အော်ဂက်စ်ထရာ (Orchestra) တဲ့လား

ခင်သစ်နှင်း

ဟိုး … ငယ်ငယ်လေးကတည်းက တယ်လီဗွီးရှင်းထဲမှာ အော်ဂက်စ်ထရာ အသံကြားရရင် ရောက်တဲ့ နေရာကနေ လုပ်လက်စ အလုပ်ချပြီး TV ရှေ့ကို ကျွန်မအပြေးရောက်စမြဲ။ ယုတ်စွအဆုံး စာကြည့်နေချိန်မှာတောင် TV ရှေ့ကို ရောက်အောင်သွားခဲ့တာ။ တီးတိုးညင်သာစွာ တီးခတ်နေရာကနေ သံစဉ်တွေ ဆွဲဆွဲငင်ငင်နှင့် မြင့်လာပြီး ပြင်းပြင်းရှရှ တီးခတ်လိုက်တဲ့ အသံအထိ ရင်ထဲကို ထိမှန်လာတတ်တာ။ အသံနဲ့ အတူ ရုပ်သွင်တွေက ညီညီသာသာ ယိမ်းနွဲ့လှုပ်ရှားနေလိုက်တာ အသက်ရှုမှားမတတ်ပါလား။ ရှေ့ဆုံးကနေ ညွှန်ပြသူ (Conductor) ကလည်း ဆွဲဆောင်မှု အပြည့်နဲ့ ငေးမောချင်စရာ။ တယောထိုးတတ်တဲ့ ဖေဖေ့ ညီ ဉီးလေးတစ်ယောက်ရဲ့ တယောလေးကို ငယ်စဉ်က ပွတ်သပ်ကိုင်ကြည့်မိခဲ့တာလည်း အခါခါ။ ဦးလေးညွန်ပြတဲ့အတိုင်း တယောလေးကို နေသားတကျ ထားပြီး ဘိုးတံလေးနှင့် ကြိုးလေးတွေအပေါ်တီးခတ်ကစားမိခဲ့တာလည်း သတိရစရာ။ ဘယ်လိုမှ တီးခတ်နိုင်စွမ်းမရှိပါလားလို့ ကိုယ့်ကိုကိုယ် လက်ခံပြီးတဲ့ နောက်မှာတော့ TV ကတစ်ဆင့်လာတဲ့ အော်ဂက်စ်ထရာ ဝိုင်းကြီးတွေစီက အသံတွေကို အလွတ်မပေးမိတော့ပါ။ နောက်ပြီး ဖျော်ဖြေနေတဲ့ ခန်းမကြီးထဲမှာပဲ ဖြစ်ဖြစ်၊ အသံသွင်းနေတဲ့ အခန်းထဲမှာပဲ ဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးကြည့်ရှု့ချင်တဲ့ စိတ်က မကြာခဏ ဖြစ်လို့နေပြန်တာ။ ဪ… အခုအသက် (၅၅) နှစ် ရှိတော့မှပဲ ဆန္ဒပြည့်ဝခဲ့တော့တယ်။ အားလုံးကို ကျေးဇူးတင်လိုက်တာ။ ခုတော့ မမြင်ရတဲ့ ကျွန်မရဲ့ မြင်ကွင်းထဲမှာ အော်ဂက်စ်ထရာ သံစုံတီးဝိုင်းကြီးက ညီညာစွာ ယိမ်းနွဲ့ လှုပ်ရှားရင်း ညင်သာ တစ်လှည့်၊ သွက်လက် တုန်ခါတစ်လှည့်နဲ့ ငြိမ့်ညောင်းသံစဉ် ချိုမြမြ ရှိလို့နေပါလား။ အို … ကြည်နူးပီတိ ဂွမ်းဆီ ထိ ဆိုတဲ့ စကားက ဒါမျိုးထင်ပ။

