စကားစမြည်

နိုင်လင်းထွန်း (ဆေး/မန်း)

ကျွန်တော်သည် လူငယ်တို့နှင့် စကားစမြည်ဆိုလေ့ရှိပါသည်။ စကားစမြည်ဟူသည် ဆုံးမစကား၊ အမိန့်ပေးစကား၊ တောင်းပန်စကားမဟုတ်။ ရင်းနှီးစွာပြောဆိုသော စကားဖြစ်ပါသည်။ ဤဆောင်းပါးတွင် လူငယ်တို့နှင့် စကားစမြည်ဆိုပုံကို တွေ့ရပါလိမ့်မည်။

(၁) ဆရာဝန်ဆိုတာ

မီးပြင်ဆရာကို ပစ္စည်းကောင်းကောင်းသုံးပါဟု ပြော၍ရသော်လည်း ဆရာဝန်ကို ဆေးကောင်း ကောင်းသုံးပါဟု ပြော၍ မသင့်ချေ။

ဝပ်ရှော့ဆရာကို ကျွန်တော့်ကား ကားဘရိုက်တာ (Carburettor) မကောင်းဘူးထင်တယ်ဟု ပြော၍ ရသော်လည်း ဆရာဝန်ကို ကျွန်တော့်နှလုံးမကောင်းဘူးဟု အင်္ဂါ (Organ) စွဲ၍ ပြောလျှင် သင်၏ ဆရာဝန်က ကြိုက်ချင်မှ ကြိုက်ပေလိမ့်မည်။

အုတ်ရိုးကလေးတွေကို မြဲအောင်စီဟု ပန်းရန်ဆရာကို ညွှန်ကြား၍ရသော်လည်း သွေးပေါင်ချိန်ကို တိတိကျကျ၊ မှန်မှန်ကန်ကန်တိုင်းပေးပါဟု ဆရာဝန်ကို ညွှန်ကြားဖို့ မသင့်ပါ။

လက်သမားဆရာ ရွေဘော်ထိုးနေလျှင် အနီးမှ ခါးကြီးထောက်ပြီး ရပ်ကြည့်နေ၍ရသော်လည်း ဆရာဝန် စမ်းသပ်နေလှှျင်အနားမှာ ခါးကြီးထောက် ရပ်ကြည့်နေပါက ဆရာဝန်အများ မကြိုက်ကြပါ။

ဆိုင်ကယ်ဝပ်ရှော့ဆရာ၏ ခွကိုယူ၍ မိမိနောက်ကြည့်မှန် နတ်(ဇာဝီ) ကို ကိုယ်တိုင်ကျပ်၍ ရသော်လည်း ဆေးခန်းထဲက သာမိုမီတာကို ယူ၍ ကိုယ့်ချိုင်းထဲယူကာ အဖျားတိုင်းခွင့် မရှိပါ။

လုပ်ငန်းကိုင်ငန်းတိုင်းတွင် အခကြေးငွေ ဈေးဆစ်၍ ရသော်လည်း ဆရာဝန်ကို ဆေးဖိုးဝါးခ ဈေးမဆစ် ကောင်းပါ။

‘ဖဲကြွေးကို ဖဲဝိုင်းမှာထားခဲ့’ ဟူသော စကားကိုကြားဖူးပါသည်။ ‘ဆေးကြွေကို မဖြစ်မနေဆပ်ရမည်’ ဟူသော စကားကို ထွင်ခဲ့သည့် ပုဂ္ဂိုလ်အား ဆရာဝန်များကိုယ်စား ကျွန်တော်ကျေးဇူးတင်ပါသည်။ (မန္တလေးမှာ ကြားရတဲ့ စကားတွေပါ)

အရက်ဆိုင်ထဲသို့ ‘ပြင်ပအရက်များ ယူဆောင်သောက်သုံးခြင်းခွင့်မပြု’ ဟု တားမြစ်ထားလျှင် လိုက်နာ ကြပါလျက် ဆေးနှင့် ဆေးပစ္စည်းများ ယူဆောင်လာကြပြီး ‘ဆေးထိုးပေးပါ၊ ဆေးသွင်းပေးပါ’ ခိုင်းကြသော လူနာအချို့ကို ကျွန်တော်နားမလည်နိုင်ပါ။

ဆိုင်ပိတ်ပြီဆိုလျှင် အရက်သမားတို့ အလျှိုလျှို ထွက်သွားကြလေ့ရှိသော်လည်း ဆေးခန်းပိတ်ချိန်ဆိုမှ တဖွဲဖွဲ လာပြသော လူနာများက ဆရာ့ကို အားကိုးလို့ပါဟု ခေါင်းစဉ်တပ်ကြလေ့ရှိပါသည်။

ဆရာဝန်က မြက်ရိတ်၍ ရသည်။ မြက်ရိတ်သမား ဆရာဝန်လုပ်၍ မရ။

Tea ကောင်းကောင်းဖျော်တတ်လျှင် Tea ဆရာ။ ဆေးကောင်းကောင်းကုတတ်ရုံနှင့် သမားတော် မဖြစ်။

ပိုက်ဆံရှိလျှင် သင့်စီးပွားရေးကို ကြော်ငြာ၍ ရသည်။ ဆရာဝန်က ကြော်ငြာ၍ မရ။

ကုန်စိမ်းသည်က သူ့မှာ ကန်စွန်းရွက်ကုန်နေလှှျင် အခြားကုန်စိမ်းသည်ထံမှ လိုလိုချင်ချင် သွားယူ ရောင်းသော်လည်း အထူးကုဆရာဝန်တစ်ယောက်က အမျိုးတူ အခြားဆရာဝန်တစ်ယောက်ကို လူနာ ခွဲဝေ ပေးတာ ကျွန်တော် မကြားဖူးပါ။

ဉစ္စာဓန အမွေပေး၍ ရသည်။ ဆရာဝန်ပညာ အမွေပေး၍ မရ။

‘ဒေါ်ရှိသား နှမ်းမနဲ’ ၏ အရည်အသွေးသည် ဒေါ်ရှိလက်ရာနီးနီးကောင်းမည်ဟု မျှော်လင့်၍ ရသော်လည်း ခွဲစိတ်အထူးကုဆရာဝန်ကြီး၏သား ဆရာဝန်သည် (ခွဲစိတ် ဆရာဝန်ဘွဲ့ ရကောင်းရမည်) ဖခင်၏ လက်လောက်ကောင်းမည်ဟု မှန်းဆ၍ မရပါ။

လူကြီး လူကောင်းတစ်ယောက်၏ နာမည်ကို ရှေ့မှ ဦး/ဒေါ် တပ်၍ ခေါ်ရိုးထုံးစံရှိသော်လည်း ဆရာဝန်ကိုမူ အနုပညာရှင်များအလား နိုင်လင်းထွန်းနဲ့ မပြနဲ့ လျှောသွားမယ်၊ ဉမ္မာကျော်မြင့်နဲ့ မပြနဲ့ အငေါက်ခံရမယ် စသည်ဖြင့် ပြောကြပါသည်။

ကွန်ပျူတာဆိုင်ထဲဝင်၍ PC က ဘယ်ဈေး။ Laptop ကဘယ်လောက်၊ I Pad က ဘယ်လိုရောင်း၊ မေးရန် သင့်သော်လည်း သားဖွားမီးယပ်ဆရာဝန်အား သွား၍ ရိုးရိုးမွေး ဘယ်ဈေး၊ ခွဲမွေး ဘယ်လောက်၊ သားကြော ဖြတ်လျှင် မည်ရွေ့မည်မျှ တဲ့ကြီးမေးဖို့ အားနာစရာကောင်းလှသည်။

မင်္ဂလာဆောင်မှာ ကြုံ၍ TV ပြင်ဆရာအား ‘ငါ့ TV က ဖွင့်လိုက်ရင် တစ်ခါတစ်ခါ အလယ်မှာ အဖြူတန်း လေးတန်းပဲပေါ်တယ်။ ဘာဖြစ်လို့လဲ’ ဟု မေး၍ရသော်လည်း ဆွမ်းကျွေးမှာ ကြုံ၍ ‘ဆရာရယ် ကျွန်တော် ညည ချွေးတွေပြန်လို့ ရင်ထဲကလည်း အောင့်တယ်။ အိပ်လည်း မပျော်ဘူး။ ဘာဖြစ်တာလဲ’ ဟု မမေးပါနှင့်။ စမ်းသပ်စစ်ဆေးမှုမလုပ်ဘဲ ဘယ်ဆရာဝန်ကမှ သင်ဘာဖြစ်နေပြီဟု ပြောမှာ မဟုတ်ပါ။

ဆရာဝန်သည် ကျန်းမာစေကြောင်း နည်းလမ်းကောင်းများကို ဟောကြာသူသာဖြစ်ပြီး လိုက်နာ သူတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။

ဆရာဝန်ချင်းတူသော်လည်း ကုထုံးချင်းကွဲနိုင်သည်။

ဆရာဝန်ကို သင်က ဆေးပညာကိုပဲ တစ်စိုက်မတ်မတ် လေ့လာသူ ဖြစ်စေချင်သော်လည်း သင့် ဆရာဝန်က ဆေးပညာထက် အရာရာကို စိတ်ဝင်စားနေတတ်ပါသည်။ (သင်က တည့်မတ်ပေးပါ)

လူနာက မြန်မာဆန်ဆန်ပြောသော မြန်မာစကားလုံးများကို ဆရာဝန်နားမလည်လျှင် ပြောသူအပြစ်၊ ဆရာဝန်က ပြောသော မြန်မာမဆန်သည့် မြန်မာစကားလုံးများကို လူနာနားမလည်လျှင် နားထောင်သူ့အပြစ်။ ဆရာဝန်ပြောလျှင်နားထောင်ပါ။ ဆရာဝန်က စိတ်ရှည်လက်ရှည်ပြောခဲသည်။ ဆရာဝန်မပြောလျှင်မေးပါ။ ဆရာဝန် စိတ်ရှည်လက်ရှည် ပြောခဲသည်။ အချို့စကားတွေကို ပြောပြီးပြီဟု ထင်နေတတ်ပြီး အချို့ အချက်အလက်များကို လူနာသိပြီးပြီဟု သူက ထင်နေတတ်ပါသည်။

