အဆောင်လွမ်းချင်း – ၁

ဘဟန်ဦး

အဆောင်နေခဲ့သူတိုင်း အဆောင်ကို လွမ်းကြသည်။ လွမ်းစရာတွေရေးလျှင် ပြီးတော့မည် မထင်။ မှတ်မှတ်ရရဖြင့် လွမ်းစရာ အဖြစ်အပျက်ပေါင်း များစွာရှိသည်။ တွေးမိသည်နှင့် ရုပ်ရှင်ပြသလို တစ်ကွက်ပြီး တစ်ကွက် ပေါ်လာသည်။ သို့သော် ကျွန်တော့်အလွမ်းမျိုး လွမ်းမိ လွမ်းတတ်သည့်သူ ရှိလိမ့်မည်မထင်။

မိမိတို့ အတန်းသည် ဒေသကောလိပ် သက်တမ်းတွင် နောက်ဆုံးနှစ် တက်ခဲ့ရသူများ ဖြစ်သည်။ နှစ်နှစ်တိတိ တက်ခဲ့ရသည်။ ထိုနောက်တွင် ဒေသကောလိပ်မရှိတော့။ ၁၉၈၄-ဖေဖော်ဝါရီတွင် မန္တလေးဆေးတက္ကသိုလ် ဒုတိယအမ်ဘီအတန်းကို တက်ခဲ့ရသည်။ ထိုအခါ ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ် တိုက်ရိုက်တက်ရသည့် အတန်းနှစ်တန်းသည် ကျွန်တော်တို့ရှေ့တွင် ရှိနှင့်နေသည်။ ခါးလယ်မှ ဖြတ်ဝင်လာသော ကျွန်တော်တို့ အတန်းမှ ကျောင်းသားသစ်အားလုံးအတွက် အခန်းလွတ်များ မရှိ၍ အဆောင်နေခွင့်ချက်ခြင်းမရ။ ကံကောင်းလေစွဟု ပြောလျှင် ပိုအံ့မထင်။ အဘယ်ကြောင့်ဆိုသော် အဆောင်နေခွင့်သာ ချက်ခြင်းမရှိခဲ့ပါက ဤအလွမ်းမျိုးဘဝ၌ ရှိလိမ့်မည့်မထင်။ ထူးခြင်းသော အလွမ်းဟု ထပ်ဆင့်အာမခံပါဦးမည်။

နမ္မတူ အထကတွင် ခင်မင်ခဲ့သော ဗထူးဆောင်တွင်နေသည့် ဇော်လင်းအခန်း၌ ကျွန်တော်ကပ်နေခဲ့သည်။ ဘဝဇာတ်ဆရာက ကလင်ဒါကျကျတွက်ချက်ပေးခဲ့သလား မသိ။ ဇော်လင်းအခန်းဖော်ဖြစ်သည့် ကလေးသား အောင်မင်းဆွေ (ဂျမ်းတော)ကုတင်တွင်လည်း ရေဦးသား သက်နောင်က ကပ်နေသည်ဖြစ်ရာ သက်နောင်နှင့် ကျွန်တော်ကား အဦးဆုံးနေ့ကတည်းက သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့ခဲ့၏။ ထို့ပြင် ဘယ်ဖက်ကပ်လျက်အခန်းတွင်လည်း စဥ့်ကူးသား အောင်စိုးနိုင် (တင်းပုတ်)နှင့် ထွန်းသန်းဦး(ပုဏ္ဏား)တို့ ကပ်နေခဲ့သည်။ မန္တလေးတွင် ဆွေမျိုးများရှိသည့် ဖိုးထွန်းက အဆောင် သိပ်မကပ်သော်လည်း ကျန်သည့် ကျွန်တော်တို့သုံးဦးသားမှာ သွားအတူ စားအတူ ဖြစ်ခဲ့ကြသည်။

တောသားမြို့ရောက် ကျွန်တော်တို့မှာ ကျောင်းစာမှလွဲပြီး မြင်မြင်သမျှ စိတ်ဝင်စားခဲ့ကြသည်။ ညနေရောက်ပြီဆိုသည်နှင့် အောင်စိုးနိုင်က အဆောင်မှ ပျောက်ပျောက်သွားသည်။ ပွဲကုန်းထဲမှာရှိသော ရွာမှကိုးကွယ်သည့် ဘုန်းကြီးကျောင်းဆီသွားသည်ဟုသာ အစောပိုင်း၌ သိခွင့်ရသည်။ တစ်ခါတလေ အဆောင် ပြန်မလာတတ်ချေ။ တစ်နေ့သော် အဖြစ်မှန်ပေါ်လာတော့သည်။

