ဆေး-မန်း သမိုင်း၏ အပိုင်းအစများ

ဒေါက်တာထူးထူး

ကျွန်တော် မန္တလေး ဆေးတက္ကသိုလ်မျာ ၁၉၈၄ ကနေ ၁၉၉၄ ခုနှစ် အထိ ပညာသင်ယူခဲ့ပါတယ်။ မင်းသားကြီးကျော်ဟိန်း စကားနဲ့ ပြောရရင် “၁၀”နှစ်ပေါ့။ သမိုင်းကို မေ့လျော့နေတဲ့သူတွေနဲ့ ဆုံရင် ကျွန်တော်တို့ကို စာမေးပွဲကျနေသလားလို့ ထင်တတ်ပါသေးတယ်။

သမိုင်းဆိုတာ မမေ့သင့်ပါဘူး။ အဲဒီအတိတ် သမိုင်းထဲက ထူးထူးခြားခြားမှတ်မိနေတဲ့ ကိစ္စအချို့ကို သတိရသလောက် ပြန်ပြောပြချင်ပါတယ်။

၁။ ဝင်းသီတာ

၁၉၈၆ ခုနှစ်က ဆေးတက္ကသိုလ်နဲ့ မျက်စောင်းထိုး လမ်း ၃၀ နဲ့ ၇၄ လမ်းထောင့်မှာရှိခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးရဲ့ နာမည်ပါ။ စနေနေ့နံနက်ခင်း တစ်ခုမှာ ဆေးကျောင်းသားတွေနဲ့ အဲဒီဆိုင်ရဲ့ စားပွဲထိုး ပြဿနာ တက်ပါတယ်။

“နွားနို့ (၁)ခွက် ဟေ့”

“မရှိဘူး”

ကျောင်းသားတွေမေးတော့ မရှိဘူး ပြောပေမယ့် သူတို့နောက် ရောက်လာတဲ့ ဝိုင်းကမှာတော့ နွားနို့ ချပေးတာ မြင်နေရတယ်။

“ငါးသုံးလုံးစီးကရက် (၁)ပွဲ ချဟေ့”

“စီးကရက် (၁)လိပ်ကို (၂)ကျပ် ရှိတယ်နော်”

စားပွဲထိုးရဲ့စကားက အဲဒီ ငွေ(၂)ကျပ်ကို ဆေးကျောင်းသားတတ်နိုင်သလားဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတော့ ကျောင်းသားတွေ ဒေါသဖြစ်ပြီး စကားများကြတယ်။ ခဏနေတော့ ကျောင်းသားတွေထပ်များလာပြီး စားပွဲထိုးက နောက်ပေါက်က ရှောင်ထွက်သွားပါတယ်။

ကျောင်းသားတွေက စားပွဲထိုးကို ခေါ်ပြီး တောင်းပန်ခိုင်းဖို့ ပြောပေမယ့် ဆိုင်ရှင်က ထုတ်မပေးတော့ ဆိုင်ထဲက ပန်းကန်ခွက်ယောက်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။

ဆိုင်ရှင်က အာဏာပိုင် အဖွဲ့အစည်းကို တိုင်တာပေါ့။ အဲဒီတော့ ပါမောက္ခချုပ်က အောင်ဆန်းဆောင်နဲ့ ဗထူးဆောင်က အဆောင်မှူးတွေကို ခေါ်မေးပါတယ်။ အဆောင်မှူးတွေကလည်း သူတို့အဆောင်က ကျောင်းသားတွေ မပါကြောင်းနဲ့ ဖျက်ဆီးခဲ့တဲ့အထဲပါရင် သူတို့ကို အရေးယူပေးပါမယ်လို့ တာဝန်ခံကြပါတယ်။ ပါမောက္ခချုပ်ကလည်း အဲဒီအတိုင်းပဲ အထက်ကို ပြန်တင်ပြခဲ့ပါသတဲ့။

