ပါမောက္ခ ဦးစိုးထွန်း

ပါမောက္ခချုပ် - ငြိမ်း

ပါမောက္ခဒေါက်တာစိုးထွန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နေ အဖ ဦးသန်းရွှေ၊ အမိ ဒေါ်ဒီလယာသန်းရွှေတို့မှ ၁၉၄၂-ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ဂျပန်ခေတ် စစ်ရှောင်ပြေးရင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖွားမြင်ပြီး ပုသိမ်မြို့တွင် ကြီးပြင်းခဲ့သည်။ မွေးချင်းသုံးယောက်အနက် အငယ်ဆုံးသားဖြစ်သည်။ ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ ၁၉၅၀-ခုနှစ်မှ ၁၉၅၆- ခုနှစ်အထိ စိန်ဂျိုးဇတ်ကွန့်ဗင့် (St. Joseph Convent) အထက်တန်းကျောင်း (ယခု အထက (၆))နှင့် ABM (American Baptish Mission) အထက်တန်းကျောင်း (ယခု အထက(၃)) ကျောင်းများတွင် အလယ်တန်းအထိ ပညာဆည်းပူးခဲ့ပြီး ၁၉၅၆-ခုနှစ်မှ ၁၉၅၈-ခုနှစ်အထိ ပုသိမ်မြို့ အ.ထ.က(၁)၊ ဆေးသိပ္ပံအကြို(၂)နှစ်သင်တန်း (Pre-medical class )ကိုတက်ရောက်အောင်မြင်ကာ ၁၉၅၈-ခုနှစ် တွင်ရန်ကုန်တက္ကသိုလ် ဥပဇာ(ခ)တန်းသို့ တစ်နှစ်တက်ရောက် အောင်မြင်ခဲ့သည်။ ၁၉၅၉-ခုနှစ်မှ ၁၉၆၄-ခုနှစ်အထိဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ဆေးပညာသင်ကြားပေးခဲ့ပြီး ၁၉၆၄-ခုနှစ် မတ်လတွင် M.B.B.S ဘွဲ့ရရှိသည်။ ၁၉၆၄-ခုနှစ် မေလမှ ၁၉၆၅- ခုနှစ် ဧပြီလအထိတစ်နှစ်တာ အလုပ်သင်ဆရာဝန်ကို မင်္ဂလာဒုံတပ်မတော် အခြေစိုက် ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၅-ခုနှစ်ဇွန်လမှ ၁၉၇၁-ခုနှစ်၊ မတ်လအထိ ဆေးတက္ကသိုလ်(၁)၊ ဇီဝကမ္မဗေဒဌာနတွင်သရုပ်ပြဆရာ၊ ၁၉၇၁-ခုနှစ် မတ်လမှ ၁၉၇၆-ခုနှစ်၊ သြဂုတ်လထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်  လက်ထောက်ဆရာဝန်  တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဤကာလအတွင်း ၁၉၇၃-ခုနှစ်၊ စက်တင်ဘာလမှ ၁၉၇၆-ခုနှစ်၊ ဇန်နဝါရီလအထိ UK နိုင်ငံတွင် အရိုးရောဂါနှင့်ထိခိုက်ဒဏ်ရာကုပညာများကို လေ့လာသင်ကြားရင်း F.R.C.S ဘွဲ့ကို Royal College of Surgeons of Edinburgh မှ ၁၉၇၄-ခုနှစ်တွင်လည်းကောင်း၊ M.Ch.Orth ဘွဲ့ကို Liverpool University မှ ၁၉၇၅-ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။