တစ်ခါသောညတွင် လက်ဒဏ်ရာသွေးစများဖြင့် ပြန်ရောက်လာသည်။ ဈေးချိုနာရီစင် အနီးတွင် ရန်ဖြစ်ခဲ့သည်။ သူကတစ်ယောက်တည်း၊ တစ်ဖက်မှ သုံးယောက်ကို အမှောက်ထိုးကာ သူ့စီးတော် ဟန်းမားဘီးကြီး အမြန်နင်းပြီး မောမောဖြင့် ပြန်ရောက်လာသည်။ သူကစားသော မြန်မာ့လက်ဝှေ့ ကလပ်အား မကျေနပ်သော တခြားကလပ်မှ သူတွေက ဝိုင်းပြီးရန်ရှာခြင်း ဖြစ်နိုင်ကြောင်း သိခဲ့ရသည်။ ဆေးကျောင်း ရောက်လာ၍သာ သို့မဟုတ်ပါက ဖိုးတင်းပုတ် (စဥ့်ကူး)ဆိုပြီး မြန်မာ့လက်ဝှေ့ကျော် တစ်ယောက် ပေါ်လာနိုင်သည်လေ။

သက်နောင်ကတော့ စာဂျပိုး။ သို့သော် ကျောင်းစာ မဟုတ်။ အင်္ဂလိပ်ဘာသာပြန်နှင့် သိုင်းဝထ္တုတွေ ဖတ်သည်။ ကျောင်းသားသစ် ဖြစ်သည့်အတွက် ဂျမ်းတော ဇော်လင်း နာမည်သုံးပြီး စာအုပ်ငှါး ဖတ်သည်။ တစ်ရက်စာအုပ်ငှါးခ ပြားနှစ်ဆယ် တစ်မတ်ငါးမူး သုံးမတ် အစားစားရှိသည်။ တစ်ခါတလေ သိုင်းဝထ္တုအတွဲလိုက် ငှါးလာတတ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်အုပ်စီငှားပါက နောက်နေ့ ညနေတွင် အတွဲစဥ်လိုက် မဖတ်ရမှာစိုး၍တဲ့။ မှတ်မိပါသေး၏။ “ဝူတန်တောင်မှ သိုင်းသမား” ဝထ္တုတွဲကြားတွင် ထမင်းမေ့ ကျောင်းတက်ဖို့ မေ့နေသော သက်နောင်ကို။

ကျွန်တော်ကတော့ ဘောလုံးဝါသနာအိုး။ အငယ်တန်းမှ ဘီဒေါင်းဟောင်း နိုင်လင်းဗိုလ်တို့ကောင်းမှုကြောင့် ရဲသိပ္ပံကွင်းတွင် ညနေတိုင်း ကစားဖြစ်သည်။ သို့သော် သက်နောင်နှင့် ကျွန်တော့်တွင် တူသော ဝါသနာရှိသေးသည်။ မိုးသောက်ကြယ် လက်ဖက်ရည်ဆိုင် ထိုင်ခြင်း ဖြစ်သည်။

လက်ဖက်ရည်ဆိုင်ထိုင်ပြီး ညနေအဆောင်မှ ထွက်လာသည့် ကောင်မလေးတွေကို ငေးငမ်းပြီး ဝေဖန်ရေး လေကန်ရေး လုပ်ကြသည်။ ထိုညနေအခါ သာမယတွင်သာ အဆောင်သူလေးတို့သည် အစွမ်းကုန် ရှိုးထုတ်လာရှာသည်။ သို့သော် အထင်တော့ မကြီးကြနှင့်။ ယနေ့ခေတ်လို မင်းသမီး ရှုံးအောင် ရှိုးထုတ်ကြသည့် ခေတ်မဟုတ်။ ဆေးကျောင်းသူရှိုးထုတ်ခြင်းကား တခြားတက္ကသိုလ် အဆောင်သူတို့၏ အဆောင်နေထက် သာတယ်ဆိုရုံမျှသာ။