(၂၈.၇.၂၀၁၉) ညနေ (၆) နာရီ မန္တလေး ဆေးတက္ကသိုလ် ဇီဝက စာသင်ခန်းမထဲမှာပေါ့။ လက်မှတ်ပြပြီး ခန်းမထဲဝင်လိုက်တော့ အခမ်းအနား အစီအစဉ်စာရွက်နဲ့ ပါဝင်တီးခတ်မယ့်သူတွေရဲ့ အမည်စာရင်းပါတဲ့ စာရွက်လေးဝေငှပေးတယ်။ ခန်းမကြီးကလည်း အေးစိမ့်တိတ်ဆိတ်လို့။ တူရိယာတွေကို ပြင်ဆင်ပြီး အသံတွေစမ်းနေတာကလည်း ပြင်းထန်ဆူညံလွန်းခြင်း အလျဉ်းမရှိ။ ပရိသတ်ထဲမှာတော့ ဝီရိယကောင်းလွန်းတဲ့ ကျွန်မတို့က အရင်ဆုံးရောက်တဲ့ ပရိသတ်ပဲ ဖြစ်မယ်ထင်တယ်။ နိမ့်ရာကနေ မြင့်သွားတဲ့ စာသင်ခုံတွေရှိတဲ့ ခန်းမကြီးထဲမှာ စီစဉ်ထားတာ စနစ်ကျလိုက်တာ။ ဒါမှ စတေ့ချ်ခုံရှိရာကို အကာအကွယ်မဲ့စွာ ကြည့်မြင်ခွင့်ရတဲ့ အတွက် ပရိသတ်က စိတ်ချမ်းသာကြမှာ။ ကျွန်မနဲ့ အတူပါလာတဲ့ သူငယ်ချင်းတို့ကတော့ ခြောက်ခုံမြောက်မှာ နေရာယူကြမယ်လို့ သဘောတူလိုက်ကြတယ်။ စားပွဲနဲ့ ကုလားထိုင် ခုံတန်းရှည်တွေကလည်း တင်းပြောင် ချောမွေ့သန့်ရှင်းနေလိုက်တာ။ ဆေးတက္ကသိုလ်ကြီးက ဝန်ထမ်းများကို ကျေးဇူးတင်စရာ။ ဪ…သူ့ပွဲနဲ့ သူ့နေရာ တင့်တယ်အောင်လည်း စီစဉ်ရတာ မဟုတ်လား။

နေရာယူပြီးတော့ ကျွန်မရဲ့ ထုံးစံအတိုင်း စတေ့ချ်ခုံပေါ်က အပြင်အဆင်တွေကို စပ်စုမိပါတော့တယ်။ သူငယ်ချင်းက စတေ့ချ်ရဲ့ ဘယ်ဘက်အစွန်မှာ စန္ဒယားကြီးက လက်လက်ထလို့တဲ့။ စန္ဒယားရဲ့ နောက်နားမှာ Jazz Band နဲ့ အော်ဂင်တို့ရှိနေတာတဲ့။ တယောတီးခတ်မယ့်သူတွေရဲ့ ခုံလေးတွေက စတေ့ချ်ရဲ့ ညာဘက်ပိုင်း ကျွန်မတို့နဲ့ ယူထားတာတဲ့။ “ဂီတ သ‌ေင်္ကတ နုတ်စ်ကလေးတွေတင်မယ့် စတင်းန်းလေးတွေရောရှိလား’’လို့ ကျွန်မက မေးလိုက်တော့ ကျွန်မသူငယ်ချင်းက အစီအရီနဲ့ ရှိသတဲ့။ ဪ … ဒါနဲ့ ဒီ အော်ဂက်စ်ထရာ အတွက် ငါတို့ သူငယ်ချင်းတွေစုပြီး လှူထားတဲ့ ခုနစ်ပေခွဲလောက် အမြင့်ရှိတဲ့ Double Bass ကြီးကရောလို့ ဆက်မေးလိုက်တော့ ရှိတယ် စတေ့ချ်ရဲ့ ဘယ်ဘက်ခြမ်းမှာပဲတဲ့။ အဲ့ဒီဘက်မှာ Cello လည်း ရှိသတဲ့။ ကျွန်မရဲ့ မမြင်ရတဲ့ မြင်ကွင်းထဲမှာ သူငယ်ချင်းရဲ့ ပြောပြပေးမှုကြောင့် အော်ဂက်စ်ထရာကြီး တစ်ခုလုံး ခြုံငုံမြင်နေလိုက်တာ သူငယ်ချင်းကို ကျေးဇူး တင်စရာ။ ကျွန်မအိမ်မက်များ မက်နေတာလား။ စတေ့ချ်နောက်ခံ နက်ပြာရောင် ဗီနိုင်းကားချပ်ကြီးပေါ်မှာတော့ UMM ORCHESTRA EVENING WITH STRINGS စာတမ်းလေးက အဝါရောင် တစ်လှည့် အဖြူရောင် တစ်လှည့် ရေးထိုးထားသတဲ့။ ရောင်စုံဂီတ သ‌‌ေင်္ကတတွေလည်း ဗီနိုင်းပေါ်မှာ လှလှပပရေးဆွဲဖော်ညွန်းထားသတဲ့။ Double Bass တီးနေတဲ့ နိုင်ငံခြားသားနဲ့ တယောထိုးနေတဲ့ နိုင်ငံခြားသူ အထူးဧည့်သည့် တော်နှစ်ဦးရဲ့ ပုံတူကောက်ကြောင်းတွေကလည်း ဗီနိုင်းပေါ်မှာ စိတ်ဝင်စားစရာပဲတဲ့။ အထူးဧည့်သည်တော် နိုင်ငံခြားသားနဲ့ နိုင်ငံခြားသူ နှစ်ဦးက ဆရာနဲ့ တပည့်ဖြစ်ပြီး UMM (University of Medicine Mandalay) Orchestra ဖြစ်မြောက်ရေးအတွက် ကူညီသင်ကြားပေးခဲ့ကြတဲ့ သူတွေတဲ့လေ။ ဆရာဖြစ်သူ နိုင်ငံခြားသား Gostra Muller နဲ့ တပည့်ဖြစ်သူ နိုင်ငံခြားသူ Gabriele Chr Rendl တို့ရဲ့ အမည်တွေကို အထူးဧည့်သည်တော်အဖြစ် ဗီနိုင်းပေါ်မှာ ရေးထိုးဖော်ပြထားသတဲ့။

