စေတနာ… စေတနာ ဘယ်ကလာ

ဆွေကြည်အေး

၁၉၆၇ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့။

ဖြူဖြူပုပုလုံးလုံး မြင့်မြင့်ခိုင်။ ဖြူဖြူရှည်ရှည် လဲ့လဲ့ဝင်း။ နှာတံပေါ်ပေါ် ခင်မေဝင်းနှင့် ကျွန်မ။ ဟိတ်ဟန် သိပ်မကြီးသော မန္တလေးဆေးတက္ကသိုလ်ဝင်းကြီးထဲသို့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဝင်လာကြသည်။

ကျောင်းကြီးက အိန္ဒြေရရ ဆီးကြိုနေပေမယ့်၊ မယ်သစ်လွင် ကျွန်မတို့လေးယောက်သားရဲ့ ရင်တွေကတော့ အိန္ဒြေမရ၊ ပရမ်းပတာ ခုန်နေကြမည် ထင်သည်။

Katie မြင့်မြင့်ခိုင်က အသံတိုးတိုးလေးနှင့် “ကျောင်းကြီးက လှလဲမလှဘူး၊ အထက်တန်းကျောင်းကြီးနဲ့ တူတယ်နော်” လို့ မှတ်ချက်ချသည်။ အကောင်းမြင့်လေ့ရှိတဲ့ လဲ့လဲ့ဝင်းကတော့ “ခန့်ပါတယ်ဟယ်”တဲ့။ ကျွန်မကတော့ ဘာမှတ်ချက်မှ မပေးရဲ။ ခလုတ်တိုက်မှာစိုးပြီး မြေကသိုဏ်းရှုကာလျှောက်လာရသည်။ ဖရက်ရှာလေးတွေကို စိတ်ဝင်စားစွာ ကြည့်နေမည့် မျက်လုံးတွေကို ရှောင်ရှားရင်း နံကပ်နှစ်ထပ်ဆောင်ကြီး အောက်ထပ်မှ ဖြတ်ဝင်သွားလိုက်တော့ မောင်မယ်သစ်လွင်တွေကို ကြိုဆိုမည့် Dark Room ကြီးက ဆီးကြိုနေလေသည်။

“ရုပ်ရှင်ရုံကြီးနဲ့ တူတယ်နော်” ဟု ခင်မေဝင်းထံမှ အသံထွက်လာသည်။ ဟုတ်လည်း ဟုတ်သည်။ အခန်းထဲသို့ ဝင်ဝင်ချင်း မြင်ရသည်က ရုပ်ရှင်ရုံထဲက ပိတ်ကားထက်ငယ်သည့် ပိတ်ကားတချပ်က ရှေ့ဆုံး အလယ်ခေါင်မှာ။ ထိုကမှ လှေကားထစ်ကဲ့သို့ တစ်ဆင့်ချင်း မြင့်တက်သွားသည့် ထိုင်ခုံများက စက်ဝိုင်းခြမ်းသဏ္ဍာန်။

ကျွန်မ လဲ့လဲ့ဝင်း ၏ လက်ကို လှမ်းကိုင်ရင်း “ဒို့တွေ အလယ်တန်းလောက်မှာ သွားထိုင်ရအောင်”ဟု ရှေ့ဆုံးတန်းတွင် ထိုင်ရမှာ ကြောက်ပြီး ပြောမိသည်။ ပထမဆုံး မောင်မယ်သစ်လွင်နေ့မို့ အားလုံးလိုလို သစ်သစ်လွင်လွင် သပ်သပ်ယပ်ယပ်။

ပုပုလုံးလုံး မြင့်မြင့်ခိုင်နှင့် ပိန်ပိန်ရှည်ရှည် ကျွန်မက အနက်ခံတွင် ခရမ်းရောင် ကန့်လန့်စင်းတွေပါသော ကချင်လုံချည် ဆင်တူ အင်္ကျီမှာသာ မြင့်မြင့်ခိုင်က တက်ထရွန်ဗေဒါရောင်အဖျော့နဲ့ ကျွန်မက ဗေဒါရောင်အရင့်။ ခင်မေဝင်းက ထက်ထရွန် အင်္ကျီမရမ်းရောင်နှင့် ချည်ပိုးချိတ်မရမ်းရောင်။ ရှိုးမထုတ်သော လဲ့လဲ့ဝင်းတောင် ချည်လုံချည် အပြာရောင်နှင့် ထုံးစံအတိုင်း ရင်ဖုံးအင်္ကျီအဖြူနှင့် လှလို့။