ဒါပေမယ့် အတော်လှတာတွေ ရှိ၏။ တစ်ယောက်တစ်လေ လှတာလေးများ ဆိုင်ရှေ့ဖြတ်လျှောက်ပါက မတိုင်ပင်ပါပဲ ကျွန်တော်တို့မှာ လည်ပင်းယိမ်းက ညီညာထကြွ လိုက်ကြည့်ကြ၏။ ပြီးမှ တီးကျဖန်ချိုနှင့် တံတွေးတွေ ရောမြိုချကာ နောက်တစ်ယောက်အလာကို မျှော်ရရှာသည်။ တချို့ အဆောင်သူများကျတော့ ဂရုမစိုက်။ ထမီစွန်တောင်ဆွဲနှင့်။ သူမ လာရာလမ်းသည် တံမြက်စည်း လှည်းစရာမလို။ ဂျက်လေယာဥ်နောက်မှ မီးခိုးတန်းသဖွယ် ဖုန်တလုံးလုံးထပြီး ကျန်နေရစ်တတ်သည်။ ထို အဆောင်သူကိုလည်း မကြည့်ကြဘူး မထင်နှင့်။ အဆင်သင့်ပင် ညီညီညာညာ လိုက်ကြည့်ကြသည်မှာ ဆေးကျောင်းတက်လာ ရည်းစားရှာ မွေးကတည်းက ပါလာသည့် ရောဂါထူးပင် ဖြစ်တော့သည်။

လက်ဖက်ရည်ဆိုင် ထိုင်တာများ အဆောင်လွမ်းချင်းနှင့် ဘာဆိုင်လို့တုန်းဟု မေးစရာ ရှိနေလောက်ပြီ။ စိတ်ရှည်တော်မူ ပေးကြပါဦး။ မိုးသောက်ကြယ်ဆိုင်မှာ ညနေချိန်ထိုင်ပြီး တစ်ပတ်ခန့်ကြာသော် သက်နောင်က တစ်စခန်း ထလာသည်။ ဒေသကောလိပ်ကတည်းက သူစိတ်ဝင်စားခဲ့သော မမတစ်ယောက်ကို အမျှော်တော် စိုက်သည့် အချိန်မှားနေကြောင်း သိပြီးသကာလ နံနက်ခင်းအချိန်၌ပါ လဘက်ရည်ဆိုင် စောစောထိုင်ပြီး မျှော်တော်ယောင် လုပ်ကြပြန်သည်။ အကြောင်းမူ ထိုမမသည် မနက်ခင်းတိုင်း မိုးသောက်ကြယ်ဆိုင် ရှေ့က ဖြတ်ပြီး ဆေးရုံကြီးသို့ လမ်းလျှောက်သွားသည် ဟု စုံစမ်းသိရှိရ၍ ဖြစ်သည်။ ဤသို့ဖြင့် လက်ဖက်ရည်ဆိုင်နှစ်ခါထိုင်ရာ ပါလာသမျှ ပိုက်ဆံမှာ အခြေယိုင်စ ဖြစ်လာတော့၏။

ဘိုင်ကျလာသည့်အတွက် ပြဿနာစတက်ပြီ။ အိမ်မှပါလာသည့်ငွေက (၁၅၀)ကျပ်။ ခရီး စရိတ် ကျောင်းအပ်ခများ စာရေးဗလာစာအုပ် ဘောပင်ဝယ်။ သွားတိုင်ဆေး ဆပ်ပြာဝယ် ဟိုဟာဝယ် ဒီဟာဝယ် ရသည်။ အဆောင်မရတော့ မနက်စာလည်း ဆိုင်မှာစား နေ့လယ်စာလည်း အပြင်မှာစား။ ညနေစာလည်း ဘာထူးလဲ။ အပြင်ဆိုင်မှာ တောက်လျှောက်ဆွဲလာတော့ကြာလျှင် ဗိုက်မှောက်ရမည့် ကိန်းဆိုက်လာကြသည်။

