ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများအသင်း

ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားဟောင်းများ အသင်းရဲ့ အစည်းအဝေးကြော်ငြာစာရွက်ကို တွေ့ လိုက်ရတဲ့အခါမှာ ကျွန်မတို့ရဲ့အမိ မန္တလေး ဆေးတက္ကသိုလ် ကျောင်းကြီးမှာ ကျောင်းသားဟောင်းများ အသင်းဖွဲ့စည်းတော့မယ်လို့သိရပါတယ်။ ကျောင်းသားဟောင်း အသင်းဖွဲ့စည်းဖြစ်တဲ့ အကြောင်းကတော့ ဆေးတက္ကသိုလ်ကြီးပိုမိုတိုးတက်ရေး ၊ အရင်ကသင်ကြားပေးခဲ့တဲ့ ဆရာကြီး ဆရာမကြီးများအား နှစ်စဉ် ဂါရဝပြု နိုင်ရေး၊ လက်ရှိတက်ရောက်သင်ကြားနေတဲ့ ကျောင်းသားများ အခက်အခဲ ရှိပါက ကူညီနိုင်ရေး၊ ကျောင်းသားဟောင်း အချင်းချင်း ပြန်လည်ဆုံစည်း နိုင်ရေး အတွက် ဖွဲ့စည်းတယ်လို့ သိရတာကြောင့် အတိုင်းအထက် အလွန်ဝမ်းသာမိပါတယ်။

ဆေးတက္ကသိုလ် မန္တလေးရဲ့သမိုင်းကြောင်းကို ဆေးတက္ကသိုလ်တက်ဖူးသူတိုင်း သိပြီးဖြစ်ပါလိမ့်မယ်။ ဆေးတက္ကသိုလ် မန္တလေး စတင်ဖွင့်ဖြစ်ပုံကို ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်စန်းရီ နှင့်ဆရာကြီး ပါမောက္ခ ဒေါက်တာဦးမောင်မောင် တို့ပြောဆို ချက်များအရ ကျွန်မတို့ခေတ်က စတင်သိရှိခဲ့ ပါတယ်။

၁၉၅၄ မှာတုန်းကရန်ကုန်တက္ကသိုလ်မှာရှိတဲ့ Medical Faculty မှာကျောင်းသားက တဖြည်းဖြည်း များလာတော့ နေရာအခက်အခဲ ရှိလာတာရယ်၊ ဖဆပလ အစိုးရက ပြည်တော်သာစီမံကိန်းရးဆွဲတော့ ပညာရေးတိုးချဲ့ဖို့ကိစ္စလည်း ပါလာတာရယ် ဆရာကြီး ဦးဘသန်း နဲ့ ဦးကိုလေးတို့က မန္တလေးမှာလည်း ဆေးကျောင်းဖွင့်ဖို့တောင်းဆိုခဲ့တယ်လို့သိရတယ်။

အဲတုန်းကယခုလို ဆေးတက္ကသိုလ် မန္တလေးရယ်လို့သီးသီး သန့်သန့် ရှိသေးဘူး။ မန္တလေး တက္ကသိုလ် ရဲ့အဝင်ဝ ညာဖက် ယခု Research Center နေရာမှာ စိုက်ပျိုးရေး အရာရှိအိမ်ဖြစ်တဲ့ တိုက်နီ ကလေးမှာ စာသင်ခဲ့ရတယ်လို့သိရတယ်။

၁၉၅၄ ဇူလိုင် (၇) ရက်မှာ မန္တလေး ကောလိပ်ထဲရှိရာဇခန်းမ မှာဖွင့်ပြီး ရန်ကုန်မှ ဆရာကြီး တွေက မိန့်ခွန်းပြောခဲ့ကြတယ်။ အဲဒီတုန်းက Dr. Chowdhury ကတာဝန်ခံ(incharge) ဖြစ်တယ်၊ နောက်တော့ Special Professor ဖြစ်တယ်။ Medical Faculty, University of Mandalay ဖြစ်မှ Dean (မဟာဌာနမှူး) ခေါ်တယ်လို့ သိရတယ်။

၁၉၅၅ ဇူလိုင် လမှာတော့ ယခုလက်ရှိ ဆေးတက္ကသိုလ် မန္တလေး တည်နေရာဖြစ်တဲ့ လမ်း ၃၀ ကို ပြောင်းရွှေ့ လာခဲ့တယ်။ အဆောက်အအုံ ပုံစံက အထက်တန်းကျောင်း ပုံစံ နှစ်ထပ်ဖြစ်ပါတယ်။ ၁၉၆၁ Prof. Chowdhury ကအိန္ဒိယပြန်တော့ Dean(မဟာဌာနမှူး) အဖြစ်ရန်ကုန်က ဆရာကြီး ဦးဘသန်း ရောက်လာခဲ့တယ်။