သင်က ခေါင်းမာသော တစ်ကြောင်းစွဲပုဂ္ဂိုလ်ဟု မှတ်ထင်နေသော ဆရာဝန်သည် သူ့ကိုယ်သူတော့ ခိုင်ကျည် တည်ငြိမ်သူဟု မှတ်ယူထားလေ့ရှိသည်။

သူများကလေး အဖျားမကျလျှင် ‘သုံးလေးရက်တော့ ဖျားမှာပဲ’ ဟု တည်ငြိမ်စွာ ပြောတတ်သော ဆရာဝန်က သူ့ကလေး အဖျားတာရှည်လျှင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်လျှင် မပြုံးပါနှင့်။ အဲဒါ သဘာဝပဲ ဖြစ်သည်။ ဆရာဝန်စိတ်နှင့် မိဘစိတ် ဘယ်တူမှာလဲ။

ဆရာဝန်သည် လူထဲကလူပင်ဖြစ်ရာ လူနာဆိုးရှိနိုင်သလို ဆရာဝန်ဆိုးရှိနိုင်ကြောင်း ကျွန်တော် သဘောတူပါသည်။

ဆရာဝန်နှင့်လူနာ ဆက်ဆံရေးယိုယွင်းလာတာကိုလည်း ကျွန်တော်လက်ခံပါသည်။

ဆရာဝန်သည် ‘ချိုမိုင်မိုင်၊ ချိုမိုင်မိုင်’ ဟု ချော့မော့ပြောလျှင် ကတတ်သောကလေးနှင့် တူကောင်း တူမည်ဖြစ်သော်လည်း ကြိမ်ပြလျှင် ကျွမ်းထိုးပြသော မျောက်ဖိုးစိန်တော့မဟုတ်။

ဆရာဝန်သည် သူ၏လူနာထံမှ မျှော်လင့်ချက် အနည်းဆုံးထားသော်လည်း လူနာသည် ဆရာဝန်ထံမှ မျှော်လင့်ချက် အကြီးမားဆုံးထားသည်ကို ကျွန်တော်တို့ နားလည်ပါသေးသည်။

ဆရာဝန်အတွက် တွန်းအားမှာ အားကိုးသော မျက်ဝန်းတစ်စုံဖြစ်၍ ဆွဲအားမှာ မဆီလျော်သော အမိန့်စကားများ ဖြစ်ကြသည်။

ဆရာဝန်ဆိုတာ မလုပ်သင့်ဘူးထင်လျှင် လုပ်မှာ မဟုတ်ပါ။ လုပ်သင့်သည်ထင်လျှင် ဘယ်အခြေအနေ မှာ မဆို လုပ်မှာပါပဲ။ (သမိုင်းဝင် ဓာတ်ပုံအချို့ကို မြင်ကြည့်ပါ)

ရှေ့နေတစ်ယောက်၏ အမှားသည် လူတစ်ယောက်ကို လေထဲမှာ ခြောက်ပေလောက် တွဲလောင်းကြီး ဖြစ်သွားစေနိုင်သည်။ ဆရာဝန် တစ်ယောက်၏ အမှားသည် လူတစ်ယောက်ကို မြေကြီးထဲမှာ ခြောက်ပေ လောက် ရောက်သွားစေနိုင်သည်ဆိုသော ဟာသကို ကျွန်တော်လက်ခံပါသည်။

ဆရာဝန်သည် Mycobacterium avium ပိုးက ဘာရောဂါဖြစ်စေသလဲ။ Bloom syndromen က ဘာရောဂါလဲ၊ Carvedilol ဆေးကို ဘယ်ရောဂါမှာသုံးသလဲဟု ကောက်ကာငင်ကာမေးလျှင် မကြိုက်တတ် သော်လည်း လူနာက သတ္တဗေဒနှင့် ဘွဲ့ရခဲ့သည်ဆိုလျှင် ဆက်ရက်၏ Hemoglobin အကြောင်း မေးတတ်၍ မြန်မာစာအဓိက ကျောင်းသူဆို ရှင်အဂ္ဂသာမိ၏ ဘုံခန်းပျို့အကြောင်းမေးလေ့ရှိကာ ဆယ်တန်း ကျောင်းသား ဆို Daffodil ပန်းအကြောင်း မေးတတ်သော သဘာဝကို သင်တို့ ခွင့်လွှတ်ကြပါကုန်။

ဆရာဝန်သည် လူသားတစ်ဦးဖြစ်၍ ကျွန်တော်လည်း လူထဲက လူတစ်ဦးပင်ဖြစ်ရာ ကျွန်တော်ရေး သမျှ သားသမျှထဲက သဘောမကျတာရှိခဲ့လျှင် ချစ်ရိပ်နှင့်ဖုံး၊ မုန်းစိတ်ကို ပစ်ပယ်၍ သည်းခံကြပါကုန်။

မမှားသောရှေ့နေ၊ မသေသောဆေးသမား ရှေးစကားကို နှလုံးသွင်း၍ ဆရာဝန်တို့အား ချစ်ခင်စိတ် ဖြင့် ခွင့်လွှတ်ကြပါကုန်။

ဪ … ဟိုးတုန်းကတော့ ဆေးပညာဖြင့် ငွေရှာနိုင်၍ ယခုအခါ ငွေဖြင့် ဆေးပညာရှာရသော ကာလထဲသို့ ရောက်ရှိနေပါသဖြင့်…

ဆရာဝန်တို့အား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန နှင့် အကြောက်တရားက ဖုံးလွှမ်းသွားပြီး ဆရာဝန် စိတ်ဓာတ်အား ဖျတ်ဆီးသွားမှာတော့ ကျွန်တော်လည်း အများနည်းတူ စိုးရိမ်ပါသည်။

ဆရာဝန်ဆိုတာ သေမယ့်လူနာကို ရှင်အောင် ကုသသော ပုဂ္ဂိုလ်များ ဖြစ်ကြပါလျက်၊ ရှင်နေ‌သော ဆရာဝန်ချင်း အသေသတ်နေကြသူများ အဖြစ်သို မနှေးအမြန်ရောက်ရှိသွားမှာကိုတော့ ကျွန်တော် အကြောက်ဆုံးဖြစ်ပါကြောင်း ရေးသားလိုက်ချင်ပါသည်။

(၂) လိုက်လျောညီထွေ

ကျွန်တော်သည် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ဆေးရုံကြီးထောင့်က ဆေးဆိုင်သို့ ဆေးဝယ်သွားလေ့ရှိပါသည်။ ထိုဆေးဆိုင်တွင် ကိုကြီး ကိုတင့်ဝေနှင့် ဆုံတတ်ပါသည်။ ကိုတင့်ဝေလည်း ဆရာဝန်ပဲ ဖြစ်သည်။ ဆေးလာဝယ်တာပဲ ဖြစ်ပါသည်။

ဆေးတက္ကသိုလ်ကို ဝင်တော့ ကိုကြီး ကိုတင့်ဝေက ကျွန်တော်တို့ထက် တစ်နှစ်စောသည်။ ဆယ်တန်း စနစ်ဟောင်း ကျောင်းသားဖြစ်သည်။ နောက်တစ်နှစ် ကျွန်တော်တို့ ဆေးတက္ကသိုလ်ရောက်တော့ ကိုတင့်ဝေကို မီလာသည်။ ကိုတင့်ဝေက ပထမနှစ်ကျ၍ဖြစ်သည်။ ကျသည်ဟု ပြောတာကိုက မှားနေပါသေးသည်။ တကယ်တော့ ကျတာ မဟုတ်ပါ။ စာမေးပွဲကို ဖြေဆိုခွင့်မရခဲ့တာပါ။ သူတို့ အတန်းက ပထမနှစ် (အမ်ဘီ) မှာ စာမေးပွဲ ဖြေဆိုခွင့်မရတာ။ (Debar ထိတာဟု ခေါ်ပါသည်) စုစုပေါင်း ဆယ်ယောက်တောင် ရှိသည်။ ထိုစဉ်က ပထမနှစ်မှာ Debar ထိတယ်ဆိုတာ တကယ့်ကို ဖြစ်တောင့်ဖြစ်ခဲ့ပါ။ (Once in a blue moon.)

ထိုစဉ်က ကိုတင့်ဝေပုံစံကို ကြည့်ကြပါဦး။ ဂျင်းဘောင်းဘီ အဖာတစ်ရာ အပြဲတစ်ထောင်နှင့်၊ တီရှပ် အင်္ကျီလက်ပြတ်အမည်းနှင့် အင်္ကျီပေါ်က Design က လူရိုးခေါင်းပုံနှင့်။ ဆံပင် အတွန့်အရှည် လိမ်ကောက် ကောက်က ကျောလယ်ကို ရောက်နေပြီ။ သို့သော် နားကွင်းဖောက်သော ဓလေ့ မထွန်းကားသေးလို့ ကိုတင့်ဝေမှာ နားပေါက်မရှိ နားကွင်းမရှိ။ Tattoo တက်တူးရုပ်ပုံထိုးသော ဓလေ့လည်း မရှိသေးပါ။ မျက်နှာကြီးကလည်း အမြဲရီလို့။ မျက်လုံးတွေကလည်း အမြဲရွဲလို့။ စကားပြောတော့လည်း အမြဲလွဲလို့။

တစ်နေ့မှာတော့ ကိုတင့်ဝေ ဆရာဝန်ဖြစ်သွားသည်။ အောင်ပင်လယ်မှာ ဆေးခန်းဖွင့်သည်။ အလုပ်မဝင်ပါ။ ခေတ်ဦးကာလမှာ ဗွီဒီယိုရုံထောင်ပြီး ဘောလုံးပွဲ ပြသေးသည်။ အိမ်ထောင်ကျတာကတော့ ဟို … တတိယနှစ်လောက် ကတည်းကပါ။ မှတ်မှတ်ရရ သူကျောင်းပြီးတော့ သူ့သမီး အကြီးဆုံးတောင် အပျိုပေါက် ကလေးဖြစ်နေပြီတဲ့။