သူငယ်ချင်းက အခမ်းအနားအစီအစဉ်ကို ဖတ်ပြတယ်။ Duet, Classical Guitar solo, Piano Solo, Jazz Band, Orchestra UMM, GMI (Gitameit Music Institute), Mass Orchestra တို့ရဲ့ ဖျော်ဖြေမှုတွေ ဖြစ်တယ်တဲ့။ အို … အစီအစဉ်တွေက စုံလင်ပြီး စေ့စပ်လှပါလား။ ပါဝင် တီးခတ်မယ့် UMM String ကျောင်းသား ကျောင်းသူတွေက သုံးဆယ့်ခြောက်ယောက် (Violin က နှစ်ဆယ့် လေးယောက်၊ Viola က ခြောက်ယောက်၊ Cello က လေးယောက်၊ Double Bass က နှစ်ယောက်၊ Piano က နှစ်ယောက်၊ Guitar က တစ်ယောက်၊ Voice က တစ်ယောက်၊ စုစုပေါင်း အယောက်လေးဆယ်။ ဪ … ဆေးတက္ကသိုလ် ပညာရပ်များနဲ့အတူ ဝါသနာပါတဲ့ ဆေးကျောင်းသူ၊ ဆေးကျောင်းသားလေးတွေကို အံ့ဩဘနန်း ချီးကျူးဂုဏ်ယူနေမိပါတော့တယ်။ နောက်ပြီး Gitameit Music Institute က ပညာရှင်တွေလည်း ပါဝင်ကူညီအားဖြည့်ထားတာပါလား။ Violin-1 မှာ ငါးဦး၊ Violin-2 မှာ ငါးဦး နဲ့ Viola က နှစ်ဦး၊ Cello က တစ်ဦး၊ Double Bass က တစ်ဦး၊ Flute က တစ်ဦး၊ Piano က တစ်ဦး၊ စုစုပေါင်း ဆယ့်ငါးဦး ပါလား။ Jazz Band မှာတော့ နိုင်ငံခြားသားပညာရှင်ရယ် ဂီတမိတ်အဖွဲ့သားများနှင့် UMM String က ဝါသနာရှင် ကျောင်းသား ကျောင်းသူတို့ ဆယ်ဦးရှိသည်။ အဓိက Conductors နှစ်ဦးကတော့ နိုင်ငံခြားသား ဂီတပညာရှင်ကြီး Gostra Muller နဲ့ ဂီတမိတ်ရဲ့ ဦးစီးခေါင်ဆောင် ပါရမီရွှန်းတို့ ဖြစ်တယ်တဲ့။ ခေါင်းဆောင်ပြီး ညွန်ကြားပြသကူညီပေးတဲ့ ပြည်တွင်းပြည်ပ ပညာရှင်များရဲ့ ကျေးဇူးနဲ့ မန္တလေး ဆေးတက္ကသိုလ်က ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများရဲ့ ကြိုးစားအားထုတ်မှုက အစီအစဉ်စာရွက် ပေါ်မှာတင် တော်တော်လေး ကျေနပ်စရာ ကောင်းနေပါတော့တယ်။