သူတစ်ပါးဆိုင် ဖျက်ဆီးတာကို အားမပေးလိုပါ။ ဒါပေမယ့် တက္ကသိုလ်ပတ်ဝန်းကျင်မှာ ဖွင့်တဲ့ဆိုင်တွေအနေနဲ့ မိမိဝန်ထမ်းတွေကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံတတ်အောင် သင်ထားသင့်ပါတယ်။ အဆောင်မှူးများရဲ့ စေတနာကိုလည်း သတိရနေမိပါတယ်။

၂။ “ငွေစက္ကူ”

၁၉၈၇ ခုနှစ် စက်တင်ဘာလ (၅)ရက် စနေနေ့၊ အစိုးရက သုံးစွဲနေတဲ့ ငွေစက္ကူအကြီးတွေကို တရားမဝင်ဘူးလို့ ကြေငြာလိုက်ပါတယ်။ ကျောင်းသားတွေအတွက် ပိုဆိုးတာက အဲဒီရက်ရဲ့ ရှေ့ သောကြာနေ့မှာ ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာသင်ဆု (တစ်လ ၇၅ ကျပ်) တွေကို ထုတ်ပေးခဲ့တာပါ။

အဲဒီလိုကြေငြာတာနဲ့ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဦးထွန်းသင်ဟာ သူ့အိမ်မှာ ရှိတဲ့ တရားဝင်သေးတဲ့ ပိုက်ဆံတွေယူပြီး ငွေစာရင်းဌာနကို သွားပါတယ်။ ရုံးခန်းမှာရှိတဲ့ သုံးလို့ရတဲ့ ပိုက်ဆံတွေနဲ့ ပေါင်းယူပြီး အဆောင်နေ ကျောင်းသားတွေနဲ့ လာတွေ့ပါတယ်။ ဆရာကြီးက လိုရင်းပဲ ပြောပါတယ်။

“သားတို့လည်း သုံးစရာငွေရှိမှာ မဟုတ်ဘူး။ အဲဒီတော့ အဆောင်မှာ မနက်စာပါ ထမင်းကျွေးမယ်။ (ပုံမှန်မှာ နေ့လယ်စာနှင့် ညနေစာသာ ကျွေးပါတယ်။) “တစ်နိုင်ငံလုံး ဒုက္ခရောက်တာဖြစ်တဲ့အတွက် ကျောင်းခဏပိတ်ပေးမယ်။ အိမ်ပြန်ဖို့ ကားလက်မှတ် သွားဝယ်ကြတော့။”

ကျောင်းသားတွေကို ကားခများလည်း ထုတ်ပေးခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်မှာတော့ ပါမောက္ခချုပ်က အခြေအနေကို မဖြေရှင်းပေးနိုင်ခဲ့ပါ။ ကျောင်းသားဦးရေများလို့လည်း ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မန္တလေးတက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ သူတို့အဆောင်ရှေ့ရောက်တော့ အောင်ဆန်းဆောင်မှာ ကျောင်းသား(၂၀)ကျော်လောက်သာ ကျန်ပါတော့တယ်။ အိမ်ပြန်သွားသူ၊ ကားလက်မှတ်ဝယ်သူနဲ့ အဆောင်မှာ ကျန်တဲ့ ကျောင်းသားတွေကလည်း အိမ်ပြန်ဖို့ ပြင်ဆင်ချိန်ဖြစ်လို့ ဆန္ဒပြတဲ့သူတွေနဲ့လိုက်မယ့် ကျောင်းသားမရှိပါ။

“အောင်ဆန်းဆောင် မဟုတ်ဘူး။ နေဝင်းဆောင်”

“ထမိန်ဝတ်ထား”