စနေ၊ တနင်္ဂနွေနေ့တွေမှာ ကိုကြီးကိုတင့်ဝေနှင့် ကျွန်တော် ဆေးရုံကြီးထောင့်ကဆေးဆိုင်မှာ ဆုံလေ့ရှိသည်။ ကိုကြီးကိုတင့်ဝေက အခုမြေးတောင်ရနေပြီတဲ့။ ကျွန်တော်နှင့် ကိုကြီး ကိုတင့်ဝေက တစ်ယောက်အကြောင်း တစ်ယောက် အသေးစိတ်မသိကြပါ။ သူက နေ့ကျောင်းသား ကျွန်တော်က အဆောင် ကျောင်းသား။ ကျွန်တော်ကျောင်းဆရာဖြစ်တာ၊ GP အဆိုးတာ၊ စာ‌ရေးတာ သူသိသည်။ ကျွန်တော် အိမ်ထောင်ကျတာ သူသိသည်။ ကျွန်တော် ဇနီးအမည် သူမမှတ်မိ။ လူကိုတော့ သိသတဲ့။ မှည့်ထားသူတို့၏ အမည်လေးလုံးနှင့် နောက်က ဖခင်အမည်မှည့်ထားသူတို့၏ အမည်တွေ အမျိုးမျိုးလွဲလွဲခေါ်တတ်သည်။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ပါ။ စိတ်လည်းမဆိုးပါ။ နစ်နာတယ်လို့လည်း မအောက်မေ့ပါ။ သားနှစ်ယောက်ရတာ သိသည်။ နေမကောင်း၍ ညီဖြစ်သူထံမှာ ကျောက်ကပ်ကို အလှူခံပြီး လဲထားရတာ သူသိသည်။

သူ 1st MB မှာ Debar ထိတာ။ အတန်းတိုင်းလိုလို နောက်ဆုံးအခွင့်အရေးကျမှ အောင်တာ။ တတိယ နှစ်မှာ အိမ်ထောင်ကျတာ။ (သူ့ဇနီးက ပညာ၊ စီးပွား၊ ရုပ်ရည်၊ စိတ်ထား၊ အားလုံး ကောင်းမွန်ပြည့်စုံပါသတဲ့) တစ်နေ့မှာ ကျောင်းပြီးသွားတာ။ အောင်ပင်လယ်မှာ GP ဖွင့်တာ။ နောက် ဗွီဒီယိုရုံထောင်ပြီး ဘောလုံးပွဲပြတာ ကျွန်တော်သိပါသည်။

နောက်ပိုင်း အိမ်၊ ခြံ၊ မြေ၊ ကား၊ ပွဲစား၊ ပြီးတော့ ရွာဦးကျောင်းမှာ ဇရပ်တစ်ဆောင်လှူ၊ ကျေးရွာ လူမှုရေး အသင်း၏ ဉက္ကဌ၊ သား၊ သမီး တချို့ စင်္ကာပူမှာ။ မြေးတွေရပြီ။

ဆေးဆိုင်မှာဆုံတိုင်း ကျွန်တော်က ကိုတင့်ဝေကို စကားတစ်ခွန်းဖြင့် နှုတ်ဆက်လေ့ရှိသည်။

‘ဘောလုံးပွဲတွေ ပြသေးလား’

ကိုတင့်ဝေက ဗွီဒီယိုရုံမဖွင့်တော့ကြောင်း ပြုံး၍ဖြေပါသည်။

ကြီးလာတော့ ကိုတင့်ဝေက ကြည်၍ ကောင်းလာပါသည်။ လူကြီးလူကောင်းလည်း ဆန်လာပါသည်။ လုံးလုံးပြောင်းလဲသွားတာက ငယ်ငယ်က ကြွပ်ဆတ်ဆတ် ဂျစ်ကန်ကန်ပန်ကို လုံးဝမတွေ့ရတော့ဘဲ သိမ်မွေ့ယဉ်ကျေးသော ကိုယ်နှုတ်အမူအရာကို သိသိသာသာ မြင်တွေ့ရတာပဲ ဖြစ်သည်။ ဘောလုံးကို ရုံမှာ ကြည့်သည့်ဓလေ့ မရှိတော့ကြောင်း၊ လောင်းကစားကို စိတ်မပါတော့ကြောင်း (ဤသို့ ရိုးရိုးစင်းစင်းပဲ ပြောပါသည်) ဘောလုံးပွဲကြည့်ဖို့လည်း အချိန်မရနိုင်တော့ကြောင်း ပြောပါသည်။

ကိုကြီး ကိုတင့်ဝေနှင့် ကြုံတိုင်း ကျွန်တော်က ဤသို့ပဲ Stereotype ထပ်ကာထပ်ကာ မေးခွန်းကို မေးလေ့ရှိပြီး ကိုကြီး ကိုတင့်ဝေကလည်း ထိုအပ်ကြောင်းထပ်အဖြေကိုပဲ လေးလေးစားစား ဖြေဆိုပါသည်။ ကျွန်တော်ဘာလို့ ဒီမေးခွန်းချည်း ထပ်ချည်း တလဲ မေးနေမိတာပါလိမ့်။ ကျွန်တော် စဉ်းစားကြည့်သည်။ သေချာစဉ်းစားကြည့်တော့ ထိတ်လန့်ဖွယ်ရာ အဖြေတစ်ခုကို ကျွန်တော်ရပါသည်။ တကယ့်ကို ထိတ်လန့်အံ့ဩဖွယ်ပါ။ သွေးပျက်ဖွယ်ပါ။ ပြီးတော့ ရှက်စဖွယ်ပါ။

ကျွန်တော် ကိုကြီး ကိုတင့်ဝေကို တံဆိပ်အသေကပ်ထားလိုက်တာကိုး၊ 1st MB မှာ Debar ထိ၊ ကျောင်းသက်အလွန်ရှည်။ ဆရာဝန်ဖြစ်စကာ ဘောလုံးနှင့် စီးပွားရှာ။ ဒါပဲ။ သည့်နောက် အကောင်းအဆိုး အကြောင်းအကျိုး အောင်မြင်မှု၊ ဆုံးရှုံးမှု၊ အတက်အကျ၊ အပြောင်းအလဲကို ကျွန်တော်အသိအမှတ်မပြု။ လုံး… ဝ … အသိအမှတ် မပြု။ ထည့်သွင်းမစဉ်းစား။

ကိုကြီးကိုတင့်ဝေ = Debar + ဘောလုံး

ဟုတ်တာပေါ့။ ဒါကြောင့် ကျွန်တော်သူ့ကို ဘောလုံးနဲ့ ပတ်သက်ပြီးပဲ မေးနေတာပေါ့။ ခင်ဗျား အဆင့်ဟာ ဘောလုံးသတင်း ဆွေးနွေးဖို့ပဲ သင့်တဲ့ အဆင့်ပါပေါ့။

လူတချို့က ကျွန်တော်လိုပဲ လူတချို့ရဲ့ ဘဝအဆင့်အတန်းကို မိမိထားချင်တဲ့ အဆင့်တစ်ခုမှာပဲ ရပ်တန့်ထားချင်ကြသည်။ သို့မဟုတ် ရပ်တန့်ထားတတ်ကြသည်။ Growth Arrest ဟုပဲ ပြောရတော့မည် ထင်ပါသည်။ မနာလိုဝန်တိုတာပါပဲ။

အဲသည် အရာရှိကြီး ငယ်စဉ်က မနက်စာဆို မုန့်ဟင်းခါးတစ်ပွဲဝယ်ပြီး မောင်နှမတစ်တွေ ခွဲသောက်ခဲ့ရတာ။ အဲဒီ ဆရာဝန်ကြီး ငယ်ငယ်က မိဘတွေနဲ့ ပွဲဈေးလိုက်ရောင်းရတာ။ အဲဒီ မင်းသားဟာ မအောင်မြင်ခင်က မီးထိုး မှန်ပြ လုပ်ခဲ့ရတာ။ တကယ်တော့ လက်ရှိအောင်မြင်ခြင်းကို အသိအမှတ်ပြုဖို့ ငြင်းဆန် လိုက်တာပါပဲ။ ငယ်ဘဝကိုပဲ အသေဆုပ်ကိုင် ရပ်တန့်ထားလိုက်တာပါပဲ။

တစ်ခါက ကျောင်းမဂ္ဂဇင်း ကော်မတီ အစည်းအဝေးမှာ ပြဿနာ တစ်ခုဖြစ်တာ ကြားရဖူးသည်။ အလုပ်သင် ဆရာဝန်တစ်ဦး၏ ကဗျာကို မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြရန် သင့်၊ မသင့် အချေအတင် ငြင်းခုန်ကြသည်။ အယ်ဒီတာချုပ်ရယ်၊ ဆရာတစ်ယောက်ရယ်၊ ကျောင်းသားတွေရယ်က ကဗျာကို ကြိုက်ကြသည်။ ဆရာက အဖွင့်ကဗျာ သုံးဖို့တောင် အကြုံပြုသည်။ ကျန်ဆရာ၊ ဆရာမအချို့က လုံးဝ သဘောမတူကြ။ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။ အကြောင်းပြချက်က ထိုအလုပ်သင်ဆရာဝန် အတန်းငယ်စဉ်က စာမေးပွဲတွေမှာ မရိုးမသား ဖြေလေ့ရှိလို့တဲ့။ ဘာဆိုင်လို့လဲ။ အဲဒါက ကျောင်းသားဘဝကပဲ။ အခုဆရာဝန်တောင် ဖြစ်နေပြီ။ ပြီးတော့ အခုပြောနေတာက သူ့ကဗျာ၊ သူ့အနုပညာပါ။ အခု သူက နာမည်ကျော် ကဗျာ ဆရာဆိုတာကို သူတို့သိပုံမပေါ်ပါ။ ကဗျာလည်း မဖတ်၊ စာလည်း မဖတ်ဖူး ထင်ပါသည်။ (မတန်မရာ ပြောတယ်လို့ မထင်ပါနဲ့) ပီမိုနင်း၏ ဘဝနှင့် စာပဲ ယှဉ်ကြည့်ပါ။ နွံက သတ်သတ်၊ ကြာက သတ်သတ်ပါ။

