ပါမောက္ခ ဦးခင်မောင်မြင့်

ပါမောက္ခ

ပါမောက္ခဒေါက်တာခင်မောင်မြင့်သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နေ အဖဦးကျော်ဝ အမိဒေါ်မြင့်မြင့်တို့မှ ၁၉၄၇-ခုနှစ်၊ မေလ(၃)ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး မန္တလေးတို်င်းမြို့တွင် ကြီးပြင်းခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အငယ်ဖြစ်သည်။မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဖြစ်သည်။ မူလတန်းပညာကို ABM (American Baptish Mission) အထက်တန်းကျောင်းတွင် စတုတ္ထတန်းအထိ သင်ကြားခဲ့ပြီး အလယ်တန်း နှင့် အထက်တန်းကို မန္တလေးမြို့ Lafon Memorial School ခရစ်ယာန်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။ အခြေခံပညာအထက်တန်းစာမေးပွဲ (ယခင်မက်ထရစ်စာမေးပွဲ) ကို ၁၉၆၆-ခုနှစ်တွင် ယင်းကျောင်း၊ နောင်တွင် အမှတ်(၁၄) အထက်တန်းကျောင်းမှ ထူးချွန်စွာအောင်မြင်ခဲ့သဖြင့် ၁၉၆၆-၁၉၆၇ ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်(မန္တလေး)သို့ တက်ရောက်ခွင့်ရရှိခဲ့သည်။
ဒေါက်တာခင်မောင်မြင့်သည် MBBS ဘွဲ့ကို ဆေးတက္ကသိုလ်-မန္တလေးမှ ၁၉၇၄-ခုနှစ်တွင် ရရှိခဲ့ပြီး အလုပ်သင်ဆရာဝန်အဖြစ် အမှတ်(၁) အခြေချစစ်ဆေးရုံ၊ ပြင်ဦးလွင်တွင် (၁)နှစ်တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ၁၉၇၈-ခုနှစ်တွင် သရုပ်ပြဆရာဝန်အဖြစ် ဆေးဝါးဗေဒဌာန၊ ဆေးတက္ကသိုလ်-မန္တလေးတွင် အစိုးရ ဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၀-ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံ(ဆေးဝါးဗေဒ)ဘွဲ့ကို ဆေးတက္ကသိုလ်(၁)၊ရန်ကုန်မှ ရရှိပြီး လက်ထောက်ကထိကအဖြစ် ယင်းဆေးဝါးဗေဒဌာနမှာပင် ရာထူးတိုးမြှင့် ခြင်းခံရသည်။ နောင်၁၉၉၃-ခုနှစ်တွင် ကထိက ဆေးဝါးဗေဒဌာန၊ ဆေးတက္ကသိုလ်-မန္တလေးတွင် ၄င်းရာထူး တိုးမြှင့်ခြင်းခံရသည်။

ဆေးတက္ကသိုလ်-မန္တလေးတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း သင်ကြားရေးတွင်သာမကဘဲ အားကစား လှုပ်ရှားမှုများတွင် ဘောလုံးဆပ်ကော်မတီဥက္ကဌ၊ နောင်ဆေးတက္ကသိုလ်၏ အားကစားနှင့် ကာယကော်မတီ ဥက္ကဌအဖြစ်လည်းကောင်း၊ စွမ်းစွမ်းတမံ တာဝန်များထမ်းဆောင်ခဲ့သည်။ ဆရာများ၊ ဝန်ထမ်းများနှင့်ပတ်သက်၍ ဆေးတက္ကသိုလ် ငွေစုငွေချေးသမဝါယမ ဥက္ကဌအဖြစ်လည်းကောင်း၊ သက်သာချောင်ချိရေး ကော်မတီအတွင်း ရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ၄င်းနှစ်များအတွင်း မန္တလေးတိုင်း ဘောလုံးဆပ် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲများတွင် မန္တလေးတိုင်းဘောလုံးအသင်း၏ အချိန်ပိုင်းဆရာဝန်အဖြစ် (၅)နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၃-၁၉၉ရခုနှစ်အတွင်း ဆေးတက္ကသိုလ်-မန္တလေး အောင်ဆန်းဆောင် အဆောင်မှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။     ၁၉၉၇-ခုနှစ်တွင် ကထိက/ဌာနမှူးအဖြစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်တွင် ဆေးဝါးဗေဒဌာနမှူး အဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည်။ ၁၉၉၇-ခုနှစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်တွင် တာဝန် ထမ်းဆောင်နေစဉ်တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပသော 13th ASEAN Pharmaceutical Working Group အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ၁၉၉၉-ခုနှစ်တွင် ဆေးဝါးတက္ကသိုလ်-ရန်ကုန် (ဆေးဝါးဗေဒဌာန)တွင် ကထိကဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်ထားခဲ့သည်။ ၂၀၁၀-ခုနှစ်တွင် ဆေးဝါးဗေဒဌာန၊ ဆေးတက္ကသိုလ်-မန္တလေးတွင် ပါမောက္ခ/ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ယင်း၂၀၀၀-ခုနှစ် မှာပင် Ph.D (Pharmacology) ဘွဲ့လွန်သင်တန်းကို ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် တက်ရောက်ခဲ့ပါသည်။