စသည်ဖြင့် အော်ဟစ်ပြီး GTI (ယခု ဗဟို အမျိုးသမီးဆေးရုံ) ဘက်ကို ဆက်လက်ချီတက်သွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး မန္တလေးတက္ကသိုလ်နဲ့ GTI ကျောင်းသား(၅၀၀)လောက် အဖမ်းခံခဲ့ရပါတယ်။ ဆေးကျောင်းသားများ သတ္တိနည်းလို့ မလိုက်ခြင်း မဟုတ်ဘဲ၊ ပါမောက္ခချုပ်ရဲ့ စေတနာနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့လို့ ဖြစ်ပါတယ်။

၃။ ကိုဖုန်းမော်အတွက်

၁၉၈၈ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား “ကိုဖုန်းမော်”ဟာ လုံထိန်းတွေ ပစ်လိုက်တဲ့ သေနတ်ဒဏ်ရာနဲ့ ကွယ်လွန်ပါတယ်။ မတ်လ (၁၄)ရက် ညမှာတော့ အောင်ဆန်းဆောင်နဲ့ ဗထူးဆောင်က ဆေးကျောင်းသားတွေ ဆန္ဒပြကြပါတယ်။

“တစ်ပါတီ အာဏာရှင်စနစ် ကျဆုံးပါစေ”

“သပိတ်-သပိတ် မှောက် မှောက်”

“လူသတ်အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ကြတာ မန္တလေး ဆေးရုံကြီးကတောင် ကြားရပါတယ်။

စားပွဲ တစ်လုံးချပြီး ကျောင်းသားတစ်ယောက်ပြီးတစ်ယောက် တက်ပြီး တရားဟောကြတယ်။ အချို့ ကျောင်းသားတွေက အပြင်ထွက်ပြီး လှည့်လည်ဖို့ ပြောလို့ မနည်း တားရပါတယ်။ နှစ်ဆောင်ပေါင်းမှ ကျောင်းသားဦးရေက (၂၅၀)ကျော်ပဲရှိတာပါ။ ညမှောင်မှောင် အပြင်ထွက်ရင် အာဏာရှင်တွေ စိတ်ကြိုက် ဖြစ်သွားလိမ့်မယ်။ အဆောင်ထဲဝင်လာရင် ခံချလို့ရတယ်လို့ ဖောင်းဖျရပါတယ်။ စာသင်နှစ် (၁)နှစ်ကို ကျောင်းသား(၁၅၀)ပဲ လက်ခံလို့ အဲဒီခေတ်က မန္တလေးဆေးတက္ကသိုလ် တစ်ခုလုံးပေါင်းမှ ကျောင်းသား(၁၀၀၀)ကျော်ပဲ ရှိတာပါ။

ည(၁၁)နာရီကျော်တော့ ဗထူးဆောင်ဘက်က ကျောင်းသားကြီးတစ်ယောက် လာပြောပါတယ်။

“ညီလေးတို့ နောက်ရက်တွေလည်း ဆက်ဆန္ဒပြရမှာမို့ ဒီနေ့တော့ နားကြရအောင်။ နောက်နေ့ အသံမထွက်ပဲ နေလိမ့်မယ်”

ကျွန်တော်တို့ လူစုခွဲပြီး နာရီဝက်လောက်ကြာမှ “လုံထိန်း”တွေ တုတ်တွေ၊ ဒိုင်းတွေနဲ့ ရောက်လာပါတယ်။ အဆောင်ကို ဝင်စီးမလား သတိထားနေပေမယ့် ဝင်မလာကြပါဘူး။ နောက်ပိုင်းမှ သိရတာက ပါမောက္ခချုပ်၊ အဆောင်မှူးတွေနဲ့ မြို့ပေါ်က အမျိုးသားဆရာကြီးများက ပလက်ဖောင်းပေါ်မှာ တစ်ညလုံး လာစောင့်ပေးတယ်ဆိုတာပါပဲ။ လုံထိန်းတွေကိုလည်း-