အခမ်းအနားစတော့မယ်တဲ့။ လက်ကိုင်ဖုန်းတွေ ပိတ်ထားဖို့၊ အခွံနွှာတဲ့အခါ ထောက်ခနဲမြည်တတ်တဲ့ နေကြာစေ့လို အစားအစာမျိုး မစားဖို့ သတိပေးသံ ထွက်ပေါ်လာတယ်။ ဟုတ်တာပေါ့၊ အေးစိမ့် တိတ်ဆိတ်နေတဲ့ ဒီအသံလုံအခန်းထဲမှာ ဒီဂီတသံတွေကို အနှောက်အယှက်ကင်းကင်းနဲ့ ကြည်ကြည်နူးနူး စီးမျောရမယ်လေ။ ပရိသတ်အားလုံးကလည်း ဒီသတိပေးစကားသံကို လုံးဝလုံးဝ ထောက်ခံအားပေးလိုက်နာကြမှာပါ။ ကျွန်မဖုန်းပိတ်လိုက်တယ်။ ပထမပိုင်း Duet Classical Guitar Solo, Piano Solo တို့ကို ကျွမ်းကျွမ်းကျင်ကျင် လှလှပပ အလှည့်ကြ တီးခတ်သွားတဲ့ ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ငါးဦး ပြီးတဲ့နောက်မှာတော့ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာဦးခင်မောင်လွင်က ဒီ Orchestra သံစုံတီးဝိုင်းကြီး ဖြစ်ပေါ်လာပုံ၊ ဝိုင်းဝန်းကူညီ အားပေးကြတဲ့ ဂီတပညာရှင်တွေ၊ ဝါသနာရှင် ကျောင်းသူ၊ ကျောင်းသားများနှင့် အလှူရှင်တွေ အပါအဝင် လာရောက်အားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်စကားပြောကြားသွားတယ်။ ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားပြီးတဲ့နောက်မှာ မန္တလေး ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဂီတအသင်း ဉက္ကဌ နောက်ဆုံးနှစ် အပိုင်း (က) ကျောင်းသား နေနီလွင်က ကျေးဇူးတင်စကားပြောကြားတယ်။ ကျေးဇူးတင်စကားပြောကြားတဲ့ နေရာမှာ နိုင်ငံခြားသားပညာရှင်များကို အင်္ဂလိပ်ဘာသာစကားနဲ့ သီးသန့် တိုက်ရိုက် ကျေးဇူးတင်စကားဆိုသွားတယ်။ သူရဲ့ အင်္ဂလိပ်စာအသုံးအနှုန်းနဲ့ အသံနေ အသံထားကို နိုင်ငံခြားသားပညာရှင်များက လေးလေးစားစား ကျေကျေနပ်နပ် လက်ခံမှာဆိုတာ အသေအချာဖြစ်တဲ့ အတွက် ကျွန်မအနေနဲ့ ဂုဏ်ယူမိပါတယ်။