ကျောင်းသူ ကျောင်းသား (၁၀၀)မှာ မိန်းကလေး (၃၂)ယောက်ထဲမို့ ယောကျာ်းလေးက (၆၈)ယောက်။ မကြာခင်မှာဘဲ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ကြီးနှင့် ဌာနမှူး ဆရာ၊ ဆရာမကြီးများ ရောက်လာကြသဖြင့် အားလုံး မတ်တပ်ရပ်၍ အရိုအသေပြုကြပါသည်။ ပထမဆုံး နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားသူက ပါမောက္ခချုပ်။ ဆရာကြီး၊ ဆရာမကြီး အသီးသီး နှုတ်ခွန်းဆက် စကားပြောကြားပြီး ပြန်ထွက်သွားသည်နှင့် ကျောင်းသူ ကျောင်းသားများ၏ အသံများ ပေါ်ထွက်လာသည်။ တခြားသူတွေနှင့် ရောပြီး ကျွန်မတို့ လေးယောက်လည်း စာသင်ဆောင်တွေကို လိုက်ကြည့်ကြတဲ့အခါမှာတော့ “စာသင်ခန်းတွေက အသစ်တွေဟ၊ မဆိုးပါဘူး” လို့ မြင့်မြင့်ခိုင်ဘက်ကို လှမ်းပြီး ပြောလိုက်တော့ အားလုံးရဲ့မျက်နှာတွေမှာ အပြုံးကိုယ်စီနဲ့။

ထိုင်ခုံတွေကတော့ သုံးယောက်စီထိုင်ရမဲ့ ခုံတန်းရှည်တွေမို့ အထက်တန်းကျောင်းတုန်းက လိုပါပဲ။ တကယ်ကျောင်းတတ်ရပြီဆိုတော့ ပရက်တီကယ်လုပ်ဖို့ အဖွဲ့(၄)ဖွဲ့ ခွဲတဲ့အခါ နာမည်တွေရဲ့ နောက်ဆုံးစာလုံး တွေနဲ့စဥ်ပြီး ခွဲလိုက်တဲ့အတွက် သူငယ်ချင်းတွေ ကွဲကုန်ကြပါတယ်။

ကျွန်မက တောင်ငူ ကွန်ဗင့်က(၈)တန်း အောင်လာတုန်းက ကျောင်းထွက်လက်မှတ်မှာ Emma Kyi Maung ဆိုတဲ့ ဘိုနာမည်ဖြစ်နေတာကြောင့် မန္တလေးမှာ (၉)တန်း (၁၀)တန်း အစိုးရစစ်ဖြေမှာရော ဆေးတက္ကသိုလ်ဝင်တဲ့ အခါမှာပါ ဘိုနာမည်ဖြစ်နေတဲ့အတွက် သူငယ်ချင်းတွေနဲ့ ကွဲသွားပါတယ်။ တစ်အုပ်စုကို (၂၅)ယောက်စီ။ အုပ်စု(၄) အုပ်စုခွဲလိုက်တဲ့အခါ မြင့်မြင့်ခိုင်က အုပ်စု (A) ကျွန်မက(B) လဲ့လဲ့ဝင်းနဲ့ ခင်မေဝင်းက (D)။ စာသင်ခန်းထဲမှာ မခွဲကြပေမဲ့ ပရက်တီကယ် လုပ်ချိန်မှာတော့ တကွဲစီ ဖြစ်ပြီး သူငယ်ချင်းအသစ်တွေ ထပ်ရကြပြီပေါ့။

ကျွန်မရဲ့ သူငယ်ချင်း အသစ်တွေက ဒေါ်လီလင်း။ မြတ်။ မြင့်မြင့်နဲ့ မူမူမူတီးတို့ပေါ့။ ပထမအမ်ဘီမှာ စာရေးစာဖတ်ဝါသနာပါတဲ့ ကျွန်မက မြန်မာစာအသင်းကို ဝင်ဖြစ်ပြီး၊ အမှုဆောင် တာဝန်ယူရင်း နံရံကပ်စာစောင် လက်ကမ်းစာစောင်တွေမှာ ကဗျာလေးတွေ စရေးဖြစ်ပါပြီ။ ပျော်စရာ အချိန်လေးတွေပါပဲ။