“မင်းတို့လည်း အထဲမဝင်နဲ့၊ ဒို့ကျောင်းသားတွေလည်း အပြင်မထွက်အောင် ထိန်းပေးမယ်” ပြောပြီး ဟန့်တားပေးခဲ့ကြတယ်တဲ့။

နောက်ပိုင်း အာဏာပိုင်တွေက ဦးဆောင်တဲ့ ကျောင်းသားစာရင်းပေးပြီး ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆရာကြီးက ပြတ်သားပါတယ်။

“မင်းတို့ အရေးယူစေချင်ရင် အဲဒီကျောင်းသားတွေ အပြစ်ရှိကြောင်း သက်သေပြပါ။ ဓါတ်ပုံရိုက်ထားရင်ပေး။ အဲဒီဓါတ်ပုံဟာ အဲဒီကျောင်းသားရဲ့ ပုံမှန်း သိသာရမယ်။ အဲဒီပုံမှာပါတဲ့သူဟာ အစိုးရကို ဆန့်ကျင်နေတဲ့ ပုံဖြစ်ရမယ်။ ဒါမှမဟုတ် အသံသွင်းထားသလား။ အသံဟာ အဲဒီကျောင်းသားရဲ့ အသံမှန်း ထင်ရှားရမယ်။ ပြောတဲ့ စကားကလည်း အစိုးရကို ဆန့်ကျင်တဲ့ အကြောင်းအရာဖြစ်ရမယ်။ အဲဒါဆိုရင် အရေးယူပေးမယ်။”

အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆရာကြီးရဲ့ကျေးဇူးကြောင့် ကျောင်းသားတစ်ယောက်မှ အရေးယူ မခံခဲ့ရပါဘူး။

၄။ ဆေးကျောင်းသားများ အပျော်လွန်

၁၉၉၀ ခုနှစ် ကျွန်တော်တို့ တတိယနှစ်အတန်းတင် စာမေးပွဲဖြေ၊ အောင်စာရင်းထွက်ပြီး အိမ်မပြန်ခင်နောက်ဆုံးညမှာပေါ့။ ဗထူးဆောင်မှာစုပြီး စားကြ သောက်ကြတယ်။ ခုတင်တစ်လုံးပေါ် လူ(၆)ယောက်လောက် ပြိုင်တူ ထိုင်လိုက်တော့ သစ်သားကုတင်လေး (၁)လုံး ကျိုးသွားတယ်။ အောင်ဆန်းဆောင်ပြန်မယ့် သူငယ်ချင်းတစ်ယောက်က တံခါးဘောင်ကို လက်သီးနဲ့ထုလိုက်တော့ မှန်တစ်ချပ်ကွဲသွားတယ်။

ကျောင်းပိတ်ထားချိန်မှ အဲဒီကုတင်ကို ထပ်ဖျက်ဆီးပြီး ထောက်လှမ်းရေးက ဓါတ်ပုံလာရိုက်တယ်။ နောက် “ဆေးကျောင်းသားများ အပျော်လွန်၊ နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီး” ဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းစာမှာ ဆောင်းပါးထည့်တယ်။ ရိုးရိုးရေးတာ မဟုတ်ဘူး။ ၁၉၈၈ တုန်းကလည်း လက်ဖက်ရည်ဆိုင်မှာ ကတ်ဆက်ခွေဖွင့်ခိုင်းတာက ပြဿနာစတယ်။ အခုလည်း မန္တလေးဆေးတ္ကသိုလ်က ကျောင်းသားတွေ အရေးအခင်းတစ်ခု ဖန်တီးဖို့ လုပ်နေသယောင် ရေးထားတယ်။