လူကိုမြင်လိုက်တာနဲ့ တံဆိပ်အသေတပ်ထားလိုက်တဲ့ ပြဿနာကို ပြောချင်တာပါ။ ကိုကြိီး ကိုတင့်ဝေကတော့ ကျွန်တော်နှင့် တွေ့တိုင်း ဆီလျော် သလို ပြောင်းလဲ၍ နုတ်ဆက်ပါသည်။ နေကောင်းလား။ စာတွေရေးသေးလား။ ကလေးတွေကော။ ဇနီးသည်ရော။ သောက်ဆေးတွေ ဝယ်ရရဲ့လား။ စုံလို့၊ စုံလို့ပါ။

သူက ကျွန်တော်ကို အလိုက်တသင့် ယဉ်ယဉ်ကျေးကျေး ဆီဆီလျော်လျော် ပြောဆိုဆက်ဆံပါသည်။ ကျွန်တော်ဘဝ၏ အတက်နှင့် အဆင်းကို အသိအမှတ်ပြုပါသည်။ အောင်မြင်မှုတို့ အတွက် လှိုက်လှဲစွာ ဝမ်းသာပြီး ကျရှုံးမှုတို့အတွက် နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာနာမှု ပေးပါသည်။ ဘဝ၏ နေခြည်ဖျာသော အပိုင်းအတွက် မုဒိသာပွားပေးသလို၊ ဘဝ၏ အမှောင်ရိပ်ထိုးသော အပိုင်းအတွက် မေတ္တာ၊ ကရုဏပေးဖို့ ကြိုးစားပါသည်။ နှစ်ယောက်သား မစွမ်းဆောင်နိုင်သည့် ကိစ္စများအတွက် အတူ ဉပေက္ခာပြု ပေးပါသည်။

သူ့ဘဝမှာ နေစရာ၊ စားစရာ ပြည့်စုံပြီး မိသားစုပြည့်စုံပြီး လူမှုရေး၊ စီးပွားရေးနယ်ပယ်တွေမှာ အောင်မြင်နေပြီး ဆေးပညာလည်း တောက်လျေှာက် လေ့လာနေသူပါ။ ဘွဲ့တွေတော့ အများကြီး မရဘူးပေါ့။ သူ့အခြေအနေက အထင်ကြီးစရာ မဟုတ်ဟု ဆိုလျှင်တောင် အထင်သေးရမည့် အနေအထား မဟုတ်။

ကျွန်တော်ကကော။ ကျောင်းဆရာ။ GP ဆရာဝန်။ စာရေးဆရာ (အဆင့်တောင် မဟုတ်ဘူးဗျာ) ။ ကျွန်တော်ဘဝမှာ အထင်သေးစရာမဟုတ်သော်လည်း ဘဝင်မြင့်၊ အောက်ခြေလွတ်စရာ အခြေအနေတော့ လည်း မဟုတ်ပါ။

လူကြီးလူကောင်းဆိုတာ သူတစ်ပါးရဲ့ တိုးတက်မှုကို အစဉ်အသိအမှတ်ပြု တန်ဖိုးထား ဂုဏ်ပြု နေရမှာပါ။ ကိုယ်ရဲ့ ဖွံ့ဖြိုးမှုကိုတော့ ဘာသိဘာသာ နေနေတတ်ရမှာပါ။ ကျွန်တော်ကတော့ လူကြီး လူကောင်း မဟုတ်ပါ။

ဆေးဆိုင်မှာကြုံတိုင်း ကိုကြီးကိုတင့်ဝေက ကျွန်တော်ကို လေးလေးစားစား လိုက်လျောညီထွေ ဆက်ဆံသော်လည်း ကျွန်တော်က သူ့ကို နှိမ်ချိုးနှိမ်ပေါက်စိတ် အခြေခံနှင့် ဆက်ဆံခဲ့တာ သေချာပါသည်။ ကိုကြီး ကိုတင့်ဝေရဲ့ အဆင့်ကို မြှင့်ပြီးလက်ခံဖို့ နှောင့်နှေးနေခဲ့တာပါ။

သည်တစ်ခါ ဆေးဆိုင်မှာ တွေ့ရင် ကျွန်တော် ကိုကြီးကိုတင့်ဝေကို လေးလေးစားစား နှုတ်ဆက် ပါမည်။ မေးပါမည်။

မြေးတွေ ဘယ်နှတန်းရောက်ပြီလဲ။ စင်္ကာပူအလည်သွားသေးလား၊ ကျောင်းထဲက ဇရပ်ကြီးကို ငွေကြေးဘယ်လောက် အကုန်အကျခံ လှူဒါန်းခဲ့သလဲ။ လူမှုရေးအသင်းမှာ ခုဆို ကားတွေအများကြီးပဲဆို … စသည် စသည်ဖြင့်။

ကိုကြီး ကိုတင့်ဝေနဲ့ တွေ့ရင် ‘ဘောလုံးပွဲတွေပြသေးလား …’ လို့ကျွန်တော် ဘယ်တော့မှ မမေး တော့ပါဘူး။

(၃) မာတစ်အကျိုးသက်ရောက်မှု

ကျွန်တော်တို့အိမ်မှာ မိသားစုဝင် ၄ ဦးရှိသည်။ ကျွန်တော်ရယ်၊ ကျွန်တော်ဇနီးရယ်၊ သားနှစ်ယောက် ရယ်၊ ပေါင်း ၄ယောက်။

ကလေးနှစ်ယောက်က ကျောင်းသားတွေ။ ကျောင်း၊ ကျူရှင်၊ ဂိုက်တွေနှင့် အချိန်ကုန်နေကြသည်။ ဂိမ်းဆော့ချိန်၊ ကာတွန်းဖတ်ချိန်တွေတောင် မနည်းလုနေရတယ် ဆိုတဲ့ ပုဂ္ဂိုလ်လေးတွေ။ အိမ်ကို လုံးလုံးမကူနိုင်ပါ။

ကျွန်တော့်အလုပ်က စာသင်သည်။ (တာဝန်ကျေအောင် ကြိုးစားသင်ပါသည်။) စာရေးသည်။ မဂ္ဂဇင်းတွေ လစဉ်အချိန်မီအောင် ရေးပါသည်။) ဆေးခန်းထဲ ခဏတစ်ဖြုတ် အလည်သွားသည်။ (လူနာမက်မက်မောမော မကြည်တာကြာပေါ။) ကျောင်းကြိုပို့လုပ်ပါသည်။ (မနက် ၅နာရီက ည ၁၀ နာရီထိ ကားပေါ်တက်လိုက်ဆင်းလိုက်။ Taxi ဆရာတောင် ကျွန်တော့်လောက် မမောင်းရပါ။)

ဇနီးသည်ကကော။ စာသင်သည်။ (စာသင်ကောင်းပါသည်။) သားနှစ်ယောက်ကို စာသင်ပေးပါသည်။ (သူမို့ မငြီးငွေ့တယ်) ဆေးခန်းထိုင်သည်။ (သူက ဆေးခန်း ကို လူနာလာသရွေ့ စိတ်ရှည်သည်းခံကြိုးစား စေတနာ ထား၍ ကြည့်သည်။ သူကြည့်နေလို့ အိမ်စရိတ်ရတာ။) အိမ်အလုပ် အကုန်လုပ်သည်။ (လျှော်ဖွပ်၊ မီးပူတိုက်၊ ချက်ပြုတ်၊ ဆေးကြော၊ လှည်းကျင်း၊ အိမ်ရာပြင်သိမ်း … အများကြီး)

သူက ကြောင် ၃ကောင်၊ ခွေး ၃ကောင် တာဝန်ယူကျွေးနေရပါသေးသည်။ ကျွန်တော်က ရေအိုးစင် ရေဖြည့်သည်။ (ဒါတော့ ကြိုးစားပမ်းစားလုပ်သည်။ တစ်နေ့ ၃ ကြိမ်တောင်) သစ်ပင်စိုက်သည်။ ရေလောင်းသည်။ (ကောင်းမှု ကုသိုလ်ဆိုလို့ ဒါပဲလုပ်သည်။)

အိမ်မှာ ကူမည့်သူမရှိ။ အိမ်ဖော်မရှိ။ လက်တိုလက်တောင်းခိုင်းစရာပင်မရှိ။ မန္တလေးအခေါ် ကိုယ်ခွဲမရှိ။ မိသားစု ၄ယောက် တာဝန်ကို လင်မယားနှစ်ယောက်တည်း ထမ်းနေရသည်။ ထို့ကြောင့် နေရာ တကာ ဟာပါသည်။ လစ်ဟာပါသည်။ Quantity as well as quality deficit ရှိပါသည်။

အကျိုးဆက်အနေနှင့် ဇနီးသည်က အမြဲပန်းနေပါသည်။ ကျွန်တော်က အမြဲနွမ်းနေပါသည်။ အကျိုးဆက် အနေနှင့် ဆေးခန်းကို လူနာအလာကျဲသွားပါသည်။ ဘယ်လူနာက ကိုယ့်ထက် ပင်ပန်း နွမ်းနယ်နေတဲ့ ဆရာဝန်ထံ အားကိုးတကြီးပြချင်မှာလဲ။ လူနာလျော့ကျြခင်း၏ ဆိုးကျိုးကိုမူ တစ်မိသားစုလုံး အလူးအလဲ ခံရပါသည်။ ထိခိုက်နစ်နာမှု ကြီးပါသည်။

အချို့မိတ်ဆွေတွေ ကျွန်တော်တို့ လင်မယားကို သနားလို့ လာကူကြသည်။ သို့သော် ကူညီသူက ကူညီသော်လည်း တစ်ခါတစ်ရံ ကူညီရာမရောက်သလို ဖြစ်ရတာမျိုးလည်း ရှိပါသည်။ ဆေးကြောင့် ပိုလေးတာမျိုး။ ကူညီလျက်က နှောင့်ယှက်သလို ဖြစ်သွားတာမျိုးလည်း ကြုံရတတ်ပါသည်။

မန်ချက်စတာယူနိုက်တက်ရှေ့တန်းမှာ ဗန်ပါစီဝင် ကစားရင် ကစားရပိုကျပ်ပြီး အသင်းရလဒ်ပါ ထိခိုက်သွားမျိုး ကြုံခဲ့ရဖူးသည်။ ဗန်ပါစီဆိုတာ သိပ်ကောင်းတဲ့ ကစားသမား၊ အခုထိလည်း ကောင်းတုန်း၊ သို့သော် ကစားကွက်နှင့် အံမဝင်၍ ရောင်းထုတ်ပစ်ခဲ့ရသည်။