ဒုက္ခရောက်တော့လည်း သူငယ်ချင်း သုံးယောက်သည် မရှိအတူ ရှိအတူ ဖြစ်လာသည်။ မင်္ဂလာဈေးမှ ငှက်ပျောတစ်ဖီးဝယ်၍ ညနေစာကို အစားထိုးခဲ့ရသော ရက်များ ရှိခဲ့သည်။ သူငယ်ချင်း သုံးဦးပေါင်းမှ တစ်ကျပ်သာ ရှိသော ရက်တွေများလာသည်။ တစ်ခါသော် အောင်စိုးနိုင်နှင့် နှစ်ယောက်သား ညနေအချိန် မတော်၌ ဗိုက်ဆာလာရာ အဆာပြေ လမ်းလျှောက်ထွက်ခဲ့၏။ ဗထူးဆောင်မှ မင်္ဂလာတံတားအထိ စကားတပြောပြောနှင့် ရောက်သွားခဲ့သည်။ အဆာမပြေသည့်အပြင် ပိုပြီး ဗိုက်ဆာလာသည့်အတွက် ပါလာသည့် ပိုက်ဆံတစ်ကျပ်ဖြင့် ညနေအလင်းဆိုင်ဖြစ်သော ဝင်းသီတာ(ယခုမမေ့နိုင်)သို့ ဦးလှည့်တော်မူပြီး သွားဖြီးဖြီးဖြင့် နံပြားနှစ်ချပ် လဘက်ရည်တစ်ခွက် ရအောင် ဆစ်၍ တောင်းဝယ်ယူခဲ့ဖူး၏။

ထိုစဥ်က ဆိုင်ရှင်ပြောသောစကားသည် ယနေ့အထိ မှတ်မိနေသေးသည်။ “ဟာ မင်းတို့ဆေးကျောင်းသားတွေ မနေ့ကပဲ ဆောင်းဘောက်နဲ့ထိုင်ခုံတွေ လာရိုက်ချိုးသွားတယ်။ ပိုက်ဆံမရှိတော့လည်း ငါ့ဆိုင်မှာ မျက်နှာငယ်နဲ့ လာတောင်းဝယ်တယ်”ဟု။ ဟုတ်တော့လည်း ဟုတ်ပါသည်။ ဆိုင်နှင့် ပြဿနာတက်ပြီး နောက်ရက်မှာ ကျွန်တော်တို့မှာ အရှက်မရှိ။ ငါးမူးတစ်စေ့တည်းဖြင့် နံပြားနှစ်ချက် လဘက်ရည်တစ်ခွက် လိုချင်သတဲ့။ ပြောခံရတာ နည်းသေး၏။

ထိုစဥ်က မိုးသောက်ကြယ်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက် တစ်ကျပ် တက်သွားသော်လည်း ဝင်းသီတာမှာ ပြားငါးဆယ်က မတက်သေး။ နံပြားတစ်ချက်ကို ပြားသုံးဆယ်။ နှစ်ချပ်ဆိုတော့ ပြားခြောက်ဆယ်။ စုစုပေါင်း တစ်ကျပ်ဆယ်ပြားကျသင့်ရာ ဆယ်ပြားလိုနေသည်ကိုး။ ဆယ်ပြားပဲလိုနေတာများ စကားထဲတည့်ပြော နေရသေးသည်ဟု မထင်လိုက်ကြပါကုန်နှင့်။ ထိုခေတ်က ဆယ်ပြားသည် အလွန်တန်ဖိုးရှိပါ၏။ ထိုဆယ်ပြားဖြင့်ပင် ဆေးကျောင်းသား မျက်နှာ အရှက်မပါသလို ဟန်ဆောင်ကာမူပို လုပ်ခဲ့ရသည်။

နောက်နေ့များတွင် မိမိတို့သုံးယောက်မှာ စားစရာ အခက်တွေ့နေသည်ကို အတန်းငယ်သော်လည်း ဝါကြီးသော ကိုကိုချောတို့က သိသွားသည်။ ကိုယ်ချင်းစာတယ် ထင်ပါ့။ သူတို့၏ ဉာဏ်အလင်းပြမှုကား မချီးကျူး၍ မနေနိုင်။ ဗထူးဆောင်တွင်နေသည့် ကျောင်းသားထဲမှ ညတစ်ညလုံး ဖဲရိုက်ပြီး နေ့တစ်နေ့လုံး ထမင်းမစားပဲ အိပ်တတ်သူ။ မန်းတက္ကသိုလ်ဖက် အချိန်မတော်သည်အထိ ဆော်ငမ်းသွား ယခုခေတ် စကားအရ ဖွန်ကြောင်သည့် ကျောင်းသားကဘယ်သူ။ ဘယ်အခန်းက အစ်ကိုကြီးကတော့ လေးကောင်ဂျင် သွားထိုး တတ်သူနှင့် မိဘ အိမ်ပြန်သွားသည့် ကျောင်းသားက ဘယ်သူဆိုတာ စုံစမ်းပြီး နေ့စဥ်စာရင်း ထုတ်ပြန် ပေးလေ၏။