အကျိုးဆက်ကများတယ်။ ကျောင်းသား(၃)ယောက် အဆောင်နေခွင့် ရပ်စဲခံရတယ်။ အဆောင်မှူး၊ ဗထူးဆောင်က ဖယ်ပေးရတယ်။ မော်ကွန်းထိန်း(၁)က မြစ်ကြီးနားအရွှေ့ခံရတယ်။ ပါမောက္ခချုပ်ဆရာကြီး ဦးထွန်းသင်ကို ပင်စင်ယူခိုင်းခဲ့တယ်။ ထူးခြားတာက ပါမောက္ခချုပ်က အသက်(၆၀)ကျော်နေပြီ။ အစိုးရက ဆက်လုပ်ပါဆိုလို့ လုပ်နေရတာ။ Extension ကာလပေါ့။

ကျောင်းသားတွေလည်း မကျေနပ်ကြဘူး။ ဆရာကြီးက အားလုံးကို သားသမီးလို စောင့်ရှောက်တော့ ဆရာကြီးကိုလည်း မိဘလိုချစ်ကြတာပေါ့။ အဲဒါနဲ့ နှုတ်ဆက်ကန်တော့ဖို့ စီစဥ်ကြတယ်။ ပိုက်ဆံတွေ စုကြတာပေါ့။ ဒါပေမယ့် ကန်တော့ဖို့ နေရာကို ဆေးတက္ကသိုလ်ဘက်က ခွင့်ပြုမပေးဘူး ဖြစ်နေတယ်။ နောက် ပါမောက္ခချုပ်ရောက်လာမှ စီစဥ်ပါလိမ့်မယ်လို့ ပြောထားတယ်။

၅။ ပါမောက္ခချုပ်များနှင့် စစ်တိုင်းမှူး

ရက်များမကြာမီ ခွဲစိတ်ပါမောက္ခ ဒေါက်တာဦးဇော်ဝင်းကို ပါမောက္ခချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဆေးတက္ကသိုလ်(၄)ထပ် အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်၊ ခန်းမ(A2)မှာ “ပါမောက္ခချုပ် အသစ်နဲ့တွေ့ဆုံ မိတ်ဆက်ပွဲ”ဆိုပြီး လုပ်ခဲ့ပါတယ်။

ကျောင်းသားတွေက အရင်ပါမောက္ခချုပ်ကို ကန်တော့ဖို့ စီစဥ်ထားပြီးသားမို့ အဲဒီနှုတ်ဆက်ပွဲအထင်နဲ့ ရာနှုန်းပြည့် ရောက်လာကြပါတယ်။ ခန်းမ (A2)ကလူ (၇၀၀)လောက်ပဲ ဆန့်တာပါ။ ကျောင်းသား (၁၀၀၀)ကျော်ဆိုတော့ ခန်းမထဲမှာ ပြည့်ကျပ်နေတာပါပဲ။ ဆရာတွေဆိုရင် ဘေးဘက် လွတ်နေတဲ့နေရာမှာ ခုံထပ်ချပြီး ထိုင်ရပါတယ်။ ကျွန်တော်တို့လည်း နောက်ဆုံးခုံတန်းရဲ့ နောက်မှီပေါ်မှာ ထိုင်ရပါတယ်။ အချို့ကျောင်းသားတွေဆိုရင် မတ်တတ်။ အဲဒီခန်းမထဲမှာ ကျောင်းသားတွေနဲ့ ပြည့်ကျပ်နေတဲ့အတွက် လူစိမ်းလုံးဝ ဝင်လို့မရတော့ပါဘူး။

ရှေ့က စင်မြင့်မှာတော့ ထိုင်ခုံ(၁၅)လုံးလောက် ခင်းထားပါတယ်။ အပြင်မှာ ကော်ဇောတွေ ခင်းထားတာ။ စစ်တပ်က အရာရှိတွေ တွေ့နေရတာကတော့ ထူးခြားပါတယ်။ နောက်ခံစာသားကတော့ “ပါမောက္ခချုပ် အသစ်နှင့် တွေ့ဆုံမိတ်ဆက်ပွဲ”လို့ရေးထားပါတယ်။

