးအိတ်ကို သူ့ပေါင်ပေါ်တင်ပြီး ထိုင်သည်။

ခဏလေးပါပဲ။ သူက အနားမှာ ရပ်နေသော ကျွန်တော်ကို မြင်သည်။ ချက်ချင်း ထ၍ နေရာဖယ်ပေးသည်။

“ဦးလေးထိုင်”

“ထိုင် … ထိုင် ငါ့သား ထိုင်”

သူက ပြန်မထိုင်ပါ။ ကျွန်တော့်နားမှာပဲ မတ်တပ်ရပ်၍ စောင့်ပါတော့သည်။ ကျောပိုးအိတ်ကို လွယ်လို့။ ကျွန်တော်တို့ နောက်ထပ် လေးငါးမိနစ်လောက် ရပ်စောင့်နေခဲ့ကြပါသည်။

မြင်ကွင်းကို မှန်းမြင်ကြည့်ပါ။ မတ်တပ်ရပ်နေသော လူနှစ်ယောက်နှင့် အနားက ထိုင်ခုံလွတ်တစ်လုံး။ သားအဖနှစ်ယောက်နှင့် မြင်းတစ်ကောင် ပုံပြင်ကို သတိရကြမည် ထင်ပါသည်။

“ဟာ … ဟာ … ထိုင်ခုံ တစ်ခုံတစ်လုံးရှိလျက်နဲ့ နှစ်ယောက်လုံး မတ်တပ်ရပ်နေကြတယ်။ လူအ, တွေလို့များ ရယ်သွမ်းသွေးကြဦးမှာလား။”

ရယ်ချင်ရယ်၊ လှောင်ချင်လှောင်၊ အပြစ်ပြောချင်ပြော။ ကျွန်တော်တို့ နှစ်ယောက်ကတော့ ဘယ်လောက်ကြာကြာ အတူ မတ်တတ်ရပ်ပြီး စောင့်နေကြမှာပါ။ “ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစား သနားငဲ့ညှာတတ်သူတွေ”

ဆိုတာကို ကျွန်တော်တို့ နှစ်ဉီး ပလတ်စတစ်ခုံလေးအနီးမှာ မတ်တပ်ရပ်၍ သက်သေထူနိုင်ခဲ့ကြလေပြီ။

နိုင်လင်းထွန်း (ဆေး/မန်း)