အားလုံးမျှော်လင့်နေတဲ့ UMM Orchestra ရဲ့ တီးခတ်မှု အစီအစဉ် ကျရောက်လို့လာပါပြီ။ နုနယ်ပျိုမျစ်တဲ့ ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ တူညီဝတ်စုံနဲ့ ယိမ်းနွဲ့လှုပ်ရှားတီးခတ်နေတဲ့ သဏ္ဌာန်တွေကို စိတ်အာရုံထဲမှာ မှန်းဆ မြင်ယောင်ရင်း ရင်ထဲမှာ တစ်သိမ့်သိမ့် ခံစားနေမိပါတော့တယ်။ UMM Orchestra က ဖျော်ဖြေသွားတဲ့ သုံးပုဒ်စလုံးကို ခံစားပြီး ဝါသနာရှင်တွေက ပညာရှင်တွေအလား တီးခတ်ဖျော်ဖြေ သွားလိုက်တာလို့ ယူဆမိတယ်။ တီးခတ်မှု ပညာရပ်ပိုင်းဆိုင်ရာကိုတော့ ကျွန်မအနေဖြင့် အသေးစိတ် နားလည်နိုင်စွမ်းမရှိပေမယ့် ဂုဏ်ယူပြီး ချီးကျူးစကားဆိုမိတာတော့ အသေအချာပါ။ “ပန်းချစ်သူ” သီချင်းလေးကို တီးခတ်လိုက်တာများ ကျွန်မကြည့်ဖူးခဲ့တဲ့ “ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေက ကျွန်မရဲ့ မမြင်ရတဲ့ မြင်ကွင်းထဲမှာ ထင်ဟပ်လာတဲ့ အထိ ကြွကြွရွရွ ရှိလိုက်တာ။ “Chicken Dance” သီချင်းလေး တီးခတ်မှုကတော့ အဟုတ်ကို “Chicken Dance” ပါပဲ။ ကျွန်မကိုယ်တိုင်တောင် စိတ်ထဲမှာ လှုပ်လှုပ်ခတ်ခတ် ကြွကြွရွရွ ဖြစ်လာမိတယ်။ အော်ဂက်စ်ထရာ အနုပညာရဲ့ အစွမ်းက “Chicken Dance” သရုပ်သဏ္ဌာန်ကို ပေါ်လာစေသလိုပါလား။

UMM ORCHESTRA ရဲ့ တီးခတ်ဖျော်ဖြေမှု အပြီးမှာတော့ ဂီတမိတ်အဖွဲ့နဲ့ Jazz Band အဖွဲ့တို့က တစ်လှည့်စီဖျော်ဖြေသွားကြတယ်။ သုံးပုဒ်စီ သုံးပုဒ်စီကို တစ်လှည့်စီ ဖျော်ဖြေပြီး နှစ်ကျော့ကျော့သွားခဲ့တယ်။ စုစုပေါင်း ဆယ့်နှစ်ပုဒ်ကို အားရပါးရ တဝကြီး နားထောင်ရတာ အရသာရှိလိုက်တာ။ အစီအစဉ်စပါပြီဆိုကတည်းက အစီအစဉ် တစ်ခုချင်းစီ အပြီးမှာ လက်ခုပ်သံတွေက သောသောညံလို့ပါလား။ ကြွရောက်လာတဲ့ ပရိသတ်ထဲက လူကြီးတွေတင်မက ကလေးလေးတွေဆီက အားပေးနေတဲ့ အသံတွေပါ ကြားနေရတယ်။ ကျွန်မ အစီအစဉ် တစ်ခုမျှမကျန်၊ မလွတ်တမ်း လက်ခုပ်ဩဘာပေးခဲ့တာအမှန်။ ဪ … ဝါသနာရှင်နဲ့ ပညာရှင်တို့ရဲ့ အချိုးညီညီ တွဲငင်ခေါ်ယူလိုက်ပါ ဆောင်ရွက်နိုင်စွမ်းက အံ့ဩစရာကောင်းလှပါချေ တကား။