ထိုဉာဏ်ကြီးရှင်များမှာ မိမိတို့အား သနားသဖြင့် ခေါ်တင်ထားသော ဂျမ်းတော ဇော်လင်းအပြင် ကပ်လျက် အခန်းမှ လူရည်ချွန်ခြောက်ထပ်ကွမ်းကြီး မိုးကျော်နိုင်လည်း ပါဝင်သည်။ သူတို့ စုံစမ်းရသည့် ကျောင်းသားစာရင်း နာမည်များကို ကျွန်တော်တို့မှာ အသေမှတ်ပြီး စားဖိုဆောင်မှ ဦးဘဌေးကြီးရှေ့တွင် ထိုနာမည်ပြောကာ ထမင်းဟင်းကို ကိုယ်စား ထုတ်ယူ စားသောက်ခဲ့ကြသည်။ ဟုတ်လို့လားဟူသော ဦးဘဌေးကြီး၏ သံသယ မျက်လုံးရှေ့တွင် တစ်ရက် နှစ်ရက်လောက် ဒူးတုန်ခဲ့သေးသည်။ နောက်ရက်များတော့ ခပ်တည်တည်ပင်။ အရသာရှိခဲ့သော အဆောင်ထမင်းစားရက်များဟုပင် ပြောချင်သေးတော့သည်။

ကျွန်တော်မှတ်မိသော အဆောင်ထမင်း ကိုယ်စားထုတ်ယူခဲ့သည့် အဆောင်ကျောင်းသားကြီးနာမည်များမှာ များလွန်းပြီး မမှတ်မိတော့။ သို့သော်လည်း ကျွန်တော့်အတွက် မှတ်မိစရာ နာမည်ရှိခဲ့သည်။ တစ်ညနေသား ခပ်စောစောပင် ထမင်းဆာသဖြင့် ထမင်းစားဆောင်ထဲဝင်ပြီး ခပ်တည်တည်ဖြင့် ထိုစဥ်က ပါ့တ်ဝမ်းရောက်နေသည့် ကိုနော်ဆန့် နာမည်ဖြင့် ထမင်းထုတ်ယူစားခဲ့သည်။ ထိုနေ့က စနေနေ့ဖြစ်သည့်အတွက် ကိုနော်ဆန်တစ်ယောက် လုံးဝ ပြန်လာမည် မဟုတ်။ မိန်းထဲသွားပြီး ဆော်ဆီသွားရင်သွား မသွားရင် တစ်နေရာရာကို သွားမည်ဟု တစ်ထစ်ချမှတ်ထားသော စုံစမ်းရေးအမြင်ဖြင့် အတိအကျ တွက်ထားပြီးသား။

ထိုနေ့က ဟင်းမှာ ကောင်းလွန်း၍ မှတ်မိနေသေးသည်။ ဝက်သားနှင့်မျှစ်ချဥ် ဆီလည်ရေလည်။ ဘာလချောင် ငြုတ်သီးကြော်နှင့် ကုလားပဲဟင်း။ စားလို့ကောင်းလိုက်တာ။ နောက်ဆုံးပိတ်အဖြစ် ရေနွေးကြမ်းခွက်ကို မော့ကာရှိသေး ကိုနော်ဆန်နှင့် သူ့သူငယ်ချင်း နှစ်ယောက်သား စကားတပြောပြောနှင့် ဝင်လာရာ ကျွန်တော့်မှာ နောက်ကျခြေထောက် သစ္စာဖေါက်ဟု မိမိကိုယ်ကို အမိန့်ပေးလျက် ထွက်ပြေးခဲ့ရ ဖူးသည်။ လူလိမ်မိတော့မည် စိုးသောကြောင့်ပင်။ အဆောင်ရောက်မှ ကိုနော်ဆန်ကို တောင်းပန်ရသည်။ဒါပေမဲ့ ကိုနော်ဆန်က အပြုံးမပျက်။ သူလည်း တခြား တစ်ယောက် နာမည်ပြောပြီး စားခဲ့တာတဲ့။ နောက်လူနောက်ကျမှ ဦးဘဌေးနှင့် ရှင်းလိမ့်မည်ဟု ပြုံးပြုံးကြီးပြောနေလေရာ တရားခံအစစ် ကျွန်တော့်မှာသာ ဝမ်းနည်းရမှာလား ရယ်မောရမှာလား ဖြစ်နေမိခဲ့သည်။