၁၉၆၆ မှာ 1st MB building ပေါ်ထွန်းလာခဲ့တယ်။ ၁၉၆၄ မှာထုတ်ပြန်ခဲ့တဲ့ တက္ကသိုလ် ပညာရေး အက်ဥပဒေ အရ မန္တလေး တက္ကသိုလ် ဆေးမဟာဌာနမှသည် ဆေးတက္ကသိုလ် မန္တလေး (Institute of Medicine, Mandalay) ရယ်လို့သီးခြားဖြစ်လာခဲ့တယ်။ Dean အစားပါမောက္ခချုပ်လို့ပြောင်းလဲသုံးစွဲပြီး ဆရာကြီး ဦးဘသန်းကလဲ ရန်ကုန်ဆေးတက္ကသိုလ်(၁)ကိုပြောင်းရွှ ့တော့ ပထမဆုံး ပါမောက္ခချုပ်က ဒေါက်တာ ဦးမောင်ကလေးဖြစ်ခဲ့တယ်။၁၉၆၅မှာ ပါမောက္ခချုပ် ဒေါက်တာဦးမောင်မောင်ကြီး ဖြစ်လာခဲ့တယ်။ ၁၉၇၁ မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးခင်မောင်ငြိမ်း ဖြစ်လာခဲ့တယ်။

၁၉၆၇ မေလမှာ GMC recognition ရခဲ့တယ်လို့သိရတယ်။ ၁၉၆၇ မှာ MSc ဘွဲ့လွန်သင်တန်း ဖွင့်ခဲ့တယ်။ ၁၉၆၈ မှာ ကျောင်းမှာ ပါမောက္ခရုံး ဆောက်သလို ဆေးရုံမှာ Clinical Theratre ဆောက်ခဲ့တယ်။ ၁၉၆၉ မှာ MSc ဘွဲ့စပေးနိုင်ခဲ့တယ်။
စာကြည့်တိုက်ကတော့ ၁၉၅၄ မှာကတည်းက ရှိခဲ့တယ်လို့ဆိုတယ်။ ၁၉၆၆ မှာစာကြည့်တိုက်မှူး ဦးကောင်းညွန့်ရောက်ရှိလာတယ်။

၁၉၇၃ အောက်တိုဘာ(၃)ရက်မှာ ဆေးတက္ကသိုလ်များကို ပညာရေးဝန်ကြီးဌာနကနေ ကျန်းမာရေးဝန်ကြီး ဌာနအောက်သို့ပြောင်းတယ်။ ၁၉၈၀ ဆရာကြီး ဦးဖေသိန်း လက်ထက် ယခု လက်ရှိ (၄)ထပ်ပင်မ အဆောက်အအုံကို အုတ်မြစ်ချတည်ဆောက်ခဲ့ပါတယ်။ ငလျင်ဒဏ်စိုးရိမ်လို့(၄)ထပ်ဆောက်ခွင့်မပေးတဲ့ အချိန်မှာ soil test သေချာလုပ် design ဆွဲပြီး ဇွဲကြီးကြီးနဲ့ဆောက်ခွင့်တောင်းခဲ့လို့အထက်မြန်မာ နိုင်ငံမှာ ပထမဆုံး ပေါ်လာတဲ့ (၄)ထပ်အဆောက်အအုံဖြစ်တယ်လို့ဆိုတယ်။

၁၉၈၄ မှာပါမောက္ခချုပ် ဒေါက်တာဦးထွန်းသင် ၊ ၁၉၉၁ မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးဇော်ဝင်း၊ ၁၉၉၆ မှာ ပါမောက္ခချုပ် ဒေါက်တာဦးစိုးထွန်း၊ ၂၀၀၅ မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးကျော်လှ၊ ၂၀၀၈ မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးသန်းဝင်း ၊ ၂၀၁၃ မှာ ပါမောက္ခချုပ် ဒေါက်တာတင်မောင်ဟန် တို ့လက်ထက်မှာ အဆင့်အဆင့် ပိုမိုတိုးတက်လာကာ ပညာရေးအပြင် စာပေအနုပညာ ယဉ်ကျေးမှု နှင့်ပတ်သတ်သည့် ဟောပြောပွဲတွေ၊ အနုပညာဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲတွေ Internet room တွေ၊ အားကစားတွေ၊ တခြား Activity တွေအနေနှင့် English Forum Competition များ စသဖြင့် ဆောင်ရွက်လာရာ ယခု လက်ရှိ ပါမောက္ခ ဒေါက်တာခင်မောင်လွင် လက်ထက်မှာလည်း ကျွန်မတို့ ကျောင်းတက်စဉ်ကထက်ပိုမို တိုးတက်အောင် ဆာင်ရွက်နေတယ်လို့သိရှိရပါတယ်။