ဂီတမိတ်နဲ့ jazz Band ဖျော်ဖြေမှုကြားမှာတော့ ဂီတအသင်းဉက္ကဌ ဆေးကျောင်းသားလေး‌ နေနီလွင်ရဲ့ Guitar Solo နဲ့ တီးခတ်မှု အစီအစဉ်က အထူးအစီအစဉ်တစ်ရပ်အနေနဲ့ ပါဝင်လို့ နေပြန်တယ်။ ဒီအစီအစဉ်ကို နိုင်ငံခြားသားပညာရှင်ကြီး Gosta Muller ရဲ့ အဆုံးအဖြတ်နဲ့ ထပ်မံ ထည့်သွင်းခဲ့တာတဲ့။ ဒါကြောင့် အစီမစဉ် စာရွက်ကို သူငယ်ချင်း ဖတ်ပြတုန်းက ဒီအစီအစဉ်တွေကို ကျွန်မမကြားမိလိုက်ပါဘူးလို့ အောက်မေ့သား။ ဪ… ကမ္ဘာကျော် စောင်းဆရာကြီး နဲ့ နိုင်ငံကျော် ရှော့ အဆိုတော် ညီနောင်နှစ်ဦးတို့ရဲ့ ဗီဇပါတဲ့ မြေးကလေးပဲ မဟုတ်လား။ ဒီလောက်တော့ ရှိမှာပေါ့။ သူရဲ့ ကြိုးစားအားထုတ်မှုကလည်း ဗီဇနဲ့ အတူ တစ်ထပ်တည်း လိုက်ပါနေတာပါလား။ ရော့ခါ အဆိုတော်ကြီးတစ်ဦးရဲ့ သမီးလေး မန္တလေး ဆေးတက္ကသိုလ်ကျောင်းသူလေး ကလည်း Guitar Solo နဲ့ အစီအစဉ် အစပိုင်းမှာ တီးခတ်သွားသေးတာ။ ပွဲမစခင်မှာ Duet ထဲမှာ တယောတီးခတ်မယ့် ဆေးကျောင်းသူကလေးရဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဆရာဝန်ဇနီးမောင်နှံနဲ့ ညီမလေးတို့ကိုလည်း နှုတ်ဆက်လိုက်ရသေးတယ်။

မိဘနှစ်ပါးကလည်းသူတို့သမီး၊ ညီမလေးကလည်း သူမမ အတွက် ဘယ်လောက်ဂုဏ်ယူ နေကြမယ် မသိ။

အစီမစဉ်ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ Mass Orchestra ရဲ့ တီးခတ်ဖျော်ဖြေမယ့် အချိန်ရောက်ရှိလာပါပြီ ကော။ UMM အော်ဂက်စ်ထရာနဲ့ ဂီတမိတ်အဖွဲ့တို့ ပူးပေါင်းတီးခတ်ဖျော်ဖြေမှုဆိုတော့ ဘယ်လောက် ကောင်းလိုက်မလဲ။ ရင်ခုန်နွေးထွေး စိတ်ဝင်စားစွာ စတေ့ချ်ရှိရာကို မမှိတ်မသုန်နဲ့ မမြင်ရတဲ့ မြင်ကွင်းကို ထွင်းဖောက်ပြီး နားစွင့်နေမိပါတော့တယ်။ ပထမတစ်ပုဒ်ဖြစ်တဲ့ Coldplay Rock ဂီတအဖွဲ့ရဲ့ Viva La Vida သီချင်းကိုတော့ ဆရာပါရမီရွှန်း ကိုယ်တိုင် Conductor အနေနဲ့ ဆောင်ရွက်ပေးတယ်။ ရင်သပ်ရှုမော အံ့ဩစရာပါပဲ။ ခန်းမကြီးတစ်ခုလုံး အေးစိမ့်တိတ်ဆိတ်နေတဲ့ကြားက အော်ဂက်စ်ထရာ အသံအနိမ့်အမြင့် အတက်အကျ အဆွဲအငင်သံစဉ်တွေကို စီးမျောခွင့်ရတာ ကိုယ်တိုင်ကို ကံကောင်းလှပါလားလို့ တွေးမိတဲ့ အထိပါပဲ။ Viva La Vida သီချင်းတီးခတ်မှု အပြီးမှာတော့ ဂီတမိတ်ရဲ့ ဦးစီးခေါင်းဆောင်ရော ပါရမီရွှန်းက ကျေးဇူးတင်စကား ပြောကြားသွားတယ်။ ဆရာ ပါရမီရွှန်းရဲ့ ကျေးဇူးတင်စကားထဲမှာ အဘိုးဖြစ်သူ ဆရာကြီး မြို့မငြိမ်းက မန္တလေးမြို့မှာ အော်ဂက်စ်ထရာ သံစုံတီးဝိုင်းကြီး ဖြစ်စေချင်ခဲ့တာတဲ့။ ဒီနေ့ဆိုရင် အဘိုးဖြစ်သူရဲ့ ဆန္ဒပြည့်ဝသွားတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်လှပါကြောင်း ဆိုသွားတယ်။ ပရိသတ်ထဲမှာ ကျွန်မတို့နဲ့ အတူ ကြည်နေတဲ့ သူငယ်ချင်းကလေးခွဲစိတ်အထူးကု ပါမောက္ခဆရာဝန်ကြီးကလည်း သူ့ဖခင်ဖြစ်သူ သီချင်းရေးဆရာကြီးက မြို့မတူရိယာအဖွဲ့ထဲမှာ Double Bass တီးခတ်ခဲ့ဖူးကြောင်း သတိရလွမ်းဆွတ်တဲ့ အသံနဲ့ ကျွန်မတို့ကို ပြောပြနေသေးတယ်။