စပ်စပ်စပ်နဲ့ အားကစားဝါသနာပါတဲ့ ကျွန်မက ဆေးတက္ကသိုလ် ပြေးခုန်ပစ်ပြိုင်ပွဲမှာ မီတာ ၁၀၀။ မီတာ ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင်း တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို သွားပြိုင်ဖို့ ကျွန်မတို့ အတန်းအနေနဲ့ ဒေါ်လီလင်းနဲ့ ကျွန်မ အရွေးခံရပါတယ်။ အကြီးတန်းတွေထဲက မမာလာအောင်၊ မနန်စီဘို၊ မစန်းစန်းလှနဲ့ မမဖြူတို့လဲ အရွေးခံရပါတယ်။ (ကျန်တဲ့သူရှိရင် စိတ်မဆိုးပါနဲ့နော်)။ ရန်ကုန်တက္ကသိုလ် မာလာဆောင်မှာ ရက်တော်တော်ကြာကြာတည်းပြီး ထရိန်နင်ဆင်းပြီးမှ ပြိုင်ကြရပေမယ့် တခြားတက္ကသိုလ် ကျောင်းသူ၊ကျောင်းသားက တအားတော်ကြပါတယ်။

ကျွန်မဘဝ ပထမအမ်ဘီ (အကြီးတန်း)နှစ်မှာ အမှတ်တရတွေ တော်တော်များပါတယ်။ (၁၉၆၉ သင်္ကြန်) ဖြစ်မယ် ထင်ပါတယ်။ မြန်မာစာ ဌာနမှူး မမဒေါ်ယဥ်ယဥ်မြတို့ တိုက်တွန်းမှုနဲ့ မန္တလေးဆေးတက္ကသိုလ်က စေတနာအလှပြယာဥ်မှာ (ကျွန်မ မှတ်မိသလောက်) ညိုသန်းမူ၊ ခင်စန်းဝေ၊ ပါမောက္ခချုပ်ရဲ့ သမီး ခင်ဖြူဖြူတို့ အပြင် ကျွန်မနှင့် ကျွန်မညီမ ကြည်အေးမေ (လူလိုနေတဲ့အတွက်) သင်္ကြန်ယိမ်းမှာ ကကြပါတယ်။ အဲဒီနှစ်က ထူးထူးခြားခြား မမနွဲ့ယဥ်ဝင်း (အင်္ဂလိပ်စာဌာန) နည်းပြ ဆရာမက

(၁) စေတနာ

စေတနာ

ဘယ်ကလာ

ဆေးတက္ကသိုလ်ကလာ

………………………

………………………

(၂) ဆေးတက္ကသိုလ် စေတနာလဲ

အတာသဘင်နဲ့ တူယှဥ်နွဲ

ဆေးထိုးအပ်နဲ့ နားကြပ်လဲ

တူ တံဇဥ်နဲ့   အတူတူပဲ

ဆိုတဲ့ ဆရာဂုဏ်ထူးဦးသိန်းနိုင် (မြန်မာစာ)ရေးစပ်တဲ့ တေးသံလေးတွေနဲ့ သီဆို ဖျော်ဖြေခဲ့ပါတယ်။ ဆရာစန္ဒယားချစ်ငွေ ရေးစပ်တဲ့

“ငုဝါလာသောလမ်း။ အဝါလာသောလမ်း”

ဆိုတဲ့ သီချင်းတပိုင်းတစကိုလည်း အခုထိ မှတ်မိလျက်ပါ။

ကျွန်မတို့ ယိမ်းအဖွဲ့က ချိတ်လုံချည်အပြာ အင်္ကျီအပြာတွေ ဝတ်ကြသလို၊ အလှပြယာဥ်ပေါ်က အမျိုးသားအဖွဲ့ကလည်း စတစ်ကော်လာရှပ်အဖြူ။ တိုက်ပုံအနက်၊ ပုဆိုးအပြာကွက်ဆင်တူနဲ့မို့ သပ်သပ်ယပ်ယပ်နဲ့ ကျက်သရေ ရှိလှပါတယ်။ (ဒီမှာလဲကျန်တဲ့သူတွေ ရှိပါဦးမယ်)