ကျွန်တော် ပြောပြချင်သော သူများတွေ မလွမ်းဖူးသည့် ထူးထူးခြားခြား အဆောင်အလွမ်း၏ အဓိကတရားခံမှာ သူငယ်ချင်း သုံးယောက်စလုံး ဝယ်စားစရာပိုက်ဆံ မရှိတော့သည်ကစသည်။ ညနေအဆောင် ထမင်းကလည်း လူလိမ်မိသလို ဖြစ်ခဲ့၍ မသွားရဲတော့။ ဆေးကျောင်းသား သက်တမ်းက နှစ်ရက်တစ်ပိုင်းဆိုတော့ ဆေးကျောင်းပါး မဝတတ်သေးတာလည်း ပါမည်။ အထူးသဖြင့် ညည့်နက်လာလေ ဗိုက်ကဆာလာလေ ဖြစ်လာရာ အဆောင်ကယ်တင်ရှင်ကြီးများက သနားလာကြသည် ထင်ပါ့။ ကိုယ့်အခန်းလာကပ်နေသူအား ဧည့်ဝတ် ကျေချင်သူများလည်း ဖြစ်ပေတော့ရာ ကျွန်တော်တို့အား ခဏလေးစောင့်ဆိုပြီး ဂျမ်းတောခမျာ ထွက်သွားခဲ့ရှာသည်။

ကျွန်တော်တို့ကလည်း ဗိုက်ဆာလာတော့ စာကကျက်၍မရ။ အာရုံက မစူးစိုက်နိုင်တော့ဟု ဆိုကာ အကြောင်းရှာကာ သနားစရာ သတ္တဝါလေးများလို ဟန်မူပိုပြမိခဲ့သည်ကိုး။ ဂျမ်းတော်ကြီး အပြန် ဘာတွေများ စားရမလဲဟု မျှော်နေခဲ့ရင်း အောင်စိုးနိုင် ဘာသာပြန်ပြနေသော စာအုပ်အဟောင်းတန်းမှ ဝယ်လာသည့် အင်္ဂလိပ်ဒရာမာဝတ္တုထဲမှ ချစ်ခန်းကြိုက်ခန်းကို အဆောင်သားတစ်သိုက် ငြိမ်သက်စွာ နားထောင်နေသည်ဖြစ်ရာ ဗိုက်ဆာတာလည်း မေ့ ဂျမ်းတောကြီးပါ မေ့ သလိုလို ဖြစ်နေခဲ့တော့သည်။

ကောင်းခန်းရောက်လုနီးမှ မီးကျွမ်းနံ့ ကဲနေသည့် အသားကင်ရနံ့တစ်ခုသည် အခန်းတွင်းသို့ ဝင်လာသည့် ဂျမ်းတောကြီးနှင့်အတူ ရလိုက်သည်နှင့် ကုတင်ပေါ် ဇိမ်ခံနားထောင်နေသူများ ခုန်ဆင်းလာကြကုန်၏။ အောင်စိုးနိုင်လည်း ဖတ်လက်စ ဝတ္တုကို ပစ်ချကာ ကျွန်တော်တို့နဲ့အတူ ဂျမ်းတောဆီ ပြေးကပ်ကြပြန်သည်။ ဂျမ်းတော၏ လက်ထဲမှ ထမင်းကြမ်းခဲနှင့် မီးကျွမ်းတဝက်ဖြစ်နေသည့် ကြက်ပေါက်စကင် နှစ်ကောင်အပေါ် အားလုံးက မျက်လုံးကျွတ် မတတ်ကြည့်ကြ။ တံထွေးများ အလုအယက်မြိုချ။ မရည်ရွယ်ပါပဲ ကျွန်တော်တို့၏ လက်တွေက ကြက်ပေါက်စ အကင်ပေါ်အရောက် ပူလွန်းပြီး အမလေး ပူလိုက်တာလို့ သံပြိုင်အော်ကြနှင့် အင်နီမာပလင်နက်ထဲမှ သမင်တစ်ကောင်ကို ဝိုင်းဖျက်မည့်  ခြ‌ေင်္သ့ တို့၏ လုံ့လထုတ် အားစိုက်မှုထက် မလျော့ကြကုန်။