ကျွန်တော့်ဇနီးရဲ့ ညီမတွေ၊ အစ်မတွေ လာကူနိုင်တဲ့ အခါကျရင်တော့ ကျွန်တော့်အိမ်ဟာ ချက်ချင်းကို ဒိတ်ဒိတ်ကျဲ၊ ဒေါင်ဒေါင်မြည် အသင်းကြီး ဖြစ်သွားတော့တာပါပဲ။ ကလေးတွေနှင့်လည်း အဆင်ပြေ။ ဇနီးသည်လည်း အဖော်ရ။ ကျွန်တော်ကလည်း အစ်မကြီးနှင့်ကြီးခဲ့ရသူမို့ သူတို့နှင့်နေရတာ မောင်နှမအရင်း သဖွယ်ပါ။

မီးဖိုထဲတော့ လှည့်ကြည့်မနေပါနဲ့တော့။ လူနာလာလည်း သူတို့အဆင်ပြေအောင် ထိန်းထားနိုင်သည်။ ကလေးကျောင်းပို့ခိုင်းဦးမလား။ သူတို့က လိုရာကွက်လပ်ဖြည့်၍ ကစားနိုင်သည်။ ကျွန်တော်တို့အသင်း အကွက်စေ့သွားသည်။ အသင်းကြီး ဖြစ်သွားပြီ။

ဇနီးသည်က တစ်ပြုံးပြုံး။ ကျွန်တော်က စကားတစ်ဖောင်ဖောင်။ သားကြီးက သီချင်း တစ်ကြော် ကြော်။ သားငယ်က အသံလေး တစ်စာစာနှင့်။

ကျွန်တော်တို့ ထိပ်သည်းအသင်းဖြစ်ပြီ။ ၄ယောက်စလုံး Galacticos ကြယ်စင်ကစားသမားတွေ ဖြစ်ကုန်ကြပြီ။

ကျွန်တော့်အမ၊ နှမတွေကို ကျွန်တော်က မာတစ်တွေဟု ခေါ်ပါသည်။ မာတစ် Matic က ဘောလုံး သမားဖြစ်ပါသည်။

ဆားဘီးယား ဘောလုံးသမား Nemanja Matic (၁ ဩဂုတ် ၁၉၈၈ မွေး) သည် မန်ချက်စတာ ယူနိုက်တတ်တွင် ကျောနံပါတ် ၃၁နှင့် ကစားနေသော ဘောလုံးသမားဖြစ်သည်။ အရပ်က ၆ပေ ၄လက်မ။

အရင်က တိုက်စစ်အားသန် အလယ်တန်းကစားသမား၊ (Attacking Midfielder) နောက်တော့ ခံစစ်ဦး စားပေးကစားသည်။ (Defensive Midfielder) သို့သော် တိုက်စစ်အားသန်စိတ်ရှိဆဲ။ သူမန်ယူရောက်လာသည်။ သူရောက်လာမှ မန်ယူအကွက်စေ့သွားသည်။ သူပါသည့်ပွဲဆို ခြေပိုကောင်းသည်။ ဂိုးပေးရတာနည်းသည်။ ဂိုးပိုရသည်။ တစ်ခါတစ်ခါ ကိုယ်တိုင်ဂိုးသွင်းသည်။ လာခြင်းကောင်းသော လူကလေး မောင်မာတစ်ပါပေ။

မာတစ်က ဘယ်သန်။ သူ့မှာ တည်ငြိမ်တဲ့ ခန္ဓာကိုယ်၊ ခွန်အားအပြင် ဉာဏ်ရည်ဉာဏ်သွေး၊ ကစားစွမ်းရည်အပြည့်ရှိသည်။ သူ့ကြောင့် တိုက်စစ်သမားတွေ ကစားကွက် မြူးသွားသည်။ ပြီးတော့သူက နောက်တန်းရဲ့ ရှေ့မှာ ဆီးကာပေးသူ၊ တိုက်စစ်ဆင်တော့ ဝန်းရံပံ့ပိုးထောက်ပံ့နိုင်သူ။

မာတစ်ကို ကစားဖော် မိုက်ကယ်ကာရစ် (Michael Carrick) နှင့် နှိုင်းယှဉ်တင်စားကြသည်။

“သူကတောင် ကာရစ်ထက် တိုက်စစ်စွမ်းရည်ပိုသေး၊ သူကဘောလုံးကို ရယူတယ်။ သူက ဘောလုံးကို ဖျတ်နိုင်တယ်။ ပြီးတော့ အခြားကစားဖော်တွေ ကစားဖို့ပေးတယ်”

ပေါလ်စခိုး (Paul Scholes) က သုံးသပ်သည်။

မော်ရင်ဟိုကတော့ …

“အခုဆို မာတစ်က သူ့ခန္ဓာကိုယ်အရွယ်အစားအရ ပြောတာမဟုတ်ဘူး။ ကစားပုံအရ အကောင်းကြီး Giant တစ်ကောင်အဆင့် ဖြစ်နေပါပြီ” တဲ့။

အစ်မတို့ နှမတို့လာကူလျှင် ကျွန်တော်တို့ အိမ် အဆင်ပြေသည်။ ကျွန်တော်က မာတစ် အကျိုး သက်ရောက်မှု Matic effect ဟု တင်စားပါသည်။

မာတစ်သည် ခေါင်းဆောင်သူလည်း မဟုတ်။ နောက်ကလိုက်ရသူလည်း မဟုတ်။ အပေါက်ဖာအကွက် ဖြည့် ကစားနိုင်သူ။

အိမ်တစ်အိမ်၊ အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ မှာ မာတစ်တွေ အများကြီးရှိဖို့ လိုတယ်လို့ မထင်ဘူး လား။

(၄) ခမောက်ဇာတ်လမ်း

မနက် ၅နာရီခန့်တွင် သားကြီးကို သွား၍ ကြိုရပါသည်။ ၃၂ လမ်း တရုတ်စာသင်ကျောင်းရှေ့မှာ ကားကို ရပ်ထားကာ သူတို့ ဆင်းကြသည်ဟု ပြောပါသည်။

“ငါ့သား ဘာကျန်သေးလဲ”

“မကျန်ဘူး ဖေဖေ”

ဟု သူကပြောပါသည်။ ကျောပိုးအိတ်နှင့် လက်ဆွဲအိတ်ကို ကားနောက်ဖုံးဖွင့်ကာ သူထည့်ပြီး ကျွန်တော့် ဘေးတက်ထိုင်ပါသည်။

၆၂လမ်း မီးပွိုင့်ကျော်တော့ ဒီကောင်ဖောက်လာပါသည်။

“ခမောက်ထုပ်။ ခမောက်ထုပ် ကျန်ခဲ့တယ်ဖေဖေ”

“ရတယ်လေ။ ဖေဖေတို့ ပြန်ရှာတာပေါ့”

ကားရပ်ရာသို့ ပြန်သွားသည်။ ဘယ်သူမှ မရှိတော့။ မိုးစင်စင်လင်းပြီ။

“တစ်ယောက်ယောက်ဆီ ပါသွားတာနေမှာပါကွာ”

“ကားပေါ်မှာ ထင်တယ်။ ရန်ကုန်ထိတော့ပါတာ သေချာတယ်”

“ဒါဆို သူတို့ သိမ်းထားမှာပါ။ နောက်နေ့ကျ ရမှာပဲ”

“မဟုတ်ဘူးဖေဖေ။ အပြန်က ကျောင်းကားနဲ့ မဟုတ်ဘူး။ Express ငှားစီးလာတာ”

အသွားတုန်းကတော့ ကျောင်းကား မီနီဘတ်(စ်) ပိတောက်ခြောက်ရောင်ကြီးနဲ့။ မှန်မည်းကြီးတွေနဲ့။ ရန်ကုန်သို့ ကျောင်းကားအသစ်ကြီးနဲ့ သွားကြသည်။ ကျွန်တော်တို့ လိုက်မပို့ရပါ။ ကြိုလည်း သွားမကြိုရပါ။

“ဒါဆိုရင် ရဖို့ မလွယ်ဘူးပေါ့။ နှမြောစရာကြီးကွာ”

“သိတယ်။ ဖေဖေတို့ ဒီလိုပြောမယ်ဆိုတာသိတယ်။ ဒါကြောင့်သေချာဂရုစိုက်ရဲ့သားနဲ့ ကားပေါ် ရောက်မှ သတိလစ်သွားတာ”

“ဘယ်လောက်ပေးခဲ့ရသလဲ”

“မြန်မာငွေနဲ့ဆို သုံးထောင်လောက်၊ သုံးချပ် တစ်သောင်းလောက်ပါ”

“ပိုက်ဆံက အရေမကြီးဘူး၊ ဗီယက်နမ် အမှတ်တရလေး လိုချင်တာပေါ့ကွ”

“ဖေဖေပြောမှ ပိုနှမြောလာပြီ”

“မင်းအမေ ပြောမနေပါနဲ့ကွာ”

သူဘယ်နေနိုင်မှာလဲ။ မအေကို တန်းပြောသည်။ မအေက တစ်ဖျစ်တောက်တောက်။

“နှမြောစရာကြီးဟယ်။ လက်ဆောင်ပေးချင်ပေးလို့ရတယ်။ နင့်အဖေက ခမောက်သိပ်မက်မောတာ”

သူတို့ ပြောမှ ကျွန်တော် ဗီယက်နမ် ခမောက်လေးတွေ လိုချင်လာပါသည်။ နှမြောတာဗျာ။

ရက်ဝေးမြေခြားမှာ ပညာရပ်ဆိုင်ရာ ပြိုင်ပွဲသွားပြိုင်ပြီး ပြန်လာတဲ့ ၁၅နှစ် သားကလေးကို ကြိုဆိုကြတဲ့ မိဘနှစ်ပါးရဲ့ ကြိုဆိုပုံက ပျော်ရွှင်ဖွယ်မကောင်းတော့ပါ။ ဒီတစ်ခေါက် ကျွန်တော်တို့ သူ့အတွက် စိတ်မပူတော့ပါ။ မနှစ်တုန်းက ပေကျင်း ခရီးစဉ်တုန်းကတော့ စိတ်ပူကြပါသည်။ အခုတော့ မပူတော့ပါ။ သူငယ်ချင်းတွေလည်း ပါသည်။ ဆရာတွေလည်း ပါပါသည်။

