ပါမောက္ခ ဒေါ်ခင်မေသိန်း

ပါမောက္ခ

ပါမောက္ခဒေါက်တာခင်မေသိန်းသည် ဂန့်ဂေါမြို့၊ စစ်ကိုင်းတိုင်း ဇာတိဖြစ်၍ ၁၉၄၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အဖဦးစံထွန်း၊ အမိ ဒေါ်ရွှေတို့မှ ဖွားမြင်သည်။ မွေးချင်း(၈)ယောက်ရှိသည့်အနက် သတ္တမမြောက်သမီးဖြစ်သည်။ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ၁၉၄၇ မှ ၁၉၅၃ ထိစိန်ဂျိုးဇတ်ကွန်ဗင့်ကျောင်း၊ ပြင်ဦးလွင်မြို့တွင် မူလတန်းပညာဆည်းပူးခဲ့သည်။ ၁၉၅၃ မှ ၁၉၅၇ ထိ ဒေါ်သက်ရင်အလွတ်ပညာသင်ကျောင်း မန္တလေးမြို့တွင် ပညာဆည်းပူးခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် Matriculation exam အောင်မြင်ခဲ့သည်။ ၁၉၅၇ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိ မန္တလေးတက္ကသိုလ်တွင် ဥပစာတန်း (က) နှင် ့(ခ)ကိုတက် ရောက် ခဲ့သည်။ ၁၉၅၉ခုနှစ်မှ ၁၉၆၅ခုနှစ်ထိ မန္တလေးဆေးသိပ္ပံတွင်ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဆေးပညာဘွဲ့ရရှိခဲ့သည်။ ၁၉၆၆ မှ ၁၉၆၉ ခုနှစ်အထိ မန္တလေးဆေးသိပ္ပံရောဂါဗေဒဌာန၏ သရုပ်ပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင် ရောဂါဗေဒဒီပလိုမာဘွဲ့ (Diploma in Pathology) တက်ရောက်အောင်မြင်ခဲ့သည်။ ၁၉၇၁ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ ကလေးဆေးရုံကြီး၊ ရန်ကုန်တွင်လက်ထောက် ရောဂါဗေဒဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ မန္တလေးမြို့ အဆုတ်ရောဂါဇုံ(၂)တွင် ရောဂါဗေဒဆရာဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ရောဂါဗေဒဆရာဝန်ကြီး၊ မန္တလေးပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ခုနှစ်မှ ၁၉၈၆ခုနှစ်အထိ မော်လမြိုင် ပြည်သူ့ဆေးရုံတွင် ရောဂါဗေဒဆရာဝန်ကြီး တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ Washingtan မြို့ A.F.I.P တွင် Tumour Pathology training တက်ရောက်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ရန်ကုန်အရှေ့ပိုင်းဆေးရုံတွင် ကထိက/ဌာနမှူး ရောဂါဗေဒ ဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဆေးလက်တွေ့ ပါမောက္ခအဖြစ်ရောဂါဗေဒဌာန-ဆေးတက္ကသိုလ် မန္တလေးတွင် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဌာနမှူး/ပါမောက္ခ/ရောဂါဗေဒဌာ ဆေးတက္ကသိုလ် မန္တလေးပြည်သူ့ဆေးရုံကြီး မန္တလေးတွင် ပူးတွဲထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလတွင် သက်ပြည့်အငြိမ်းစား ယူခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် ဒေါက်တာ ဦးခင်မောင်ဆွေနှင့် လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားပါသည်။

Comments

comments