ဘွဲ့လွန်တက်စဉ်အတွင်း WHO အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် (Anti Malarial Drugs Pharmacokinetics) ဘာသာရပ်နှင့်ပတ်သက်၍ (၂)လသင်တန်းတက်ရောက်ခဲ့သည်။ ပါမောက္ခ/ဌာနမှူးအဖြစ် ဆေးတက္ကသိုလ်-မန္တလေးတွင် တာဝန်ထမ်းဆောင်နေစဉ်မှာပင် ၂၀၀၂-ခုနှစ်တွင် ဆေးဝါးတက္ကသိုလ်-မန္တလေးသို့ ဒုတိယပါမောက္ခချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ မကြာမီမှာပင် ပါမောက္ခချုပ်အဖြစ် တိုးမြှင့် ခန့်ထားခဲ့သည်။ ဆေးဝါးတက္ကသိုလ်၊ မန္တလေးတွင် တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၈-ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ Yogyakarta ၌ ကျင်းပသော The 2nd Regional Conference of the South East Asian Regional Pharmaceutical Association Forum FIP-WHO ကို သြဂုတ်လ (၁၀) ရက်၊ ၂၀၀၈-ခုနှစ်မှ သြဂုတ်လ (၁၂) ရက်၊ ၂၀၀၈-ခုနှစ်အထိ တက်ရောက်ခဲ့ပါသည်။ ၂၀၀၂-ခုနှစ်မှ ၂၀၀၈-ခုနှစ်အထိ ပါမောက္ခချုပ်အဖြစ် တာဝန် ထမ်းဆောင်ပြီး ၂၀၀၈-ခုနှစ်မေလတွင် ပင်စင်ခံစားခဲ့ပါသည်။ ပင်စင်ယူပြီးနောက် အကြံပေး (ပါမောက္ခချုပ်) အဖြစ် ဆေးဝါးတက္ကသိုလ်-မန္တလေးတွင် (၂)နှစ် ပြန်လည်ခန့်အပ်ခြင်းခံခဲ့ရပါသည်။ အကြံပေးပါမောက္ခချုပ်အဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၀-ခုနှစ်တွင် မလေးရှားနိုင်ငံ ကူးချင်းမြို့ရှိ (University Malaysia Sarawak) တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ် (၅)နှစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မလေးရှားနိုင်ငံတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၂၃-၃-၂၀၁၁ မှ၂၆-၃-၂၀၁၁ အထိ Kuala Lumpur မြို့တွင် 6th Congress of The Asian Medial Education Association ကို တက်ရောက်ခဲ့ပါသည်။ ၂၀၁၅-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းနှစ်မှာပင် ဆေးတက္ကသိုလ်-မန္တလေးတွင် ဂုဏ်ထူးဆောင်ပါမောက္ခ တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။

ဒေါက်တာခင်မောင်မြင့်သည် ပြည်တွင်း၊ပြည်ပဆေးပညာနှင့်သက်ဆိုင်သော အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) တွင် ဥက္ကဌအဖြစ် ၂၀၁၆-ခုနှစ်၊ ဇန်နဝါရီလမှ စ၍တာဝန်ထမ်းဆောင်နေပြီး မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) တွင် ဗဟိုကောင်စီဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဆေးကောင်စီတွင် ကောင်စီဝင်အဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီးပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံဆေးဝါးဗေဒအဖွဲ့တွင် နာယကအဖြစ်လည်း ကောင်း မြန်မာနိုင်ငံ ဆေးပညာရှင်ကြီးများအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ခန့်ထားခြင်းခံရသည်။ ပြည်ပအဖွဲ့အစည်းများဖြစ်သည့် American Society of Pharmacology and Experiment Therapeutic တွင် Affiliated Member အဖြစ် ၂၀၁၂-ခုနှစ်မှစ၍ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါသည်။

ဒေါက်တာခင်မောင်မြင့်သည် ၁၉၇၃-ခုနှစ်တွင်ဇနီးဒေါ်သီသီတင်နှင့်လက်ထပ်ခဲ့ပြီးသားသမီးသုံးယောက် ထွန်းကားခဲ့သည်။ သမီးဖြစ်သူမှာ အိမ်ထောင်သည်ဖြစ်ပြီး မြေးနှစ်ယောက်ထွန်းကားခဲ့သည်။ သားနှစ်ယောက် မှာလူပျိုဖြစ်ပါသည်။ ယခုချမ်းအေးသာစံမြို့နယ်၊ ရွှေချည်ထိုးရပ်ကွက်တွင် နေထိုင်လျက်ရှိပါသည်။

Comments

comments