အမျိုးသားသံချပ်အဖွဲ့ကတော့ ကျွန်မတို့အတန်းက ကျောင်းသားတွေနဲ့ချည်း ပါဝင်ကြတဲ့အတွက် ထူးခြားလှပါတယ်။ သံချပ်တိုင်သူက ကိုစိုးမြင့်။ ဦးရွှေရိုးအဖြစ် သရုပ်ဆောင်သူက မောင်မောင်သီ။ မိန်းကလေး အဖြစ် သရုပ်ဆောင်သူက ကိုကိုကြီး။ အရာရှိကတော် ကျောင်းဆရာမအဖြစ် ကိုကြည်စိုး။ တော်တော်များများ ကျောင်းသားတွေက လဖုန်းကျောင်းထွက် ဆေးကျောင်းသားများ ဖြစ်ကြတဲ့ ကိုခင်မောင်သိန်း (လမ်းသရဲအဖြစ်)၊ ကိုတင်မောင်ဝင်း၊ ကိုမျိုးမြင့်၊ ကိုတင်မြင့်၊ ရှင်ဘို့မယ် မောင်မောင်နဲ့ ကိုလှခိုင်တို့ ဖြစ်ကြပါတယ်။ တကယ်ကို ပျော်စရာကောင်းလှပါတယ်။

နောက်ပြီး မန္တလေးတက္ကသိုလ် တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့တွေရဲ့ အထိမ်းအမှတ် နေ့ထူးနေ့မြတ်တွေမှာ မန္တလေးဆေးတက္ကသိုလ် မြန်မာစာအသင်းကို ဖိတ်လေ့ရှိတဲ့အတွက် မိန်းဘက်ကို သွားပြီး တိုင်းရင်းသားတွေရဲ့ အစားအစာ၊ အကအလှတွေကို ကြည့်ရှုဆင်နွှဲခွင့်ရကြတာ မမေ့နိုင်စရာပါ။

အဲဒီတုန်းက ကျွန်မတို့ ကျောင်းမှာလဲ စာဆိုတော်နေ့အထိမ်းအမှတ် ပဒေသာကပွဲတွေလည်း လုပ်ဖြစ်ကြရဲ့။ ဒေါ်လီဝင်း(သင်းသင်းလင်း)နဲ့ ခင်မေသစ်တို့ရဲ့ မြိုင်ထအက။ ဒေါ်လီဝင်း သီဆိုသော ချစ်သူ့နယ်မြေ။ အငြိမ့်အဖွဲ့မှာ ခင်စုမာနဲ့ နန်းစပယ်မြင့်ကြူတို့ရဲ့ အငြိမ့်အက။ ကျောင်းသား လူပျက်တွေရဲ့ ဟာသတွေကြားမှာ ကျွန်မတို့ ပျော်ရွှင်ကြည်နူးခဲ့ကြပါတယ်။

ပါမောက္ခချုပ် ဒိုင်း။ အတန်းလိုက် ဘောလုံးပြိုင်ပွဲတွေမှာပဲ ကိုယ့်အသင်း နိုင်ရင်ပြုံး။ ရှုံးရင် ဒေါပွကြနဲ့ လူငယ်ဘဝကို ဖြတ်သန်းကြရာမှာ မမေ့ကောင်းစရာ အတိတ်တွေပါ။

အမိ မန္တလေးဆေးတက္ကသိုလ်ကြီးကတော့ ၂၀၁၄ ခု ဇွန်လမှာ နှစ်(၆၀)ပြည့် အထိမ်းအမှတ်ပွဲကြီးကို ဆင်နွှဲပြီးပါပြီ။ အမိ မန္တလေး ဆေးတက္ကသိုလ်ရဲ့ရင်မှာ မွေးဖွားလာကြတဲ့ ကျောင်းသူ၊ ကျောင်းသားတိုင်းရဲ့ ရင်မှာတော့ အမှတ်ရစရာတွေ ကိုယ်စီရှိနေကြဆဲဖြစ်မှာ အသေအချာပါပဲရှင်။

(စာကြွင်း။         လွန်ခဲ့သော နှစ်(၅၀)ခန့်က အဖြစ်အပျက်များ ဖြစ်ပါသဖြင့် ပြန်လည်တွေးတော၍ ရေးသားရပါသောကြောင့် မှားယွင်းချက်များ ဖော်ပြရန် ကျန်ခဲ့သူများရှိပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။)

 

ဆွေကြည်အေး