ခဏကြာတော့ စင်ပေါ်ကို လူတစ်စုတက်လာပါတယ်။ ပါမောက္ခချုပ်နဲ့ ဆေးတက္ကသိုလ်က ဆရာကြီး(၃)ယောက်ပဲ အရပ်ဝတ်နဲ့ပါ။ ကျန်တဲ့ (၁၀)ယောက်လောက်က စစ်တိုင်းမှူးနဲ့ စစ်တပ်က အရာရှိတွေပါ။ ကြည်း၊ ရေ၊ လေ ယူနီဖောင်းအစုံတွေ့ရပါတယ်။ နောက်ခံ စာသားရေးထားတာနဲ့ သူတို့အင်အား လာပြတာ ဘယ်လိုမှ မဆီလျော်ပါဘူး။

အခမ်းအနား အစီအစဥ် မကြေညာဘဲ တိုင်းမှူးက စကားစပြောပါတယ်။ နိဒါန်းက ဒီလိုပါ။

“မင်းတို့။ အေး… မင်းတို့ဟာ ငါကမွေးရင် ငါ့သားသမီးအရွယ်မို့ ဘာမှ ယဥ်ယဥ်ကျေးကျေး၊ လေးလေးစားစား ပြောစရာမလိုပါဘူး။ မင်းနဲ့ ငါနဲ့ပဲ ပြောမယ်”တဲ့။ သူ့နိဒါန်းဟာ မယဥ်ကျေးတဲ့အတွက် ကျောင်းသားတွေဘက်ကလည်း မလေးစားတော့ပါဘူး။ ပရိတ်သတ်ထဲမှာ လူစိမ်းဝင်လို့မရတာလည်း သေချာတာမို့ တိုင်းမှူး စကားတစ်ခွန်း ပြောတိုင်း ကျောင်းသားတွေက တစ်ခွန်းပြန်ပြီး ချေပအော်ဟစ်ပါတယ်။

တိုင်းမှူးမိန့်ခွန်းကလည်း အမှားတွေ အများကြီးပါ။ ဥပမာ “စစ်သားဆိုတာလည်း ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တာပဲ”လို့ ပြောချင်ပေမယ့် တကယ်ပြောတော့ “ပုခုံးနှစ်ပေါက်ကြား” လို့ ပြောမိတော့ ဝိုင်း ဟားတာ ခံရပါတယ်။ နောက် “စစ်သားဆိုတာ ခိုင်းတာပဲ လုပ်တတ်တဲ့ နွားတွေပဲလို့ ပြောတာသူသိတယ်” ဆိုတဲ့ စကားမျိုးက မပြောသင့်ပါဘူး။

မျိုးချစ်စိတ်ဓါတ်နဲ့ ဇာတိသွေး ဇာတိမာန်ကို နိမ့်ကျစေတဲ့ စကားမျိုးကိုလည်း ပြောခဲ့ပါတယ်။ “မန္တလေး အာဇာနည်(၁၇)ယောက်ကိစ္စ ပြောပြမယ်။ အဲဒီတုန်းက ငါလည်း ကျောင်းသားပဲ။ ဗမာတွေ တကယ်တန်းကျတော့ သတ္တိမရှိဘူး။ အင်္ဂလိပ်ဂေါ်ယာတပ်က ပစ်တော့ ပြေးလိုက်ကြတာ။ ၂၆-ဘီလမ်းပေါ်မှာ ဖိနပ်တွေ ပုံနေတာပဲ။ အဲဒီလို ပြေးရင်းလွှားရင်းနဲ့ သေကျန်ခဲ့တဲ့ သူတွေက အခြေအနေနဲ့ အချိန်အခါအရ အာဇာနည် ဆိုပြီး ဖြစ်လာတာ”လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာ အာဇာနည်လည်း မရှိဘူး။ ဒီလို စကားမျိုးက ဘယ်နေရာမှာဖြစ်ဖြစ် လုံးဝမပြောသင့်တာပါ။