“ကဲ  ကဲ … လူနေကောင်းပြီးတာပါပဲ”

စကားစဖြတ်လိုက်သော်လည်း စိတ်ထဲမှာတော့ ခမောက်ခလေးတွေ တဝဲလည်လည်ပါ။ ကျွန်တော် ခမောက်သိပ်မြတ်နိုးပါသည်။

“လမ်း ၆၀ မှာ ကားဂိတ်ရှိတယ်။ စုံစမ်းကြည့်ပါလား”

ဇနီးသည်က တိုးတိုးပြောပါသည်။

“အေးပါ”

လမ်း ၆၀ ဂိတ်က ရန်ကုန်ဂိတ်လိပ်စာ။ ဖုန်းနံပါတ်ပေးသည်။ ရန်ကုန်ဂိတ်က မနေ့က ရန်ကုန်မှ ထွက်သွားသော စင်းလုံးငှားကား၏ နံပါတ်၊ ဒရိုင်ဘာအမည်၊ ဖုန်းနံပါတ်ပေးသည်။

“ဪ … လေဆိပ်ကို တိုက်ရိုက်ကြိုတာ ကျွန်တော်တို့ကား မဟုတ်ဘူး။ သူများကားပါ။ ခဏနော် ဖုန်းနံပါတ်ပေးမယ်”

ကားလောကက ဆက်ဆံရေးက အတော်စိတ်ပါလက်ပါရှိသည်။ ယဉ်ကျေးသလို စီးနှင်းလိုက်ပါသူကို အလိုလိုက်ဦးစားပေး ဆက်ဆံပါသည်။ ဖုန်းဆက်ရင်လည်း ကိုင်ပါသည်။ ဖြေပါသည်။

“ကျွန်တော်တို့ကား ဟုတ်ပါတယ်ခင်ဗျ။ အခု ရန်ကုန်ပြန်ထွက်နေပါပြီ။ ကျွန်တော်တို့ တွေ့ရင် မန္တလေး ဂိတ်ပို့ပေးပါမယ်”

မျှော်လင့်ချက်ကတော့ ခပ်ဝါးဝါးပါ။

“ကလေးတစ်ယောက် ခမောက်ထုပ်တွေဆွဲပြီး ဆင်းသွားတာ မြင်မိတယ်ဗျ”

နာရီဝက်လောက် ဖုန်းတွေ တရစပ်ဆက်ပြီး စိတ်မကောင်းစွာနဲ့ ပြန်လာခဲ့ရပါသည်။ သတင်းဆိုး မဟုတ်ပေမယ့် သတင်းကောင်းလည်း မရခဲ့ပါ။

ခမောက်ကလေးတွေ။ ဗီယက်နမ်ခမောက်ကလေး သုံးလုံး။

“သူတို့ကျောင်းကို ဖုန်းဆက်ကြည့်ပြီးပြီ။ ခမောက်တစ်ထုပ် ပိုနေလို့ ကျောင်းသားတစ်ယောက် ဆီမှာတဲ့” ဇနီးသည်က ဖုန်းဆက်မှ အလုံးကြီးကျသွားပါတော့သည်။ နောက်သုံးလေးရက်နေမှ ခမောက်သုံးလုံး လက်ဝယ်ပိုင်ပိုင်ရရှိပါတော့သည်။

ခမောက်ဟူသည် ဝါးပင်၊ ဝါးနှီးစသည်တို့ဖြင့် လုပ်သော အလယ်မောက်၍ အနားဝိုင်းပြန့်သော ခေါင်းဆောင်းစရာဖြစ်ပါသည်။

ဗီယက်နမ်ခမောက်က မလှပါဘူးဗျာ။ စလူရွက်လုပ်ထားတယ်ထင်တာပါပဲ။ ဝါးတန်းလေးခံပြီး ချုပ်ထားသည်။ အတွင်းဘက်မှာ ပန်းပွင့်ပုံ အဝတ်စလေး ကပ်ချုပ်ထားသသည်။ မေးသိုင်းကြိုးကလည်း ဖဲပြားကြီး ခပ်ညံ့ညံ့။ လက်ရာရော ပစ္စည်းပါ သိပ်မကောင်းပါ။

ကျွန်တော်တို့ မြန်မာတွေလုပ်တဲ့ ဝါးခမောက်၊ ဝါးပပ်ခမောက်၊ ဂျုံရိုးဦးထုပ်တွေက အပုံကြီးသာ တာပေါ့။ အများကြီးသာတာပေါ့။

“ဖေဖေက ခမောက်ဆို သွေးသားထဲစိမ့်နေအောင် မြတ်နိုးတာ”

အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်ရဲ့ ရင်ထဲ၊ နှလုံးသားထဲ၊ တစ်ကိုယ်လုံးထဲမှာ ခမောက်ရှိခဲ့သည်။ နှလုံး၊ သွေးလွှတ်ကြော၊ ဆံခြည်မျှင်သွေးကြော၊ သွေးပြန်ကြော Cardiovascular System တစ်ခုလုံး ခမောက်က လှည့်လည်စီးဆင်းနေခဲ့သည်။ နှလုံးခုန်သံကို နားထောင်ကြည့်ရင်တောင် “ခမောက်၊ ခမောက်” ဟု ကြားရမည် ထင်ပါ၏။

“ခမောက်ဘေးမှာ ကြက်ခြေခတ်

အဲ့ဒါအောင်ပွဲမှတ်”

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၇ မေ ၁၉၉၀ မှာ ကျင်းပခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် National League for Democracy (NLD) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ (တစည) တို့ အဓိက ယှဉ်ပြိုင်ပါသည်။ NLD က နေရာ ၄၉၂ နေရာမှာ ၃၉၂ နေရာ အနိုင်ရပါသည်။

NLD ၏ သင်္ကေတ emblem မှာ ခမောက်ဖြစ်သည်။ Peasant hat သို့မဟုတ် Bamboo hat ဟု ခေါ်ကြပါသည်။

ခမောက် ၄မျိုး မြင်ဖူးသည်။ NLD ၏ သင်္ကေတမှာ ခမောက်ချွန်ဖြစ်သည်။ အပြားကြီးတော့ ခမောက်ပြားတဲ့။ ထိပ်လုံးတော့ ခမောက်လုံး။ ရေအိုးဖုံးလို ခမောက်လည်း ရှိပါသေးသည်။

NLD နိုင်သည်။ ခမောက်အောင်ပွဲခံသည်။ နိုင်သမျှ သောင်ပြို ကမ်းပြို Landslide Victory နိုင်ပါသည်။ သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်တွေိကို မပြောပြပါရစေနဲ့တော့။

သားကြီးဝယ်လာသော ခမောက်တစ်လုံးကို အမကို ပေးလိုက်သည်။ အမကတော့ စပန့်ဝါရှည်ကြီး ဝတ်လို့။ ဗီယက်နမ် ခမောက်ကြီး ဆောင်းလို့။

“ငါ့တူ ဗီယက်နမ်းက ပါတဲ့ ခမောက်”

ဟု ဘယ်သူမေးမေး မမေးမေး ပြောပါသည်။

ခမောက်တစ်လုံးကို သူ့အမေဘက်က အဒေါ်တွေ ပေးလိုက်သည်။ တစ်လုံးကို ကျွန်တော် အမှတ်တရ သိမ်းပါသည်။

“NLD နိုင်မှာကွ။ ကလေးတွေ ကစားရင်တောင် ခမောက် ခမောက်လို့ အော်ခေါ်ကြတာ”

အဖေက ထူးထူးခြားခြား အတိတ်ကောက်သည်။ အဖေက မဆလ ပါတီဝင်ဟောင်း၊ တိုင်းကိုယ်စားလှယ်ဟောင်းပါ။ သို့သော် သူက NLD ကြိုက်သည်။

“တစ်ယောက်နဲ့ တစ်ယောက်စစ်တိုက်တမ်း ကစားလို့ အော်ခေါ်တာတောင် Come on! Come on! တဲ့။ အသံထွက်တော့ ခမောက် ခမောက်တဲ့။ ဒါနိမိတ်ကောင်းပဲ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ခဲ့သော်လည်း ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ရတာကို အထူး မရေး ချင်တော့ပါ။

အခုတော့လည်း ဒါတွေ၊ ဒါတွေ ပြီးခဲ့ပါပြီ။ ပြီး … ခဲ့ပါပြီ။ ဒါပေမဲ့ … လည်း … တစ်ရံတစ်ခါမတော့ … သတိရနေပါသည်… ။ ဪ … ဪ ဟိုးအရင်တုန်းက ခမောက်ဇာတ်လမ်းရှည် …။

“စုနိုင်မှာသာ ချမ်းသာမည်ဟေ့။”

“ပြည်မြန်မာ သာစေကြောင်း

ရွှေခမောက်ကို ဆောင်း။”

“ပြည်မြန်မာ သာစေကြောင်း

ရွှေခမောက်ကို ဆောင်း။”

“ပြည်မြန်မာ သာစေကြောင်း

ရွှေခမောက်ကို ဆောင်း။”

(၅) လမ်းဘေးဈေးကလေး

ဆူးလေလမ်းမကြီးက

ခိုတွေကို အစာကျွေးရင်း

အတူစားခဲ့ဖူးတဲ့ ထမင်းဆိုင်ကို သတိရ

ရောဂါ …

ရောဂါ-အငဲ/စောဖွဲ့မှူး

ကျွန်တော်တို့ရွာကတွေ မြို့တော်ကြီးကို ရောက်ပြီဆိုလျှင် ဦးစွာ ရွှေတိဂုံ ဘုရားကို ဖူးပါသည်။ ပြီးလျှင် ဆူးလေကို ဖူးပါသည်။ များသောအားဖြင့် ညနေခင်းများမှာ ဆူးလေဘုရားကို ဖူးလေ့ရှိပါသည်။