၁၉၇၆-ခုနှစ်၊ စက်တင်ဘာလမှ ၁၉၈၀-ခုနှစ် ဇူလိုင်လအထိ ရန်ကုန်မြို့၊ အရိုးရောဂါကုဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်(အရိုးအထူးကု) အဖြစ်လည်းကောင်း၊ ၁၉၈၀-ခုနှစ်၊ သြဂုတ်လမှ ၁၉၉၀-ခုနှစ် စက်တင်ဘာလအထိ မန္တလေး အထွေထွေရောဂါကုဆေးရုုံကြီးတွင် အရိုးရောဂါအထူးကုဆရာဝန်ကြီး / ကထိကရာထူးဖြင့်လည်းကောင်း၊ ၁၉၉၀-ခုနှစ်၊ အောက်တိုဘာလမှ ၁၉၉၆-ခုနှစ် ဧပြီလထိ ဆေးတက္ကသိုလ်-မန္တလေး၊ အရိုးရောဂါပညာဌာနတွင် ပါမောက္ခဌာနမှူး အဖြစ်လည်းကောင်းတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၆-ခုနှစ်၊ ဧပြီလမှစပြီး ဆေးတက္ကသိုလ်-မန္တလေးတွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၀၅-ခုနှစ်၊ ဇူလိုင်လအကုန်တွင် အငြိမ်းစားယူခဲ့ပါသည်။

ပါမောက္ခချုပ်တာဝန်များ ထမ်းဆောင်စဉ် ၁၉၉၈-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် နိုင်ငံတော်မှ စီမံထူးချွန် (ပထမအဆင့်) ဆုတံဆိပ်ကို၎င်း၊ ၁၉၉၉-ခုနှစ်တွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ဂုဏ်ထူးဆောင် Dr.Med.Sc (Hon)ဘွဲ့ကို၎င်း၊ ၂၀၀၂-ခုနှစ်၊ ပြင်သစ်နိုင်ငံပညာရေးဝန်ကြီးဌာနမှ Plames Academiques ထူးချွန်ပညာရှင် ဆုတံဆိပ်ကို၎င်း ချီးမြှင့်ခြင်းများခံခဲ့ရသည်။ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း နိုင်ငံပေါင်း(၁၄)နိုင်ငံသို့ သွားရောက်ပြီး၊ ဆေးပညာနှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ လေ့လာရေးခရီးများကို သွားရောက်လေ့လာ ပါဝင်ဆွေးနွေးခဲ့သည်။

၂၀၁၁-ခုနှစ်၊ ဇန်နဝါရီ(၃၁)ရက်နေ့မှ ၂၀၁၆-ခုနှစ်၊ ဇန်နဝါရီ(၃၁)ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လူမှုရေးအသင်းဖွဲ့များတွင် လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများတွင်လည်းကောင်း၊ နိုင်ငံတကာအရိုးရောဂါကု ပညာရှင်အဖွဲ့များ (Western Pacific Orthopaedic Association (WPOA), Oversea British Orthopaedic Association (BOA) and  Society Francaise de Chirurgie Orthopaedique et Traumatologyque (SOFCOT) ၏အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ Myanmar Academy of Medical Sicences (MAMS) အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်လှုပ်ရှားခဲ့သည်။

ထို့ပြင် ယနေ့အထိ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)၏ နာယကအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ အရိုးရောဂါကု ဆရာဝန်အဖွဲ့၏ နာယကအဖြစ် လည်းကောင်း၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဇီဝိတဒါနဆေးရုံကြီး၏ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ဆေးကုသရေးနှင့် ဆေးနှင့်ဆေးပစ္စည်း ထိန်းသိမ်းရေး ဆပ်ကော်မတီ၏ ဥက္ကဌအဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စစ်တုရင် ဆပ်ကော်မတီ ဥက္ကဌအဖြစ်လည်းကောင်း၊ မန္တလေးမြို့ ဦးလှထွန်း(Cancer Foundation) ဆေးရုံ၏ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌအဖြစ်လည်းကောင်း ၊ မန္တလေးမြို့ ပုဂ္ဂလိက နန်းတော်ဆေးရုံကြီး၏ အကြံပေးအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်း၊ ဆေးတက္ကသိုလ်-မန္တလေး၏ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ၁၉၆၆-ခုနှစ်တွင် ဒေါက်တာ ညိုညိုသိန်းနှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ယောက်၊ မြေးလေးယောက် ထွန်းကားခဲ့သည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည်။

Comments

comments