နောက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေမည့် စကားလည်း ပြောပြန်တယ်။ “တချို့ ပြည်နယ်တွေ (ဥပမာ-ချင်းပြည်နယ်) ဆိုရင် ဘာမှထွက်တာ မဟုတ်ဘူး။ နိုင်ငံတောက်က တိုင်းနဲ့ပြည်နယ် အားလုံးဖွံ့ဖြိုးဖို့ တပြေးညီလုပ်ပေးရတာ အများကြီး နစ်နာတယ်” လို့ ပြောခဲ့ပါတယ်။ အေးအေးဆေးဆေး နားထောင်နေတဲ့ ချင်းကျောင်းသားတွေ ဒေါသထွက်ပြီး အော်ကြတာပေါ့။

တော်တော်ကြာအောင် ပြောပြီးတော့ နိဂုံးချုပ်ပါတယ်။ မှတ်မှတ်ရရ အဲဒီအချိန်က ဝန်ထမ်းတွေကို (၃၃)ချက်ဆိုတဲ့ ပုံစံတွေ ဖြည့်ခိုင်းပြီး၊ အရေးယူပြီးစ အချိန်ပါ။ စစ်တိုင်းမှူးက ဒီလိုပြောခဲ့ပါတယ်။ “ငါတို့ စစ်တပ်က မလွှဲသာလို့ အာဏာကို ယူခဲ့ရတာ။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကို လက်နက်အားကိုးနဲ့ ဖိနှိပ်ပြီး အုပ်ချုပ်ရင် ရေရှည်မှာ ဇာတ်သိမ်း မကောင်းဘူးဆိုတာ ငါတို့လည်း သိတယ်။”

“ဒါပေမယ့် ဘယ်အဖွဲ့အစည်းကို အာဏာလွှဲပေးရမလဲ။ ဘယ်သူ့ကို အာဏာလွှဲပေးရမလဲ”

သူမစဥ်းစားမိတာက ကျောင်းသားတွေဟာ ဝန်ထမ်းတွေ မဟုတ်ကြတာကိုပါ။ မှန်တယ်လို့ ယုံကြည်ရာကို ပြောဝံ့ကြပါတယ်။ တိုင်းမှူးရဲ့ စကားဆုံးသွားတာနဲ့…

“ဒေါ်အောင်ဆန်းစုကြည်” “ဒေါ်စု” “အန်တီစု” ဆိုတဲ့ အသံတွေ ကျောင်းသား၊ ကျောင်းသူတွေဆီက ထွက်လာပါတယ်။ ကျောင်းသားတစ်ထောင်နီးပါးရဲ့ ဖြေဆိုသံဟာ ခန်းမကြီးထဲမှာ ဟိန်းသွားတာပါဘဲ။

ဘေးနားက ဆရာကြီးတွေ လှည့်ကြည့်လိုက်တော့ ကျေကျေနပ်နပ် ပြုံးနေကြပါတယ်။ ထူးခြားတာ တစ်ခုက စင်မြင့်ပေါ်မှာ ထိုင်နေတဲ့ စစ်တပ်က အရာရှိကြီးတွေထဲက (၃)ယောက်လောက်က ပြုံးနေတာပါပဲ။ တိုင်းမှူး (၅)မိနစ်လောက်ကြာအောင် စကားမပြောနိုင်ဘဲ ငိုင်နေပါတယ်။ ပြီးမှ-

“ဒါဆိုလဲ မင်းတို့ အစိုးရကို မင်းတို့မျှော်ကြ။ မင်းတို့ တက္ကသိုလ်အတွက် ရှေ့လျှောက်ဘာမှ လုပ်မပေးဘူး”လို့ ပြောပြီး စင်မြင့်ပေါ်က ဆင်းသွားပါတယ်။ ကျန်တဲ့သူတွေလည်း တန်းစီပြီး ထွက်သွားကြတာပေါ့။ “ပါမောက္ခချုပ်အသစ်နှင့် တွေ့ဆုံမိတ်ဆက်ပွဲ” လို့ စာတမ်းရေးထားပေမယ့် ဆရာကြီး ဦးဇော်ဝင်း ခမျာ စကားတစ်လုံးမှ မပြောခဲ့ရပါဘူး။

