ပါမောက္ခ ဦးသန်း၀င်း

ပါမောက္ခချုပ် - ငြိမ်း

MBBS MMedSc(OG) MRCOG DrMedSc(OG) DipMedEd FRCOG
ပါမောက္ခ ဒေါက်တာသန်းဝင်း ကို ဖခင် ပါမောက္ခဦးသန်းထွန်း (ပါမောက္ခချုပ်-ငြိမ်း၊ စိုက်ပျိုးရေးတက္ကသိုလ်) မိခင် ဒေါ်မြစိန် တို့က ၁၉၅၃ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မြန်မာ လူမျိုး၊ ဗုဒ္ဓဘာသာ ဖြစ်သည်။ သူငယ်တန်းမှ (၁၀)တန်းအထိ မန္တလေးမြို့ စိန့်ပီတာ/ အမှတ်(၉) အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် (၁၀)တန်းကို (၅)ဘာသာ ဂုဏ်ထူး၊ တနိုင်ငံလုံး အဆင့်(၇)ဖြင့် အောင်မြင်ကာ တက္ကသိုလ်ပညာသင်ဆု ရရှိခဲ့သည်။ ဆေးတက္ကသိုလ်-မန္တလေးတွင် ဆက်လက် ပညာသင်ယူခဲ့ရာ သင်တန်းကာလတလျောက် ခန္ဓာဗေဒ၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ၊ ခွဲစိတ်ပညာနှင့် သားဖွားမီးယပ်ပညာ ဂုဏ်ထူးများ ရရှိပြီး ၁၉၇၆ ခုနှစ် ဒီဇင်ဘာလတွင် MBBS ဘွဲ့ကို ရရှိခဲ့သည်။ အထက်တန်းကျောင်းနှင့် ဆေးတက္ကသိုလ်တို့တွင် လူရည်ချွန်ဆု (၅)ကြိမ် ရရှိခဲ့သည်။

ပြည်သူ့ဝန်ထမ်း အဖြစ် ၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဆေးတက္ကသိုလ်-မန္တလေး ခန္ဓာဗေဒ ဌာန၌ သရုပ်ပြဆရာဝန် တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဘွဲ့လွန်သင်တန်း တက်ရောက်ကာ ၁၉၈၆ ခုနှစ် ဇန်နဝါရီလတွင် MMedSc(OG) ဘွဲ့ကို ရရှိခဲ့သည်။ သားဖွားမီးယပ် သရုပ်ပြဆရာဝန် တာဝန်ကို ဆက်လက် ထမ်းဆောင်ရင်း ၁၉၉၂ ခုနှစ်တွင် အစိုးရပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံ University College Hospital, London နှင့် West Suffolk Hospital, Bury St. Edmunds တို့တွင် SHO နှင့် Registrar တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် MRCOG  ဘွဲ့ကို အောင်မြင်ရရှိခဲ့သည်။

၁၉၉၈ ခုနှစ် ဇန်နဝါရီလတွင် မုံရွာဆေးရုံကြီးသို့ သားဖွားမီးယပ် အထူးကုဆရာဝန် အဖြစ် ရာထူးတိုးမြှင့် ပြောင်းရွှေ့ရပြီး ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလတွင် သင်ကြားရေးဆေးရုံ- မန္တလေးသို့ ပြောင်းရွှေ့ရသည်။ ၂၀၀၁ ခုနှစ် ဇွန်လတွင် ဆေးတက္ကသိုလ်-မန္တလေး၊ သားဖွားမီးယပ် ပညာဌာနသို့  ကထိကအဖြစ် ရာထူးတိုး ပြောင်းရွှေ့ရပြီး ၂၀၀၃ ခုနှစ် ဧပြီလတွင် တွဲဖက်ပါမောက္ခရာထူးသို့ တိုးမြှင့် တာဝန် ပေးအပ်ခံရသည်။ ၂၀၀၃ ခုနှစ်တွင် DrMedSc(OG) ဆေးလက်တွေ့ပါရဂူဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် DipMedEd ဆေးပညာသင်ကြားရေး ဒီပလိုမာဘွဲ့၊ ၂၀၀၆ ခုနှစ်တွင် FRCOG ဘွဲ့များကို အောင်မြင်ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ် ဇွန်လတွင် ပါမောက္ခရာထူး တိုးမြှင့်တာဝန်ထမ်းဆောင်ရသည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလတွင် ဆေးတက္ကသိုလ်-မန္တလေး ဒုတိယပါမောက္ခချုပ် အဖြစ် တာဝန်ပေးအပ်ခံရပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် ပါမောက္ခချုပ် အဖြစ် တိုးမြှင့် တာဝန်ပေးခံရသည်။ ပြည်သူ့ဝန်ထမ်းသက် (၃၂)နှစ်ကျော် ၂၀၁၃ ဧပြီလတွင် သက်ပြည့်အငြိမ်းစား ယူသည်။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ကို ၁၉၉၇ ခုနှစ်တွင်ရရှိပြီး ၂၀၁၄ တွင် ဆေးတက္ကသိုလ်-မန္တလေး Emeritus Professor အဖြစ် ဂုဏ်ပြုချီးမြှင့် ခံရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ  မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်  ၁ (ချမ်းအေးသာစံ၊အောင်မြေသာဇံ၊ပုသိမ်ကြီး) အမျိုးသားလွှတ်တော် ကိုယ်စါးလှယ် အဖြစ် ရွေးချယ်ခြင်း ခံရသည်။ အမျိုးသားလွှတ်တော် ကျန်းမာရေး၊အားကစါး နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌ(၂) တာဝန်များ ထမ်းဆောင်လျက်ရှိသည်။
၁၉၇၇ ခုနှစ်တွင် မန္တလေးဆေးရုံကြီး၌ အလုပ်သင်ဆရာဝန် တာဝန်ကို ထမ်းဆောင်နေစဉ် အတန်းဖော် ဒေါက်တာနီနီတင် နှင့် လက်ထပ်ပြီး သမီး ၄ ဦး ထွန်းကားခဲ့သည်။
ကျောင်းသားဘဝတွင် ကျောင်းကောင်စီနှင့် တက္ကသိုလ် အသင်းအဖွဲ့များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သလို ဆရာဝန်ဘဝ သင်ကြားရေးဆရာဘဝ တလျှောက်လုံးတွင်လည်း မိမိတာဝန်ကျရာ နေထိုင်ရာ ကျောင်း၊ ဆေးရုံ၊ ရပ်ကွက်တို့၏ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသင်းအဖွဲ့ ကော်မတီများနှင့် ပရဟိတလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဆေးပညာသင်ကြားရေးသိပ္ပံ၊ ကွန်ပျူတာ နှင့် လူမှုကွန်ယက်ဆက်သွယ်ရေး၊ စာပေနှင့်အနုပညာ တို့ကို ဝါသနာပါသည်။ ဆရာဝန်အသင်း- မန္တလေး၊ လူရည်ချွန်အဖွဲ့- အထက်မြန်မာပြည်၊ စိန့်ပီတာ/အထက(၉) ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲအဖွဲ့ တို့တွင် ဥက္ကဌ၊ ထားဝယ်လူမှုရေးအသင်း- မန္တလေးတွင် နာယက၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုဦးစီးအဖွဲ့ဝင်၊ လူရည်ချွန်(၁၉၆၄-၈၈)အဖွဲ့ ဒု-ဥက္ကဌ အဖြစ် ပရဟိတ တာဝန်များ ထမ်းဆောင်ခဲ့သည်။

Comments

comments