ဆူးလေဘုရားဖူးပြီးလျှင်တော့ ပလက်ဖောင်းဘေးက အသုပ်စုံဆိုင်မှာ ညနေစာ စားကြပါသည်။ လက်ဖက်သုပ်၊ ချင်းသုပ်၊ ခရမ်းချဉ်သီးသုပ်၊ မြင်းခွာရွက်သုပ်။ ရေနွေးကြမ်းဒန်ကရားထဲက ရေနွေးကြမ်းကို ငှဲ့ကာငှဲ့ကာ သောက်ကြလို့။ ကြက်သွန်ဖြူကြိုက်ရင် အခွံသင်စားကြလို့။

အသုပ်စုံဆိုင်မှာ လူတွေစုံလို့။ ဝန်ထမ်း၊ ဈေးသည်၊ အလုပ်သမား၊ စာရေးမလေးတွေ၊ အတွဲတွေ … လူတွေကလည်း အစုံပါပဲ။

ဆန်ကောင်းကောင်း စေးစေးပူပူလေးတွေက ရနံ့တသင်းသင်း အငွေ့တလူလူ။ အသုပ်က တစ်ပွဲပြီး တစ်ပွဲ၊ ရေနွေးက တစ်ခွက်ပြီး တစ်ခွက်။

ကိုအငဲကြီး သတိရသလို ကျွန်တော်တို့လည်း ထိုထမင်းဆိုင်လေးတွေကို သတိရနေမိပါသည်။ ထိုစဉ်က နာမည်ကြီးတာ ဒေါ်ရိတ်ကြီး အသုပ်ဆိုင်။

၂၀၁၈ နာဂစ်အပြီးလောက်မှာ ဒေါ်ရိတ်ကြီးက ပလက်ဖောင်းကို စွန့်ခွာ၍ ဆိုင်သစ်ပြောင်းသွားသည်။ ထိုဆိုင်များသို့ ကျွန်တော်တကူးတက သွား၌စားပါသည်‌။ အရသာကောင်းမွန်ဆဲပါ။ သို့သော် ရွှေရောင်ဝါဝင်းနေတဲ့ ဆူးလေကို မဖူးရတော့ဘူး။ ရေတမာရွက်ကြားကိုတိုးတဲ့ လေပြည်သံတရှဲရှဲ မကြားရတော့ဘူး။ တစ်ချီ တစ်ချီ ဗျန်းခနဲ့ ဗျန်းခနဲ ထထပျံတဲ့ ခိုအုပ်ကြီးကို မမြင်ရတော့ဘူး။

ဒေါ်ရိတ်ကြီးနေရာများ ဆိုင်သစ်ကလေးတွေ ပေါ်လာသည်။ သုံးလေးဆိုင်။ အသုပ်စုံထက် အကြော်စုံကို အားပြုရောင်းချလာကြသည်။

“သားတို့စားတော့ ဒေါ်ရိတ်ကြီး မရှိတော့ဘူး”

“ဟုတ်တယ် ပြောင်းသွားပြီ”

သို့သော် သူတို့က ထိုဆိုင်သစ်များကိုလည်း သဘောကျကြပါသည်။

ယခုနောက်ပိုင်းကျတော့ ထိုဆိုင်ကလေးတွေပါ မရှိကြတော့ပါ။ ညဈေးက ကမ်းနားပြောင်းသွားပြီ။ လမ်းတွေရှင်းသွားသော်လည်း စားစရာ ရှားသွားပါတော့သည်။ ဘုရားဖူးရင်း နားနားနေနေ စားစရာနားစရာ မရှိတော့ပါ။ ဝန်ထမ်းတွေလည်း အိမ်အပြန် ကားစောင့်ရင်း စားစရာဆိုင်လေးတွေ မရှိတော့ပါ။ ဆိုင်လေးတွေ ရောနေရာသစ်မှာ အဆင်ပြေရဲ့လား။

မန္တလေး ကျွန်တော်တို့အိမ်ရှေ့မှာ ဝါးခင်းကုန်း ဘုရားဈေးရှိသည်။ လမ်းပိတ်၍ ရောင်းချကြသည်။ ကားလမ်းက ကားတစ်စီးသွားဖို့တောင် နေရာမရှိ။ ထို့ကြောင့် ဈေးကို အရှေ့မြောင်း ဘောင်ဘက် ရွှေ့လိုက်သည်။ ဈေးသီးသန့်ဖြစ်သွားသည်။ လမ်းလည်း ကျယ်သွားသည်။ ခက်တာက ဈေးရောင်း မကောင်းတော့ဘူးတဲ့။ ကျွန်တော်တို့လည်း အဝယ်ခက်တာပါပဲ။

တကယ်တော့ ဈေးက မနက်ခင်းပဲ စည်တာ။ အဲ့သည်နောက်ပိုင်း ဈေးကွဲသွားပြီ။ လမ်းရှင်းပြီး၊ မနက်ခင်းမှာပဲ ဈေးသည်တွေက ဘေးကို အစွမ်းကုန်ကပ်ပြီးရင် သူတို့လည်း ရောင်းကောင်းမှာပဲ။ ဝယ်လို့လည်း လွယ်မှာပါပဲ။ ရှဉ့်လျှောက်ပျားစွဲ အစီအစဉ်ကို ကျွန်တော်တို့ မေ့ခဲ့သည်။

အခု မန္တလေးမှာ ၃၂ လမ်း ဝါဆိုကျောင်းနားမှာ ညဈေးလေးဖြစ်၍ လာပြန်ပါပြီ။ မင်္ဂလာဈေးကြီးက မီးလောင်၊ ယာယီဈေးက အတွင်းထဲဝင်ဝယ်ရတာဆိုတော့ လူသိပ်မဝင်။ ဒါနဲ့ ဝါဆိုကျောင်းနားမှာ ညနေဈေးလေးဖြစ်လာရော။ ကျွန်တော်တစ်ဦးတည်းဆန္ဒကို ရေးရလျှင် ဘယ်သူ့ကိုမှ မထိခိုက်လျှင် ထိုဈေးလေးကို အတင်းအကျပ် မပိတ်စေသင့်ပါ။ ဖွင့်ခွင့်ပြုစေချင်ပါသည်။ ဈေးဆိုတာလည်း အလွယ်တကူ ဝယ်လို့ရမှ ဝယ်ချင်ကြတာ။ Readily Accessible ဖြစ်မှ ရောင်းကောင်းတာ။

အခု လက်ကောင်းရွာပန်းဈေးကို ရွှေ့ဖို့ စီမံကိန်းရှိကြောင်း သတင်းတွေမှာ ကြားရသည်။ မြေနေရာသီးသန့် မှာ ပန်းဈေးသီးသန့်ဖွင့်မှာတဲ့။ ပြင်ဦးလွင် လမ်းဘေးမှာ လမ်းအန္တရာယ်လို့တဲ့။ ဈေးသီးသန့် ရှိစေချင်သည့် စေတနာကို ကျွန်တော် သံသယမရှိပါ။ သို့သော် အခုနေရာလေးမှာ ဝယ်ရောင်းနေကြတာလည်း အဆင်ပြေနေသားပဲ။ လမ်းပိတ်လောက်အောင်ဖြစ်တာလည်း သိပ်မကြုံဖူးသေးပါ။

လမ်းဘေးပန်းဈေးလေးကိုက အလှအပတစ်ခု မဟုတ်လား။ အမှတ်တရ လက်ဆောင်ဝယ်ရာ နေရာလေး မဟုတ်လား။ လမ်းဘေးမှာ ယာဉ်ခဏရပ်၊ ဝယ်သူဝယ်ရောင်းသူရောင်း ပျော်စရာကြီး မြို့အဝင် ကြည်နူး စိတ်ချမ်းမြေ့ဖွယ် မြင်ကွင်းတစ်ခုပါ။

တကယ်တော့ လမ်းဘေးဈေးရယ်၊ အမှိုက်ပုံရယ်ဟာ လိုအပ်လို့ ပေါ်လာတာချည်းပါ။ ဇွတ်အတင်း ပြုလုပ်လို့မရပါ။ ဇွတ်အတင်း ဖယ်ရှားလို့မရပါ။ စည်းကမ်းဉပဒေနဲ့ အညီ ကြီးကြပ်ထိန်းပေးဖို့ပဲ လိုအပ်သည်ဟု ထင်ပါသည်။ လိုအပ်ချက်အရ ပေါ်ပေါက်သော အရာများဖြစ်ကြပါသည်။

လမ်း ၃၀၊ ၆၂ လမ်းနှင့် လမ်း ၆၀ကြား ဒုက္ကရစရိယာဘုရား ရုပ်ပွားတော်ကြီးမှာ ပလက်ဖောင်း ဈေးဆိုင်တစ်ဆိုင် ပေါ်လာတာမြင်ရတော့ ကျွန်တော်တို့သား အဖ ပျော်သွားကြသည်။

“ဆူးလေနားက အသုပ်ဆိုင်နဲ့ တူတယ်”

ဟု သားကြီးက ပြောသည်။

“ဟုတ်တယ်။ Yangonish ဖြစ်တယ်”

ဟု ကျွန်တော်က ပြောသည်။

လမ်းက လမ်းကျယ်ဖို့ လေတဟူးဟူးနှင့်။ ဘုရားဖူးရင်း အေးအေးလူလူ ထိုင်ဖို့ကောင်းသည်။ ခရေပင်တန်းကလည်း ဖူးပွင့်စပြုပြီ။

“လမ်းတွေ မပိတ်ရင်၊ အနှောင့်အယှက်မပေးရင် ဒီဆိုင်မျိုး ခွင့်ပြုသင့်တယ် ဖေဖေ”

သားကြီးက ပြောသည်။

“သန့်ရှင်းဖို့လည်း လိုတယ်ကွ”

သားကြီးက ထောက်ခံပါသည်။

“ခက်တော့လည်း ခက်တယ်နော် ဖေဖေ။ ဈေးကြီးတွေ ဆောက်တော့လည်း လူတွေက မရောင်း ကြဘူး။

“Accessibility က ရှိသေးတယ်လေ ငါ့သားရဲ့။ ဆပ်ပြာတစ်ခဲ၊ သွားတိုက်ဆေးတစ်ထောင့်၊ တစ်သျှူးတစ်လိပ် ဝယ်ချင်တာ ဘယ်သူက ငါးထပ်ကြီးတက်နေမှာလဲ။ စက်ဘီး၊ ဆိုင်ကယ်၊ ကားဘယ်မှာ ထားမလဲ။ အချိန် တစ်ပြဿနာ”

သားကြီးက “တစ်ရက်ရက် ဒီဆိုင်မှာ စားရအောင် ဖေဖေ။ အေးအေးလူလူပေါ့” ဟု ပြောပါသည်။

ထိုဆိုင်ကလေးတွေ တဖြည်းဖြည်း ဖွံ့ဖြိုးလာမည် ထင်ပါသည်။

“လမ်းဘေးဈေး and အမှိုက်ပုံ

Can neither be created

Nor destroyed.”