ဒါ့အပြင် ဆေးတက္ကသိုလ် မန္တလေးကို အဘက်ဘက်မှ တိုးတက်ပြောင်းလဲအောင် ပြုလုပ်ပေးခဲ့တဲ့ ဆရာကြီး ဆရာကြီး တွေ အများအပြားရှိပါတယ်။ ဆေးတက္ကသိုလ် မန္တလေး ဟာ တဖြည်းဖြည်း နဲ့တိုးတက်ပြောင်းလဲ လာခဲ့တာဟာ ဆရာဆရာမတွေ အားလုံးနဲ့ ကျောင်းသားကျောင်းသူများ စည်းစည်းလုံးလုံး နဲ့တက်ညီလက်ညီ လုပ်ဆောင်ခဲ့ ကြလို့ပါ။

ယခုဆိုရင် University of Medicine Mandalay, Alumni Association (ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားဟောင်းများအသင်း) အသင်းဖွဲ့စည်းရန်အတွက် ၁၇.၂.၂၀၁၅ မှာအစည်းအဝေး ပြုလုပ်ကာ စိတ်ပါဝင်စားကြတဲ့ ကျောင်းသားကျောင်းသူဟောင်းများကနေပြီး အသင်းဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက် ဖြစ်မြောက်ရေးအတွက် Logo ရွေးချယ်ပြီး စတင်အကောင်အထည်ဖော်ခဲ့ကာ တရားဝင် ကျောင်းသားဟောင်း အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဆက်လက်ပြီး အသင်း၏အမည်ကိုလည်း အတိုကောက်အနေနှင့် UMMAA သုံးစွဲမည်ဟုလည်း သိရတယ်။ ရှေ့လုပ်ငန်းစဉ်များကိုလည်း လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယာယီဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေပြီလို့ သိရတဲ့အတွက် အရှိန်အဟုန် ကောင်းစွာဖြင့် ဆောင်ရွက်နိုင်ရန်အဖွဲ့ဝင်များအဖြစ် ပါဝင်ကြရန် ကျောင်းသားဟောင်းများကို ဖိတ်ခေါ် နေတယ်လို့ သိရပါတယ်။

နောင်တစ်ချိန် University Autonomy လမ်းကြောင်းပေါ်ကိုရောက်သွားခဲ့ရင် ယခုလို ကျောင်းသားဟောင်း အသင်းတွေကနေ တက္ကသိုလ်ကို ပံ့ပိုးကူညီနိုင်အောင် ထူထောင်တယ်လို့ မြင်ထားကြပါတယ်။
ဖွဲ့စည်းစဉ်ကာလမှာတော့ အစည်းအဝေးတွေကို လစဉ် တတိယ အပတ်ရဲ့ အင်္ဂါနေ့တိုင်းဆေးတက္ကသိုလ် မန္တလေးမှာ ကျင်းပမယ်လို့သိရပါတယ်။
အသင်းဝင်လျှောက်လွှာများကိုလည်း ummaa2015@gmail.com, info@ummalumni.com, https://www.ummalumni.com/aa-register မှတဆင့်သော်လည်းကောင်း၊ ဆေးတက္ကသိုလ်-မန္တလေး၏ ဒုတိယပါမောက္ခချုပ်ရုံးခန်းသို့လည်းကောင်း ပေးပို့နိုင်တယ်လို့ သိရပါတယ်။ အသင်း၏လှုပ်ရှားမှုများကို UMMAA ရဲ့ Facebook Account မှတဆင့် အသိပေး အကြောင်းကြား သွားမယ်လို့ သိရပါတယ်။

ဆေးတက္ကသိုလ်မန္တလေးရဲ့ကျောင်းသားကျောင်းသူဟောင်းများအားလုံးမိမိတို့ကျောင်းကြီးတိုးတက်ရေးအတွက် ဆေးတက္ကသိုလ် မန္တလေး ကျောင်းသားဟောင်းများ အသင်းမှာ အသင်းဝင်၍ ပါဝင်ဆောင်ရွက် နိုင်ပါကြောင်း နိုးဆော်လိုက်ပါတယ်။

မိုမိုစု(ဆေး/မန်း)

Comments

comments