ဖြစ်ပေါ်လာပုံ

ဆေးတက္ကသိုလ် (မန္တလေး) သည် ၁၉၅၄ ခုနှစ်တွင် BRANCH MEDICAL  FACULTY – MANDALAY, UNIVERSITY OF RANGOON အဖြစ်မွေးဖွားလာခဲ့သည်။ ၁၉၅၅ ခုနှစ်ရောက်မှ တက္ကသိုလ် ယခုတည်ရှိရာ လမ်း (၃၀)သို့ ပြောင်းရွေ့လာခြင်း ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် UNIVERSITY OF MANDALAY ၏ FACULTY OF MEDICINE အဖြစ် အသက်ဝင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် INSTITUTE  OF MEDICINE (MANDALAY) အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် UNIVERSITY OF MEDICINE (MANDALAY) အဖြစ်လည်းကောင်း၊ အဆင့်တိုးမြှင့်ခဲ့ပါသည်။

စတင်ဖွင့်လှစ်ခဲ့သည်မှစ၍ ယနေ့အထိ M.B.,B.S ဘွဲ့ရပေါင်း (၄၀၀၀)ကျော်နှင့် ဘွဲ့လွန်ဒီဂရီ ရသူပေါင်း ( ၈၀၀ ) ကျော် မွေးထုတ်ပေးခဲ့သည်။ ဤကျောင်းမှ မွေးထုတ်ပေးခဲ့သော ဆရာဝန်များသည် ပြည်တွင်းပြည်ပ နေရာအသီးသီးတွင် အောင်မြင်စွာ တာဝန်ထမ််းဆောင်လျက် ရှိပါသည်။
ဆေးတက္ကသိုလ် (မန္တလေး)၏ ကျောင်းသားဟောင်းများ အနေဖြင့် အမိဆေးတက္ကသိုလ်၏ ဂုဏ်သတင်းကို နားစွင့်ရင်း လိုအပ်သည့်နေရာတွင် ပါဝင်ကူညီဆောင်ရွက်ရန် စိတ်အားထက်သန်လျက် ရှိကြလေသည်။ ဆေးတက္ကသိုလ်တွင် လိုအပ်သော ဓါတ်လှေကား၊ မီးစက်နှင့် စာအုပ်စာတမ်း အစရှိသော ပစ္စည်းများကို စေတနာသဒ္ဒါ ထက်သန်စွာ လှူဒါန်းခဲ့ပါသည်။

ဆေးတက္ကသိုလ်(မန္တလေး) အနေဖြင့် အဆောက်အဦးနှင့် သင်ကြားရေးပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိရာ ကျောင်းသားဟောင်းများအနေဖြင့် တစ်ခန်းတစ်ကဏ္ဍ ပါဝင်ရန် လိုအပ်ပေသည်။ မိမိ ပညာဆည်းပူးရာ တက္ကသိုလ်တွင် လိုအပ်လျက်ရှိသော ကွက်လပ်များကို ကျောင်းသားများသာ အသိဆုံး ဖြစ်ပေသည်။ ကျောင်းသားဟောင်းများ၏ အကြံပြုချက်များသည် အဖိုးမဖြတ်နိုင်သည်ကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က နားလည်သဘောပေါက်သည်။

ထို့အတွက် ၂၀၁၅ခုနှစ်မှစ၍ ဆေးတက္ကသိုလ် (မန္တလေး)၏ ကျောင်းသားဟောင်းများ အသင်း (UMMAA)ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်း၏ မူလရည်ရွယ်ချက်မှာ ဆေးတက္ကသိုလ် (မန္တလေး)၏ ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန်ဟု ရည်ရွယ်ပါသည်။ အသင်းတည်ထောင်မည်ဟု ကြေညာလိုက်ပြီး ပထမအကြိမ် အစည်းအဝေးကတည်းက ကျောင်းသားဟောင်းများသည် စိတ်အားထက်သန်စွာ လာရောက်ဆက်သွယ်ခဲ့ရာ၊ ယခုဆိုလျှင် အသင်းသားဦးရေ (၄၂၂)ထိ (၂၈-စက်တင်ဘာ-၂၀၁၆) တိုးပွားလာခဲ့ပြီး အသင်း၏ လှုပ်ရှားမှုသည် ပို၍ ပို၍ အားကောင်းလာချေပြီ။ ကျောင်းတွင်း လှုပ်ရှားမှုသာမက ကျောင်းပြင်ပ လူမှုရေး လှုပ်ရှားမှုများတွင်လည်း ပါဝင်ကူညီဆောင်ရွက်နိုင်ကြပြီ ဖြစ်ပါသည်။ ဤ UMMAA အသင်းကြီး၏ ရှေ့လာမည့် အနာဂတ်သည်ကား လွန်စွာ ထွန်းလင်းတောက်ပလျက်ရှိပါသည်။