ဟု ကျွန်တော်က ပြောပါသည်။

Conservation တည်မြဲခြင်း နိယာမပေါ့ဟု သားကြီးက မှတ်ချက်ပြုပါသည်။

(၆) စကား ၃ ခွန်း

အကယ်၍ တစ်စုံတစ်ယောက်က ဆရာဆိုတာ ဘာလဲဟု ဖွင့်ဆိုခိုင်းမည်ဆိုလျှင် ကျွန်တော်က ဆရာဦးကျော်သူ အကြောင်းပြောပြပါမည်။ ဦးကျော်သူ၏ စကားသုံးခွန်းဖြင့် ဖွင့်ဆိုပါမည်။

ဦးကျော်သူသည် ကျွန်တော်တို့၏ မိသားစုဆရာဖြစ်သည်။ ကျွန်တော်တို့ မောင်နှမလေးယောက်စလုံး ၏ ဆရာဖြစ်သည်။ ဆရာက အစ်မကို ချစ်သည်။ ရိုးသား၊ ကြိုးစားလို့တဲ့။ ကျွန်တော့်ကိုလည်း ချစ်သည်။ သိပ်မကြိုးစားသော်လည်း တစ်ခါတစ်ခါကျတော့ အပြင်းအထန်ကြိုးစားတာ သဘောကျသတဲ့။ နောက်အင်္ဂလိပ်စာကို စိတ်ဝင်စားတာသူသဘောအကျဆုံး၊ ဆရာက အင်္ဂလိပ်စာ ဆရာပါ။

ကျွန်တော့်အစ်ကိုနဲ့ ညီတော့ သိပ်အားမရဘူးတဲ့။ အင်္ဂလိပ်စာ စိတ်မဝင်စားလို့တဲ့။

ဆရာက ကျွန်တော့်အဖေကို သိပ်ချစ်သည်။ အဖေဆုံးတော့ လာ၍ လက်အုပ်ချီမိုး ကန်တော့ပါသည်။

“ငါ့ကျေးဇူးရှင်ကွ”

ဟု ပြောပါသည်။ သို့သော် မည်သို့ မည်ပုံ ကျေးဇူးရှိသည်ကိုမူ အဖေကလည်း မပြောခဲ့။ ဆရာကလည်း ပြောမပြသွားခဲ့ပါ။

စင်စစ် ဆရာက ကျွန်တော်၏ ကျေးဇူးရှင် ဖြစ်သည်။ ကျွန်တော့်ကို “ချော့ကာ၊ မြှောက်ကာ” ပညာသင် ပေးခဲ့သူ ဖြစ်သည်။ ချော့ကာ၊ ခြောက်ကာ မဟုတ်ပါ။ အချော့ကြိုက်၊ အမြှောက်ကြိုက်ကို ချော့၍၊ မြှောက်၍ စာသင်ပေးခဲ့သည်။

ဆရာက ယနေ့ခေတ်စကားနှင့်ပြောရလျှင် ကျောင်းသားတို့၏ Guide ဆရာဖြစ်သည်။ ပီတိကို စားခဲ့သော Guide ဖြစ်ပါ၏။ ဆရာက အင်္ဂလိပ်စာဆရာ။ သို့သော် ဘာသာစုံသင်ပေးသည်။ မေးခွန်းပုံစံ လေ့လာခိုင်းသည်။ ပြဌာန်းစာအုပ် ဖတ်ခိုင်းသည်။ အလွန်ခေတ်ရှေ့ပြေးသော ဆရာပါ။

ကျွန်တော် အင်္ဂလိပ်စာ ဖြေသောနေ့က အဖေနှင့် ဆရာလာကြိုသည်။

“ဂုဏ်ထူး သေချာတယ် ဆရာ။ Letter, Eassy, Paragraph မပါဘဲကို ၆၅ မှတ်က တစ်မှတ်မှ မလျော့ဘူး။ ကျန်တဲ့ ၃ ပုဒ် ၃၅ မှတ်ဖိုးက ၁၀ မှတ်ရတောင် ဂုဏ်ထူးရပြီ။ အစိတ်လောက်ရမယ် ထင်တယ်။ ၉၀ နားထောင် ကပ်နေပြီ”

ကျွန်တော်က ပြောသည်။ သူငယ်ချင်းတွေက ရယ်ကြသည်။

အဖေက

“ဟုတ်မှ လုပ်ပါကွာ” တဲ့။

ဆရာကတော့ ခေါင်းတစ်ညိတ်ညိတ်။

ကျွန်တော့်ကွယ်ရာမှာတော့ ၈၅မှတ် လောက်ရမယ် ထင်တယ်ပြောသတဲ့။

ကျွန်တော် ၈၅ မှတ် ရပါသည်။

ကျွန်တော် စာရေးတော့ သိပ်ဝမ်းသာရှာသည်။ ဆရာ့အမည်ကို ကိုးကားတော့ ဆရာက မကိုးကားပါနဲ့ ဟု တားပါသည်။

“ဆရာတို့ တက္ကသိုလ်တုန်းက သင်ရတာ ပြန်သင်တာပါကွာ” ဟု ပြောပါသည်။

နောက်ပိုင်းတော့ ဆရာနှင့် မတွေ့တော့ပါ။ နှစ်ပေါင်း ၃၀ နီးနီးရှိပြီပေါ့။ အာစရိယပူဇော်ပွဲတွေ ကျွန်တော် မတက်ဖြစ်ပါ။ ဆရာကတော့ ကျွန်တော့် ကျန်းမာရေးကို အမြဲမေးပါသတဲ့။

“ငါ့ဆရာကြီးနဲ့ တွေ့တယ်။ မင်းကို မေးနေတာ။ ငါ ပုဆိုးတစ်ထည် ကန်တော့ခဲ့သေးတယ်”

အစ်မက ပြောပါသည်။

ဆရာနဲ့ ပြန်ဆုံတော့ ဆရာမက ဆေးရုံမှာ။ နှလုံးရောဂါ အခြေအနေဆိုးနေပါပြီ။

ဆရာ့ကို တွေ့ခွင့်မပေးပါ။ မနည်းတောင်းပန်းမှ ကျွန်တော်တစ်ယောက်ပဲ တွေ့ခွင့်ရပါသည်။

ဆရာသည် ပင့်ကူအိမ်ထဲက ယင်ကောင်တစ်ကောင်လို ဖြစ်နေပါပြီ။ ပိုက်တွေတန်းလန်းနှင့်။ လူက ကုန်းပေါ်ရောက် ငါးတစ်ကောင်လို ထွန့်ထွန့်လူးလို့။

“ဦးကြီး၊ ဧည့်သည်လာတယ်၊ နိုင်လင်းထွန်းတဲ့”

“ဆရာဝန်ကွ”

“ဧည့်သည်ပါ ဦးကြီး။ မန္တလေးက။ နိုင်လင်း …”

“ဟေ့ … ဆရာဝန်ကွ”

မောနေတဲ့ထဲက မာန်ကင်း၍ အော်သည်။ တပည့်ကျော်နိုင်လင်းထွန်းဟာ သာမန်လူမဟုတ်။ ဆရာဝန်။ သူ့တပည့်ကား ပေါ့သေးသေးမဟုတ်။ ဆရာဝန်ပါတဲ့။

ကျွန်တော် ဆရာ့ဘေးမှာ ရပ်ကြည့်နေလိုက်သည်။ ဆရာက ယဲ့ယဲ့လေး ပြုံးသည်။ အတန်ကြာမှ စကားသံ ထွက်လာသည်။ အားယူ၍ ပြောသည်။

“မင်းကော နေကောင်းရဲ့လား” တဲ့။ တပည့်ကို ဦးစားပေး၍ မေးသည်။

ကောင်းကြောင်း၊ နေသာကြောင်း ပြောရသည်။ အတန်းကြာအောင် ငြိမ်သွားသည်။ ပြီးမှ နောက်ဆုံး စကားတစ်ခွန်းကို ပြောပါသည်။ သူ့အကြောင်း။

တာဝန်ကျ ဆရာမလေးက ကျွန်တော့်ကို အပြင်ထွက်ခိုင်းနေပါပြီ။ မိတ်ဆွေ နှလုံး အထူးကုကလည်း ကျွန်တော့်ကို မျက်ရိပ်ပြက ပြန်ခိုင်းပါသည်။

အတန်ကြာ အားယူပြီးမှ တတိယ စကားတစ်ခွန်းကို ပြောပါသည်။

“မောတယ်ကွာ…” တဲ့။ ကျွန်တော်ပြန်ထွက်ခဲ့ပါသည်။

မကြာမီ ဆရာဆုံးရှာသည်။ နှစ်ပေါင်း ၃၀ ကျော်ကွဲကွာနေခဲ့သော တပည့်ကို ဆရာက စကား ၃ ခွန်းပဲ ပြောနိုင်ပါတော့သည်။

ဆရာဝန်ကွ။ မင်းကော နေကောင်းလား။ မောတယ်ကွာ …။ ဂုဏ်ယူခြင်း၊ မေတ္တာ၊ ပြီးမှ ဝေဒနာ။

တစ်စုံတစ်ယောက်က ဆရာဆိုတာ ဘာလဲဟု ဖွင့်ဆိုခိုင်းတိုင်း ကျွန်တော်က ဆရာဦးကျော်သူ၏ စကား ၃ ခွန်းကို ပြောပြဖြစ်ပါသည်။

 

နိုင်လင်းထွန်း (ဆေး/မန်း)

(၂၉.၁၀.၂၀၁၉ တွင် ကွယ်လွန်ခဲ့သော နိုင်လင်းထွန်း (ဆေး/မန်း) အမှတ်တရအဖြစ် Eternal Light မဂ္ဂဇင်း မှ ထုတ်နိုတ်ဖော်ပြပါသည်)