သမိုင်းဆိုတာ

ကောင်းတာလည်းရှိတယ်။

ဆိုးတာလည်းရှိတယ်။

ကောင်းတဲ့သမိုင်းကိုဖတ်ပြီး

ဂုဏ်ယူနိုင်တယ်။

အတုယူနိုင်တယ်။

ဆိုးတဲ့သမိုင်းကိုဖတ်ပြီး

သင်ခန်းစာယူနိုင်တယ်။

ပြုပြင်နိုင်၊ ရှောင်ကြဥ်နိုင်တယ်။

တချို့သဘောထားသေးတဲ့၊

စိတ်ထားနိမ့်ကျတဲ့သူတွေဟာ

သမိုင်းအမှန်ကို

ဖုံးကွယ်ကြတယ်။

ဖျောက်ဖျက်ကြတယ်။

ပြုပြင်လိမ်ညာဖို့ ကြိုးစားကြတယ်။

ဖြစ်ခဲ့ပြီးသား အတိတ်ကို

ဘယ်လိုမှ ပြုပြင်လို့ မရပါဘူး။

သမိုင်းဟူသည်

ရန်ကုန်မြို့ ရွှေတိဂုံဘုရားရဲ့ “ဗုဒ္ဓဝင်ပြခန်း”ထဲမှာ အကြီးဆုံးပန်းချီကား (၆)ချပ်ရှိပါတယ်။ အဲဒါတွေက သင်္ဂါယနာတင်တဲ့ အခမ်းအနားတွေကို ရေးဆွဲထားတာပါ။ ပထမအကြိမ်ကနေ ပဥ္စမအကြိမ်ထိ ပန်းချီကားတွေမှာ သင်္ဂါယနာတင်တဲ့ ခုနှစ်၊ နေရာနဲ့ ဦးဆောင်တဲ့ ပုဂ္ဂိုလ်ရဲ့ နာမည်ပါပါတယ်။ ဆဌမအကြိမ်မှာတော့ ပန်းချီကားမှာ ထင်းထင်းကြီး ရေးဆွဲထားပေမယ့် “ဦးနု”ဆိုတဲ့ နာမည်မပါပါဘူး။

အဲဒါကိုကြည့်ရင်း ဆရာတစ်ယောက်က ပြောခဲ့ပါတယ်။ “သမိုင်းဆိုတာ ကောင်းတာလည်းရှိတယ်။ ဆိုးတာလည်းရှိတယ်။ ကောင်းတဲ့သမိုင်းကို ဖတ်ပြီး ဂုဏ်ယူနိုင်တယ်။ အတုယူနိုင်တယ်။ ဆိုးတဲ့ သမိုင်းကိုဖတ်ပြီး သင်ခန်းစာယူနိုင်တယ်။ ပြုပြင်နိုင်၊ ရှောင်ကြဥ်နိုင်တယ်။ တချို့ သဘောထားသေးတဲ့၊ စိတ်ထား နိမ့်ကျတဲ့ သူတွေဟာ သမိုင်းအမှန်ကို ဖုံးကွယ်ကြတယ်။ ဖျောက်ဖျက်ကြတယ်။ ပြုပြင်လိမ်ညာဖို့ ကြိုးစားကြတယ်။ ဖြစ်ခဲ့ပြီးသား အတိတ်ကို ဘယ်လိုမှ ပြုပြင်လို့ မရပါဘူး။

ဆရာ့စကားကို သတိရရင်း မန္တလေးဆေးတက္ကသိုလ်ရဲ့ သမိုင်းထဲက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ထူးခြားတဲ့ အပိုင်းအစတချို့ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

 

ဒေါက်တာထူးထူး