အစီအစဉ်ပြီးဆုံးတော့မယ်။ အစီအစဉ်ပြီးဆုံးသွားမှာကို သိသိကြီးနဲ့ ကျွန်မနှမြောနေမိပ်တော့တယ်။ နောက်ဆုံး အစီအစဉ် အနေနဲ့ ဆရာကြီး ဦးရွှန်းမြိုင် စီစဉ်တဲ့ သီချင်းလေးကို နိုင်ငံခြားသားကြီး Gosta Muller က ကွန်ဒတ်တာအဖြစ် ဆောင်ရွက်မယ်တဲ့။ UMM Orchestra နဲ့ ဂီတမိတ်အဖွဲ့တို့ ပူးပေါင်းတီးခတ်မှုပဲပေါ့။ သီချင်းလေးက ဘာသီချင်းလေးပါ့လိမ့်လို့ ကျွန်မစိတ်ဝင်တစားနားစွင့်နေမိတယ်။ “မန်းတောင်ရိပ်ခို” ဆိုပါလား။ ဟာ … ဆရာကြီး မြို့မငြိမ်းများ ဘယ်ဘုံဘယ်ဘဝကနေ နားစွင့်နေရင်း ကျေနပ်ကြည်နူးပီတိဖြာနေပါလိမ့်မလဲ။ ကျွန်မကတော့ အော်ဂက်စ်ထရာ သံစုံတီးဝိုင်းကြီးရဲ့ တီးခတ်ဖျော်ဖြေတင်ဆက်မှုကို နားထောင်လိုက်ရတာ ငုတ်တုတ်မေ့နေမိပါတော့တယ်။ ဒီသီချင်းလေးကို ကြားရတိုင်း ကြားရတိုင်း ပါးစပ်က အမြဲတမ်း လိုက်ဆိုတတ်တဲ့ ကျွန်မက ကိုယ့်အသံက ကိုယ့်ကိုယ်ကို အနှောက်အယှက် ဖြစ်ပြီး အော်ဂက်စ်ထရာသံစဉ်တွေ လွတ်သွားမှာ စိုးရိပ်နေမိတဲ့ အတွက် ကိုယ့်ပါးစပ်ကို တင်းတင်းစေ့ပိတ်ပြီး စီးမျောနေမိပါတော့တယ်။ နှမြောတသနေတဲ့ကြားက အခမ်းအနားအစီအစဉ် ပြီးဆုံးသွားခဲ့ပါပြီ။

မန္တလေးဆေးတက္ကသိုလ်အတွက် UMM Orchestra ဟာ မှတ်တိုင် တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့ပြီး ကျွန်မရဲ့ အိမ်မက်ဆန္ဒကို အသံအာရုံနဲ့ ဖြည့်စွမ်းပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်စွာ ဂုဏ်ယူဝမ်းမြောက်ကြည်နူး ကျေနပ်နေမိပါတော့တယ်။

UMM Orchestra ဖြစ်မြောက်ရေးအတွက် အဓိက ဉီးဆောင်စီစဉ်ပေးခဲ့တဲ့ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာဦးခင်မောင်လွင်၊ လေ့ကျင့် သင်ကြားပေးခဲ့တဲ့ နိုင်ငံခြားပညာရှင်များနဲ့ ဂီတမိတ်အဖွဲ့ ဦးစီးခေါင်းဆောင်နဲ့ တကွ အဖွဲ့သားများ၊ အလှူရှင်များနဲ့ ကြိုးစားအားထုတ်ခဲ့ကြတဲ့ ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ဝါသနာရှင်များကို ဒီစာစုလေးနဲ့ လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါကြောင်း။

 

ခင်သစ်နှင်း