ကျွန်တော်တို့အုပ်စုသည် ဂရင်းနစ်စံချိန်တင်ရလောက်အောင် ကြက်ကင်နှစ်ကောင်အား အမြန်ဆုံးစားသောက်ပြီး သကာလ ဂျမ်းတောအား နတ်တစ်ပါးအထင်ရောက်ကာ နတ်သုဒ္ဓါထမင်းဟင်းတမျှ အလွန်စားကောင်းသည်ဖြစ်၍ ကျေးဇူးအထူး တင်ခဲ့ကြသည်။ ရေဆာဆဲ ရေတွင်းထဲ ကျခဲ့သည် မဟုတ်ပါလား။ ဂျမ်းတောအပြင် ဇော်လင်းနှင့် မိုးကျော်နိုင်တို့၏ ကျေနပ်နေသည့် အပြုံးမျက်နှာကို ယနေ့အထိ မှတ်မိနေသေးသည်။ ထို့ပြင် ထိုနေ့က သူတို့သုံးယောက်စလုံးသည် အလွန်ဆာနေသည့် မိမိတို့အတွက်ကိုသာ ဦးစားပေးပြီး တစ်ဖဲ့တစ်လုပ်မျှမနှိုက်စားခဲ့တာ အမှတ်ရနေဆဲဖြစ်သည်။ ကျွန်တော်တို့မှာသာ ငတ်မရှက် ကြိုက်မရှက်ဖြင့် အသက်တောင်ရှူရန် မေ့နေခဲ့ပြီး မင်းတို့လည်း စားပါဦးလား ဟု မေးခဲ့မိမည် မထင်ပါ။ သေချာသည်မှာ ထမင်းကြမ်းခဲက အေးအေးနှင့် ထိုကြက်ပေါက်ကင် ပူပူတူးတူး မီးခိုးရနံ့သင်းသင်း၏ အရသာမှာ ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ပါ။

အဆောင်ဒုက္ခသည်(သယ်) မိမိတို့အား ဗိုက်ဆာသည့်အခါတိုင်း သူငယ်ချင်း ဂျမ်းတောက ထမင်းကြမ်းနှင့် ကြက်ပေါက်စကင်အား ယူဆောင်လာပြီး မိမိတို့၏ ဗိုက်ပြဿနာကို ဖြေရှင်းနေခဲ့သည်မှာ သုံးလေးကြိမ်ခန့် ရှိလာသည့်အခါတွင် အခြေအနေမှန်ကို သိခွင့်ကြုံခဲ့သည်။ ထို့ကြောင့် နတ်သုဒ္ဓါကြက်ကင်အား တမ်းတသောစိတ်ကို ဇွတ်မှိတ်ဖြေဖျောက်ခဲ့ရ၏။ ဂျမ်းတောကြီးရေ ကျေးဇူးကြီးပေစွ။ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ဒုက္ခရောက်မှာ မလိုလား ဖြစ်ခဲ့ရသည်။ ထို့ကြောင့် အဆောင်၏ ညချမ်းချိန်ခါရောက်တိုင်း ဗိုက်ဆာသည့် အပြောအဆို အမူအယာများကို ဂျမ်းတော၏ရှေ့တွင် မပြုလုပ်ရဲတော့ပေ။

အခုတော့ ကျွန်တော်မှာ သူများနှင့် မတူသော အဆောင်လွမ်းချင်းကို ပြောပြမည်ဟု ကြီးကြီးကျယ်ကျယ် ပြောခဲ့သည့်အတွက် နောင်တရနေမိတော့၏။ ဤနေရာတွင် အဆုံးသတ်ချင်သော်လည်း ဘာများထူးဆန်းလို့လဲဟု အပြောခံရမည်မှာ သေချာသည်။ ဆက်ပြောရကောင်းမလား ရပ်လိုက်ရ ကောင်းမလားဟု စဥ်းစားမိတိုင်း အစကတည်းက နံရံပေါ်မှာ ချိတ်ပြခဲ့သော သေနတ်အား မပစ်ပြခဲ့လျှင် စည်းဖောက်ရာ ဖြစ်တော့မည်။ သို့ပေသည့် ပစ်ဖေါက်လိုက်သည့် သေနတ်သံသည် တစ်စုံတစ်ဦးအား ထိခိုက်နေမလားလည်း စိုးရိမ်မိသေးသည်။

ကျွန်တော်၏ သူများနှင့်မတူသော ထူးခြားသည့် အဆောင်လွမ်းချင်းကို ပြောပြရန် နံရံပေါ်မှ ချိတ်ဆွဲထားသော သေနတ်ကို ဖြုတ်ယူလိုက်ပါပြီ။ အပြောနှင့်အလုပ် ညီညွှတ်ကြောင်းပြရန် ပစ်ပြရတော့မည်။ ကံကောင်းစွာပင် ထိုသေနတ်မှာ ဆိုင်လင့်ဆာပါသော သေနတ်တစ်လက် ဖြစ်နေ၏။ အသံတိတ်စွာဖြင့် ကျွန်တော်၏ အဆောင်လွမ်းချင်းအား ပစ်လိုက်ပါပြီ။ ဆူဆူညံညံဖြစ်ပါက အတုယူမှား အထင်မှားမည် စိုးရွံ့မိသောကြောင့်ဖြစ်တည်း။ ကျွန်တော်၏ ထူးခြားသော အဆောင်လွမ်းချင်းကို ကြားကြပါကုန်၏လော။ သေသေချာချာလေး နားထောင်ပေးကြပါဦး။ ဒုတိယမ္ပိ တတိယမ္ပိ အနေဖြင့် သေနတ်ခလုတ်အား ဖြေးဖြေးညင်သာစွာ ဆက်တိုက် ဖိလိုက်ပါပြီ။ ကျွန်တော်ကဲ့သို့ အဆောင်လွမ်းချင်းမျိုးကို မည်သူမျှ လွမ်းဖူးမည် မဟုတ်ကြောင်း သိရှိနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

ကျွန်တော်ကတော့ ညနေစောင်းမှောင်ရီဖြိုးချိန်တွင် အိမ်ခေါင်မိုးထုတ်တန်းပေါ် ညီညာစွာ အိပ်တန်း တက်နေသော တွတ်တွတ်ဖြင့် တီးတိုးစကားဆိုနေသည့် “ခို” မိသားစုများကို တွေ့တိုင်း ဗထူးဆောင် အောက်ထပ် အဆောင်ဒုက္ခသည်(သယ်)ဘဝနှင့် သူငယ်ချင်းများကို အရမ်းလွမ်းနေမိပါသည်။ ခိုသံကြားတိုင်း ခိုကိုမြင်တိုင်း ဗထူးဆောင်နေ သူငယ်ချင်းတစ်ဦးကိုလည်း ပိုပြီး သတိတရရှိနေပါတော့သည်။

ဘဟန်ဦး

 

 

 

သို့

ဂျမ်းတော(ခ)အောင်မင်းဆွေ

“သူငယ်ချင်းရေ မင်းစေတနာ၏ ကုသိုလ်အကျိုးအာနိသင်သည် ပြုခဲ့ဖူးသော အကုသိုလ်အား ချေဖျက်နိုင်ပါစေ။ မြင့်မြတ်သော တစ်နေရာမှာ ရောက်ရှိနေပါစေ။”

(ဤအလွမ်းထဲတွင် အဓိကပါဝင်ခဲ့သော စေတနာရှင်ကြီး ဂျမ်းတော(ခေါ်)အောင်မင်းဆွေ သည် ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါးမှုရှိပြီ။ ဇော်လင်းကို လွန်ခဲ့သည့် ကိုးနှစ်ခန့်က လားရှိုးတွင်တွေ့ပြီးကတည်းက သတင်းအစအန မရတော့။ လူရည်ချွန်ကြီး မိုးကျော်နိုင်မှာ မူဆယ်မှာ အောင်မြင်နေသည့် ဆရာဝန်ကြီး ဖြစ်နေပြီ။ အောင်စိုးနိုင်ကတော့ အစိုးရဌာနမှာ စောစောစီးစီးအငြိမ်းစားယူပြီး မြစ်သားတွင် ဂျီပီဖွင့်လျက်ရှိသည်။ သက်နောင်တစ်ယောက်သာ မန္တလေးမှာ။ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်နေဆဲ။ မန္တလေး လူမှုရေးသိပ္ပံကျောင်း ; (Mandalay Social Science Institute – MSSI) ၏ အဓိပတိ ဖြစ်နေပြီ။